စက်တင်ဘာ ၂၅၊ ၂၀၁၅
M-Media
– အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးမှာ ရှုံးပွဲများအတွက် ဒိုင်များကို အမြဲတမ်း ပြစ်တင်လေ့ရှိပြီး၊ အောင်မြင်မှုမရသော်လည်း ဘုရင်တစ်ပါးကဲ့သို့ တည်မြဲနေသည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ဝေဖန်ပြောကြားလိုက်သည်။
ဝင်းဂါးနှင့် မော်ရင်ဟိုတို့အကြားတွင် အငြင်းပွားမှုများ ရှိနေပြီး ရှည်လျားသည့် စကားစစ်ထိုးမှု သမိုင်းကြောင်းလည်း ရှိနေသည်။ ပြီးခဲ့သည့်တစ်ပတ် လန်ဒန်ဒါဘီပွဲတွင် ချယ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာကြောင့် အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ် အထုတ်ခံခဲ့ရပြီးနောက် ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ပိုမို ဆိုးရွားလာခဲ့သည်။
“ဒီနိုင်ငံမှာ ဖိအားမရှိတဲ့ နည်းပြဟာ တစ်ယောက်တည်းသာ ရှိပါတယ်။ အခြားနည်းပြတွေကတော့ ဖိအားရှိပြီး၊ ကျွန်တော့်မှာလည်း ဖိအားရှိပါတယ်။ ကျွန်တော်တို့ဟာ စံနှုန်းအောက်ရောက်လို့မရပါဘူး။ ရည်မှန်းချက်တွေကိုလည်း ပြည့်မီအောင် ဆောင်ရွက်ရပါတယ်” ဟု မော်ရင်ဟိုက ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အာဆင်ဝင်းဂါး၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ၎င်း၏ ပြောကြားမှုများကို ကြည့်ခြင်းအားဖြင့် ၀င်းဂါးကိုသာ ရည်ညွှန်းကြောင်း ပေါ်လွင်နေသည်။ မည်သည့် နည်းပြအား ရည်ရွယ်သလဲဟု မေးမြန်းခဲ့ရာ မော်ရင်ဟိုက
“ပွဲမတိုင်ခင်နဲ့ ပွဲအပြီးမှာ ဒိုင်လူကြီးတွေအကြောင်း ဝေဖန်သူတစ်ယောက်ပါ။ သူက လူတွေကို နည်းစနစ်ပိုင်းကို တွန်းပို့နိုင်တယ်၊ ညည်းတွားတယ်။ မနက်ပိုင်း၊ နေ့ခင်းပိုင်းတွေမှာလည်း ငိုပါတယ်။ ဒါပေမယ့် ဘာမှတော့ ဖြစ်မလာပါဘူး။ သူ အောင်မြင်မှုမရဘူး။ အလုပ်လည်းမပြုတ်ပါဘူး။ ဘုရင်တစ်ယောက်လိုပါပဲ။ တစ်ယောက်သောသူကို ကျွန်တော် ပြောနေတာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဒါဘီပွဲအဖြစ်အပျက်တွက် FA က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဒီယေဂိုက်ေစတာမှာ အကြမ်းဖက်လိုသော အပြုအမူကို ပြုလုပ်သည်ဟု တွေ့ရှိခဲ့ရပြီး ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။
Ref: Dailymail
Leave a Reply
You must be logged in to post a comment.