နိုဝင်ဘာ ၅၊ ၂၀၁၅
M-Media
– လက်ဝှေ့လောကမှ အနားယူသွားခဲ့သည့် အမေရိကန်လက်ဝှေ့ကျော် ဖလွိုက်မေ၀ယ်သာနှင့် ပက်ကွီအိုတို့မှာ မကျေပွဲအဖြစ် ပြန်လည်ထိုးသတ်ကြလိမ့်မည်ဟု ပက်ကွီအို၏ လက်ဝှေ့နည်းပြ ဖရက်ဒီ ရိုအာ့ခ်ျက ပြောကြားလိုက်သည်။
၎င်းတို့နှစ်ဦးမှာ ပြီးခဲ့သည့်မေလက ထိုးသတ်ခဲ့ပြီး ရာစုနှစ်၏ အကောင်းဆုံးပွဲအဖြစ် သတ်မှတ်ခံခဲ့ရသည့် ထိုပွဲတွင် ပက်ကွီအိုက အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း ပက်ကွီအိုကမူ ၎င်းမှာ လေ့ကျင့်စဉ် ပုခုံး၌ ဒဏ်ရာရရှိခဲ့သောကြောင့် စွမ်းဆောင်ရည် အပြည့်အ၀ ပြသနိုင်ခြင်းမရှိခဲ့ဟု ပွဲအပြီး၌ ပြောကြားခဲ့သည်။
ထိုဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရသည့် ပက်ကွီအိုမှာ လာမည့်နှစ်ဆန်းပိုင်းတွင် လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ရှိနေပြီး၊ အနားယူသွားခဲ့သည့် မေ၀ယ်သာ လက်ဝှေ့ပြန်ထိုးပါက မကျေပွဲနွှဲချင်သည်ဟု မကြာခဏ ပြောကြားခဲ့သည်။
“ပုခုံးဒဏ်ရာ မရခဲ့ဘူးဆိုရင် ပက်ကွီအိုက လက်ဝှေ့သမားကောင်းဖြစ်ပြီး ပွဲကလည်း ကြည့်လို့လှမှာပါ။ ကျွန်တော်ကတော့ ဖလွိုက်မေ၀ယ်သာဟာ နောက်ထပ်တစ်ကြိမ် ပြန်ထိုးမယ်လို့ ထင်ပါတယ်။ ရပေါက်ရလမ်းက သိပ်များတယ်လေ။ သူတို့ ဘယ်အလွတ်ခံလိမ့်မလဲ” ဟု ရိုအာ့ခ်ျက ပြောကြားခဲ့သည်။
ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းကလည်း ပက်ကွီအိုနှင့် ထိုးသတ်ရန် ကြိုးစားနေသည်။
Ref: Dailymail
Leave a Reply
You must be logged in to post a comment.