News @ M-Media

နေးမာကို အသင်း၌ပင် အနားယူစေချင်သည်ဟု ဘာကာဥက္ကဌဆို

သြဂုတ် ၂၅၊ ၂၀၁၅
M-Media

naymar

– မန်ယူက ခေါ်ယူရန် အလွန်အမင်း စိတ်ဝင်စားနေသည့် နေးမာအား အသင်းတွင်ပင် ကစားသမားဘ၀ကို အဆုံးသတ်စေချင်သည်ဟု ဘာစီလိုနာဥက္ကဌ ဂျိုးဆက်ပ် မာရီယာ ဘာတိုမြူက ပြောကြားလိုက်သည်။

နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် မန်ယူမှာ နေးမာအား စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စဉ်းစားနေပြီး နေးမာကလည်း အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေသည်ဟု သတင်းများက ဖော်ပြကြသည်။

သို့သော်လည်း ဘာတိုမြူကမူ မိမိတို့မှာ ပြီးခဲ့သည့်နှစ် ဖလားသုံးလုံးရခဲ့မှုအတွင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သော နေးမာအား ရောင်းချရန် စိတ်ကူးမရှိဘဲ မကြာမီ နေးမာအား ကာလရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားမည်ဟု ဆိုသည်။

“နေးမာ အသင်းကထွက်ခွာသွားတာကို ကျွန်တော်တို့ မလိုချင်ပါဘူး။ သူက ငယ်သေးပြီး အသင်းမှာပဲ ကစားသမားဘ၀ အဆုံးသတ်စေချင်ပါတယ်။ လာမယ့်လပိုင်းအချိန်လောက်မှာ ကျွန်တော်တို့ဟာ နေးမာကို စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးသွားမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ သူ ဒီမှာ ရှိကိုရှိနေရမှာပါ။ နောက်ထပ် ၃ နှစ်မဟုတ်ပါဘူး၊ လေးငါးဆယ်နှစ်လောက်ပါ” ဟု ဘာတိုမြူက Radio Catalunya သို့ ပြောကြားခဲ့သည်။

နေးမာမှာ ဘာစီလိုနာသို့ ၂၀၁၃ ခုနှစ်က ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းမှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပြဿနာနှင့် အပြောင်းအရွှေ့အရှုပ်အထွေး ပြဿနာများကို ရင်ဆိုင်ခဲ့ရသည့် နေးမာမှာ ပထမဆုံးရာသီတွင် အကောင်းဆုံးပုံစံပြသရန် ရုန်းကန်ခဲ့ရသည်။

သို့သော်လည်း ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ထင်ရှားသည့်ကစားသမား ဖြစ်လာခဲ့ပြီး ပြိုင်ပွဲအားလုံးတွင် ဘာစီလိုနာအတွက် ၅၁ ပွဲကစားကာ ၃၉ ဂိုး သွင်းယူနိုင်ခဲ့သည်။

Ref: Goal

Comments

Leave a Reply