ဒီဇင်ဘာ ၁၊ ၂၀၁၅
M-Media
– ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမာဆု Ballon d’Or ၏ ဇကာတင်စာရင်းတွင် မိမိတို့အသင်းဖော် ဆွာရက်ဇ် ပါဝင်သင့်သည်ဟု ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် နေးမာတို့က ပြောကြားလိုက်သည်။
၂၀၁၄-၁၅ လာလီဂါအကောင်းဆုံးဆု ချီးမြှင့်ပွဲအခမ်းအနားတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ထိုဆုပေးပွဲတွင် မက်ဆီမှာ အကောင်းဆုံး ကစားသမားနှင့် အကောင်းဆုံး တိုက်စစ်မှူးဆု ၂ ဆုကို ဆွတ်ခူးနိုင်ခဲ့ကာ နေးမာမှာ အကောင်းဆုံး အမေရိက ကစားသမားဆုကို ရရှိခဲ့သည်။
ရော်နယ်ဒိုမှာ ပြီးခဲ့သည့်နှစ်က Ballon d’Or ဆုကို ရရှိခဲ့ပြီး ယခုနှစ်တွင်လည်း မက်ဆီ၊ နေးမာတို့နှင့်အတူ ဇကာတင်စာရင်းတွင် ပါဝင်နေသည်။
မက်ဆီ၊ ဆွာရက်ဇ်နှင့် နေးမာတို့၏ MSN အတွဲမှာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တစ်နှစ်လုံးတွင် စုစုပေါင်း ၁၂၅ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဥရောပရှိ အခြားမည်သည့်အသင်းမှ ထိုစံချိန်ကို လိုက်မမီခဲ့ပေ။
“Ballon d’Or ဇကာတင်စာရင်းမှာ ပါဝင်ခွင့်ရတာဟာ တော်တော်လေး အဓိပ္ပါယ်ရှိပါတယ်။ ဆွာရက်ဇ်ကလည်း အဲဒီအထဲမှာ ပါဝင်သင့်ပါတယ်။ ဒါပေမယ့် မက်ဆီကတော့ ရေပန်းအစားဆုံးပါ။ သူဟာ ကျွန်တော့်အတွက် နံပါတ် ၁ ပါပဲ။ MSN အတွဲရဲ့ လျှို့ဝှက်ချက်လား – သူငယ်ချင်းသံယောဇဉ်နဲ့ တည်ငြိမ်မှုပါပဲ။ လီယို (မက်ဆီ) နဲ့ လူးဝစ် (ဆွာရက်ဇ်) တို့ဟာ သူငယ်ချင်းကောင်းတွေပါ” ဟု နေးမာက ဆုပေးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
ဆုရရှိရန် ရေပန်းအစားဆုံး ဖြစ်နေသည့် မက်ဆီကလည်း “Ballon d’Or ယှဉ်ပြိုင်မှုမှာ ကျွန်တော်ဟာ နေးမာနဲ့ လူးဝစ်တို့နဲ့အတူ ဖြစ်ချင်ပါတယ်။ လူးဝစ်က အဲဒါနဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ခရစ္စတီယာနိုလည်း ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့အချိန်တွေ ရရှိမှာပါ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
Ref: Dailymail


Leave a Reply
You must be logged in to post a comment.