အောက်တိုဘာ ၂၂၊ ၂၀၁၅
M-Media
– မိမိ၏ နောက်ဆုံးရုပ်ရှင်တွင် မွတ်စလင်အမျိုးသမီးတစ်ဦးအဖြစ် သရုပ်ဆောင်ရန်အတွက် ဟိဂျဘ်ကို အစမ်း ၀တ်ကြည့်လိုက်သည့် အခါတွင် ယခင်မရရှိခဲ့သည့် တည်ငြိမ်အေးချမ်းမှုကို ရရှိလိုက်သည်ဟု ဂျာမနီ လူငယ်မင်းသမီး အေဗာ စီလစ်က ပြောကြားလိုက်သည်။
“ဟိဂျဘ်ပုဝါကို ၀တ်ဆင်လိုက်တဲ့အခါ ကျွန်မရဲ့မျက်နှာ ကြည်လင်သွားတာကို တွေ့ခဲ့ရပါတယ်။ ပြီးတော့ ထူးခြားတဲ့ခံစားမှုကိုလည်း အဲဒီတစ်ခဏမှာ ခံစားခဲ့ရပါတယ်။ အဲဒါဟာ ကျွန်မ သရုပ်ဆောင်ရမယ့် နေရာအတွက် ပြင်ဆင်တာပါ။ ဒါကို ၀တ်ဆင်လိုက်တဲ့အချိန်မှာ ကျွန်မဟာ သိက္ခာရှိသလို ခံစားခဲ့ရပြီး ထူခြားတဲ့ တည်ကြည်လေးနက်မှုကိုလည်း ရရှိခဲ့ပါတယ်” ဟု စီလစ်က ဂျာမန်သတင်းစာ တစ်စောင်ဖြစ်သော Bild သို့ ပြောကြားခဲ့သည်။
ဂျာမနီ ရုပ်သံလိုင်းတစ်ခုဖြစ်သော ZDF က ရိုက်ကူးမည့် ရုပ်ရှင်ကားတွင် အသက် ၂၅ နှစ်အရွယ် စီလစ်မှာ ဘာလင်အထက်တန်းကျောင်းတစ်ခု၌ ကျောင်းတက်နေသော Sevda ဆိုသည့် မွတ်စလင် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးအဖြစ် သရုပ်ဆောင်ရမည်ဖြစ်သည်။
အဆိုပါဇာတ်ကားမှာ ဂျာမနီလူ့အဖွဲ့အစည်းအတွင်း မွတ်စလင်များ တစ်သားတည်းရှိမှုကို ဖော်ပြရန်နှင့် မွတ်စလင်အမျိုးသမီးများမှာ ဖိနှိပ်ဖယ်ကျဉ်ခြင်း ခံရသည်ဟု ထင်နေသော သမရိုးကျအမြင်များကို ဖယ်ရှားရန်အတွက် ရည်ရွယ်ရိုက်ကူးခြင်းဖြစ်သည်။
ဟိဂျဘ်ဝတ်ဆင်မှုနှင့်ပတ်သက်၍ ပတ်ဝန်းကျင်၏ တုန့်ပြန်မှုကိုလည်း စီလစ်က ဖွင့်ဟခဲ့သည်။
“လမ်းပေါ်မှာဆို ကျွန်မကို နှစ်ကြိမ်၊ သုံးကြိမ်လောက် ပြန်လှည့်ကြည့်တာမျိုးတွေ ကြုံရပါတယ်။ ဒါပေမယ့် ကျွန်မကို ဘာ့ကြောင့် အဲဒီလိုလှည့်ကြည့်မှန်း တကယ်ကို စဉ်းစားမရဘူး”
ဂျာမနီမှာ ဥရောပတွင် ပြင်သစ်ပြီးနောက် ဒုတိမြောက် အစ္စလာမ်ဘာသာဝင်အများစုရှိရာ နိုင်ငံဖြစ်ပြီး နိုင်ငံလူဦးရေ ၈၂ သန်းတွင် ၅ ရာခိုင်နှုန်းခန့် ရှိလေသည်။
Ref: Onislam
Leave a Reply
You must be logged in to post a comment.