ဇွန် ၁၉၊ ၂၀၁၅
M-Media
– ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၌ ချစားမှုပြဿနာများဖြင့် ရှုပ်ထွေးနေသည့်အချိန်တွင် ၂၀၁၈ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လျှောက်ထားမှုအတွက် နစ်နာကြေး တောင်းဆိုသွားမည်ဟု ဘယ်လ်ဂျီယံ တော်ဝင်ဘောလုံးအဖွဲ့ချုပ် KBVB က ပြောကြားလိုက်သည်။
၂၀၁၈ ကမ္ဘာ့ဖလားအား အိမ်ရှင်အဖြစ် ပူးတွဲကျင်းပနိုင်ရေးအတွက် ဘယ်လ်ဂျီယံမှာ နယ်သာလန်နှင့်အတူ လွန်ခဲ့သည့် ၅ နှစ်က ပူးတွဲ လျှောက်ထားခဲ့သော်လည်း လျှောက်ထားသူ ၄ ဦးတွင် ၎င်းတို့မှာ တတိယနေရာသာ ရရှိကာ ရုရှားက ကျင်းပခွင့် ရရှိခဲ့သည်။
ယခင်နှင့်ယခု တာဝန်ရှိသူ ၉ ဦး တရားစွဲဆိုခံရခြင်း၊ ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ရွေးချယ်မှုတွင် လာဘ်ယူသည်ဟု သံသယရှိခြင်းတို့ အပါအ၀င် ချစားမှုကိစ္စရပ်များအတွက် ဖီဖာမှာ အက်ဖ်ဘီအိုင်၏ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုများကို ခံနေရသည်။
ထို့ပြင် ဆွစ်ဇာလန် အာဏာပိုင်များကလည်း လာဘ်ယူမှုအတွက် ဖီဖာအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကာ KBVB ဥက္ကဌ ဖရန်ကိုအစ် ဒီ ကီးရ်စ်မေကာက အကယ်၍ ဖီဖာ၏ ချစားမှုအထောက်အထားများ ထင်ရှားပါက နစ်နာကြေး ယူရို ၄.၃ သန်း တောင်းဆိုသွားရန် စီစဉ်နေသည်။
“ဒီလိမ်လည်မှုကို သက်သေပြနိုင်ပြီဆိုရင် ကျွန်တော်တို့ ဆုံးရှုံးမှုကို တောင်းဆိုသင့်တယ်ဆိုတာ ကျွန်တော့်အတွက်တော့ ထင်ရှားသွားပါပြီ။ ဒီကိစ္စအတွက် ကျွန်တော်တို့ ဘောလုံးအဖွဲ့ချုပ်ဟာ ငွေကြေးတော်တော်များများကို သုံးစွဲခဲ့ပါတယ်” ဟု ကီးရ်စ်မေကာက ဘယ်လ်ဂျီယံ သတင်းစာ Het Nieuwsblad သို့ ပြောကြားခဲ့သည်။
ဆွစ်ဇာလန် တရားသူကြီးချုပ် မိုက်ကယ်လောင်ဘာကမူ လာဘ်ယူမှုကိစ္စနှင့် ပတ်သက်၍ ဘဏ်ငွေလွှဲမှု ၅၃ ခုကို စစ်ဆေးနေသည်ဟု ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။ ဆွစ်ဇ်အာဏာပိုင်များမှာ ဖီဖာရုံးချုပ်မှ ၂၀၁၈၊ ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့မှုနှင့်ပတ်သက်၍ အချက်အလက်များကိုလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သိမ်းဆည်းခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.