ဇွန် ၂၈၊ ၂၀၁၅
M-Media
– ၀တ်ပြုကိုးကွယ်ရန် လာရောက်ကြသူများအား မျက်နှာစကန်ဖတ်သည့် ဆော့ဖ်ဝဲဖြင့် မှတ်တမ်းတင်ခြင်း အစီအစဉ်ကို ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်ဘုရားကျောင်းတွင် စတင်ဆောင်ရွက်နေသည်ဟု သိရသည်။
Churchix ဟုခေါ်သည့် အဆိုပါ ဆော့ဖ်ဝဲကို အမေရိကန်၊ အင်ဒိုနီးရှား၊ အိန္ဒိယနှင့် ပေါ်တူကီနိုင်ငံများရှိ ခရစ်ယာန်ဘုရားကျောင်းပေါင်း ၃၀ ခန့်က သုံးစွဲနေခြင်းဖြစ်ကာ ထို ဆော့ဖ်ဝဲကို အမေရိကန်-အစ္စရေး ကုမ္ပဏီဖြစ်သော Face-Six က အထူး ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။
“အစကတော့ ကျွန်တော် အံ့အားသင့်ခဲ့ပါတယ်။ ဘုရားကျောင်းတွေဟာ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေဖြစ်နိုင်တဲ့ အလားအလာရှိတယ်လို့ ကျွန်တော်တို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ လိုအပ်ချက်ကို နားလည်သွားပါပြီ။ ဘုရားကျောင်းအများစုဟာ သူတို့ရဲ့ အဖွဲ့ဝင်တွေကို စောင့်ကြည့်နေကြပါပြီ” ဟု အဆိုပါကုမ္ပဏီမှ စီအီးအို မိုရှေး ဂရင်းရှ်ပန်က ပြောကြားခဲ့သည်။
ဘုရားကျောင်းတက်သူများ၏ အရည်အသွေးမြင့် ဓာတ်ပုံများအား သိမ်းထားသည့် ဒေတာဘေ့စ်နှင့် CCTV တို့ထက် ပိုမိုကောင်းမွန်မည့် အဆိုပါဆော့ဖ်ဝဲမှာ ၀တ်ပြုကိုးကွယ်ရန် လာရောက်သူများကိုစောင့်ကြည့်ရာတွင် အသုံးဝင်မည်ဖြစ်ပြီး ၀တ်ပြုမှု ပျက်ကွက်သူများ ရှိပါက ဘုရားကျောင်းတာဝန်ရှိသူများအား အသိပေးနိုင်မည်ဖြစ်သည်။
ထို့ပြင် ဒေသတွင်း နာမည်ပျက်စာရင်းရှိသော ရာဇ၀တ်သားများ၊ လိင်ပိုင်းဆိုင်ရာကျူးလွန်သူများ ဘုရားကျောင်းသို့ ၀င်ရောက်လာသည့်ခါတွင် အသိပေးရန်အတွက်လည်း အဆိုပါနည်းပညာကို အသုံးပြုနိုင်မည်ဖြစ်သည်။
ဂရင်းရှ်ပန်ကမူ ဘုရားကျောင်းသို့ လာရောက်သူများက ၎င်းတို့၏ ဆန္ဒဖြင့် ကင်မရာရှေ့တွင် စစ်ဆေးခံကာ ပွင့်ပွင့်လင်းလင်း အသုံးပြုပါက ပို၍ ထိရောက်မည်ဖြစ်ကာ ဘုရားကျောင်းများကလည်း ထိုကဲ့သို့ ဆောင်ရွက်မှုအတွက် လူများအား အသိပေးလိုသည့် ဆန္ဒမရှိဟု ထည့်သွင်းပြောကြားခဲ့သည်။
“ဘုရားကျောင်းက လူတွေကို အသိပေးမယ်လို့ ကျွန်တော် မထင်ပါဘူး။ အသိပေးဖို့ကိုတော့ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်။ ဒါပေမယ့် သူတို့ လုပ်လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ အဓိကမေးခွန်းက လူတွေ ဘုရားဝတ်ပြုဖို့လာတာကို ဘုရားကျောင်းတွေက နည်းပညာနဲ့ ဒါမှမဟုတ် ရိုးရိုလက်မှတ်ထိုးတဲ့ ပုံစံနဲ့ စောင့်ကြည်သင့်လားဆိုတာပဲ ဖြစ်ပါတယ်”
Ref: PressTV


Leave a Reply
You must be logged in to post a comment.