News @ M-Media

ဆောက်သက်တမ်ပွဲတွင် လူစားဝင်မာတစ်ကို ချက်ခြင်းပြန်ထုတ်မှု မော်ရင်ဟိုဖြေရှင်း

အောက်တိုဘာ ၄၊ ၂၀၁၅
M-Media

chel

– ယမန်နေ့က ဆောက်သက်တမ်အား ရှုံးနိမ့်ခဲ့သောပွဲတွင် ကွင်းလယ်လူမာတစ် လူစားဝင်ကစားခဲ့ပြီးနောက် ချက်ခြင်း ပြန်လည်လူစားလဲခဲ့ခြင်းမှာ ၎င်းအား အရှက်ရအောင် ပြုလုပ်ခြင်းမဟုတ်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

ဝီလီယံ၏ ဖရီးကစ်ဖြင့် ဦးဆောင်ဂိုးရခဲ့သည့် ချယ်ဆီးမှာ ၃ ဂိုးပြန်ပေးခဲ့ရကာ မော်ရင်ဟိုလက်ထက် အိမ်ကွင်း၌ ၃ ဂိုးပေး ရှုံးနိမ့်ရသည့် ပထမဆုံးပွဲလည်း ဖြစ်ခဲ့သည်။ ၁ ဂိုးစီသရေကျနေပြီးနောက် မာတစ်မှာ ဒုတိယပိုင်းတွင် ရာမီးရက်စ်အစား ၀င်ရောက်လာခဲ့ကာ ဆောက်သက်တမ်မှ ဂရာဇီယာနိုပီလီက ဒုတိယဂိုး သွင်းယူခဲ့ပြီးနောက် မော်ရင်ဟိုမှာ မာတစ်ကို ရီမီနှင့် ချက်ခြင်းဆိုသလိုပင် လူစားလဲခဲ့သည်။

“ဒါဟာ အရှက်ရအောင်လုပ်တာ မဟုတ်ပါဘူး။ ဘောလုံးမှာရော၊ ကျွန်တော့်ဘ၀မှာပါ ဒီလိုမျိုး ဘယ်သူ့ကိုမှ မလုပ်ခဲ့ပါဘူး။ ကစားသမားတွေနဲ့ ဆက်ဆံရတယ်ဆိုတာက မလွယ်ပါဘူး။ သူတို့ကို ကျွန်တော်ချစ်တယ်။ ယုံတယ်။ သူတို့ဟာ ကစားသမားကောင်းတွေဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် သူတို့အထဲက တစ်ချို့က ခက်ခဲတဲ့အချိန် ရောက်နေပါတယ်။ မာတစ်ဟာ အဲဒီထဲက တစ်ယောက်ပါ။ သူ ကောင်းကောင်း မကစားနိုင်ပါဘူး။ ခံစစ်ကိုလည်း ကောင်းကောင်းမကူနိုင်ပါဘူး။ သူဟာ အမှားတွေလုပ်နေပြီး အကောင်းဆုံး ဆုံးဖြတ်ချက်ကိုလည်း မချနိုင်ပါဘူး” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ထို့ပြင် ရာမီးရက်စ်မှာ အ၀ါကဒ်ထိထားသောကြောင့် မာတစ်နှင့် လူစားလဲခဲ့ခြင်းဖြစ်ပြီး၊ ဂိုးပေးလိုက်ရပြီးနောက် တိုက်စစ်မှူးနောက်တစ်ဦး ထည့်ချင်သောကြောင့် မာတစ်ကို ထုတ်လိုက်ရခြင်းဖြစ်ပြီး အရှက်ခွဲခြင်းမဟုတ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Ref: Goal

Comments

Leave a Reply