ဇွန် ၂၃၊ ၂၀၁၅
M-Media
– အသင်းအပေါ်၌ တင်ရှိနေသည့် အကြွေးများအား ပေးဆပ်နိုင်ရန်အတွက် တတိယအကြိမ်မြောက် ပိုင်ရှင်သစ်ရှာဖွေမှု မအောင်မမြင်ဖြစ်ခဲ့သည့် အီတလီကလပ် ပါးမားအသင်းမှာ အီတလီ အပျော်တမ်းလိဂ် စီးရီး ဒီ သို့ တန်းဆင်းသွားခဲ့ရသည်ဟု သိရသည်။
“အသင်းရဲ့ အားကစားဆိုင်ရာ လုပ်ပိုင်ခွင့်တွေအတွက် ကမ်းလှမ်းလာသူမရှိဘူးလို့ ပါးမားအက်ဖ်စီရဲ့ စီမံခန့်ခွဲသူတွေဖြစ်တဲ့ အိန်ဂျယ်လို အန်နက်ဒါနဲ့ ဒေါက်တာ အလ်ဘာတို ဂူအင်တို့က ၂၀၁၅ ခုနှစ် ဇွန်လ ၂၂ ရက် နေ့လည် ၂ နာရီမှာ ဆက်သွယ်အကြောင်းကြားလာပါတယ်။ ဒေ၀ါလီခံမယ့် လုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့ စီစဉ်မှုတွေလုပ်ဖို့ လာမည့်အချိန်တွေမှာ စီမံခန့်ခွဲသူတွေဟာ အကြွေးရှင်တွေရဲ့ ကော်မတီ၊ တရားသူကြီး ဒေါက်တာ ပီယက်ထရို ရိုဂါတိုတို့နဲ့ တွေ့ဆုံသွားပါမယ်” ဟု ပါးမားအသင်း၏ လွှင့်တင်ထားသည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ယူအီအက်ဖ်အေဖလားကို နှစ်ကြိမ်ရရှိထားပြီး သမိုင်းကြောင်းကောင်းများရှိခဲ့သည့် ပါးမားအသင်းမှာ ယခုနှစ်မတ်လတွင် ဒေ၀ါလီခံခဲ့ပြီဟု ကြေညာခဲ့သည်။ ထို့ကြောင့် အသင်းအား အကြွေးနွံထဲမှ ကယ်တင်ရန်အတွက် ပိုင်ရှင်သစ်ရှာဖွေခဲ့ရပြီး ၀ယ်ယူမည့် အလားအလာရှိသူ ၂ ဦးကို တွေ့ခဲ့ရသော်လည်း ရောင်းဝယ်မှုမှာ ဖြစ်မလာခဲ့ပေ။
ထို့ကြောင့် ပြီးခဲ့သည့်နှစ်က စီးရီးအေမှ စီးရီးဘီသို့ တန်းဆင်းသွားရသည့် ပါးမားအသင်းမှာ အီတလီအပျော်တန်းလိဂ်ဖြစ်သော စီးရီးဒီတွင် သွားရောက် ကစားရတော့မည်ဖြစ်သည်။
စီးရီးအေတွင် ကစားစဉ် အမှတ်ပေးဖလား ရရှိခဲ့ခြင်း မရှိသော်လည်း ၁၉၉၀ ပြည့်နှစ်များတွင် ပါးမားအသင်းမှာ ယူအီးအက်ဖ်အေဖလား ၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။
၂၀၁၄-၁၅ ဘောလုံးရာသီတွင် ပါးမားမှာ ဥရောပပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သော်လည်း အခွန် ယူရို ၃ သိန်း မပေးနိုင်သည့်အတွက် ပြိုင်ပွဲတွင် ၀င်ရောက်ကစားခွင့် ငြင်းပယ်ခံခဲ့ရသည်။
Ref : the mirror
Leave a Reply
You must be logged in to post a comment.