News @ M-Media

ပြည်သူ့အကျိုးသယ်ပိုးရန် လက်ဝှေ့လောကမှအနားယူခြင်းဟု ပက်ကွီအိုပြော

ဇန်န၀ါရီ ၂၀၊ ၂၀၁၆
M-Media

box

– တီမိုသီ ဘရက်ဒလေနှင့် ထိုးသတ်ပြီးနောက်ပိုင်း လက်ဝှေ့လောကကို ကျောခိုင်းရမည်မှာ ၀မ်းနည်းစရာဖြစ်သော်လည်း ပြည်သူ့အကျိုးသယ်ပိုးရန် ယခုအချိန်မှာ အချိန်ကောင်းဖြစ်သည်ဟု ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုက ပြောကြားလိုက်သည်။

အသက် ၃၇ နှစ်အရွယ် ပက်ကွီအိုမှာ ဧပြီလ ၇ ရက်နေ့တွင် ဘရက်ဒလေနှင့် ထိုးသတ်ပြီးနောက် လက်ဝှေ့လောကမှ အနားယူမည်ဟု ကြေငြာခဲ့သည်။ ပက်ကွီအိုမှာ လက်ရှိအချိန်တွင် ဖိလစ်ပိုင်၌ အောက်လွှတ်တော်အမတ်ဖြစ်နေပြီး လာမည့် ရွေးကောက်ပွဲတွင် အထက်လွှတ်တော်အမတ်ဖြစ်ရန် ပစ်မှတ်ထားနေသည်။

“လက်ဝှေ့လောကို စွန့်လွှတ်လိုက်ရမှာ ကျွန်တော် ၀မ်းနည်းမိပါတယ်။ ဒါပေမယ့် တစ်သက်လုံးတော့ ကြိုးဝိုင်းထဲမှာ ဘယ်နေလို့ရမလဲ။ ကျွန်တော့်မိသားစု၊ ကျွန်တော့်အမေကို ကူညီဖို့ လက်ဝှေ့စထိုးခဲ့ပြီး အဲဒီနှစ်တွေကို ကုန်ဆုံးခဲ့ပါတယ်။ အခုတော့ ကျွန်တော့်နှလုံးသားထဲက ဆန္ဒဟာ ကျွန်တာ့်တိုင်းပြည်နဲ့ ကျွန်တော့်ပြည်သူတွေကို ကူညီဖို့ ဖြစ်လာတာကြောင့် လက်ဝှေ့သမားဘ၀ကို အဆုံးသတ်ချင်ပါတယ်”

“ဘ၀မှာ အကြီးအကျယ်ဆုံးအောင်မြင်မှုဆိုတာ ကိုယ့်အတွက် လုပ်နိုင်တာကို ပြောတာမဟုတ်ပါဘူး။ ပြည်သူ့အတွက် လုပ်ပေးနိုင်တာကို ပြောတာပါ။ ဘ၀ဆိုတာ တိုတိုလေးပါ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ဖို့၊ စည်းလုံးညီညွတ်မှုကိုပြကြဖို့ အရေးကြီးပါတယ်။ ဒီလို နောက်ဆုံးပွဲ ထိုးသတ်ခွင့်ရတာလည်း ကြီးမားတဲ့ အခွင့်အလမ်းပါပဲ” ဟု ပက်ကွီအိုက ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် ဘရက်ဒလေနှင့် ပရိုမိုးရှင်းပွဲ၌ ပြောကြားခဲ့သည်။

ပက်ကွီအိုနှင့် ဘရက်ဒလေတို့၏ တွေ့ဆုံမှုမှာ ယခုအကြိမ်သည် တတိယအကြိမ်ဖြစ်ပြီး ၂၀၁၂ ခုနှစ်က ပထမဆုံးတွေ့ဆုံမှုတွင် ဘရက်ဒလေက အနိုင်ရခဲ့သည်။ သို့သော်လည်း ၂၀၁၄ ခုနှစ် ထပ်မံတွေ့ဆုံမှုအတွက် ပက်ကွီအိုက ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့သည်။

Ref: Dailymail

Comments

Leave a Reply