News @ M-Media

ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်ရေး တာဝန်ရှိသူဟောင်းကို ဖီဖာ ပြစ်ဒဏ်ချ

ဇူလိုင် ၇၊ ၂၀၁၅
M-Media

fifa

– ၂၀၁၈နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ကမ်းလှမ်းမှုအား ဆန်းစစ်တွက်ချက်ရေးအဖွဲ့မှ ဥက္ကဌဟောင်းဖြစ်သူ မေနီ-နီခိုးလ်စ်အား ဘောလုံးလောကနှင့် စက်ဆပ်သည့် လှုပ်ရှားမှုများတွင် ၇ နှစ် ပါဝင်ဆောင်ရွက်ခြင်းမပြုရန် ဖီဖာက တားမြစ်ပိတ်ပင်လိုက်သည်ဟု သိရသည်။

ချီလီဘောလုံးအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌဟောင်းဖြစ်ခဲ့သူ နီခိုးလ်စ်ကို ဖီဖာ၏ လွတ်လပ်သော ကျင့်ဝတ်ဆိုင်ရာကော်မတီမှ တရားစီရင်ရေးအဖွဲ့က ယမန်နေ့တွင် ထိုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

သို့သော်လည်း ပိတ်ပင်ရသည့် အကြောင်းအရင်း အသေးစိတ်ကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ “နောက်ဆုံး ဆုံးဖြတ်ချက် အတည်ဖြစ်ပြီးတဲ့နောက်မှာ အသေးစိတ် သတင်းအချက်အလက်ကို ထုတ်ပြန်သွားပါမယ်” ဟု ဖီဖာ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို ရုရှားနှင့် ကာတာနိုင်ငံတို့က ရရှိခဲ့သော်လည်း ၎င်းတို့ အိမ်ရှင်အဖြစ် လျှောက်ထားခြင်းလုပ်ငန်းစဉ်ကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ကာ ဆွစ်ဇာလန်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

ဖီဖာတာဝန်ရှိသူများ၊ ရုရှားနှင့် ကတာတာနိုင်ငံတို့မှ တာဝန်ရှိသူများက ထိုလုပ်ငန်းစဉ်တွင် မည်သည့်မှားယွင်းမှုမှ မရှိဟု ပြောဆိုခဲ့သော်လည်း အိမ်ရှင်အဖြစ်ရွေးချယ်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် နီခိုးလ်စ်အား ဖီဖာက ယခုကဲ့သို့ အပြစ်ပေးခဲ့ခြင်းအတွက် ၂၀၁၈၊ ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှု သံသယကို မြင့်တက်လာစေခဲ့သည်။

Ref: Goal

Comments

Leave a Reply