ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆
M-Media
– လိင်တူချစ်သူများအား ဝေဖန်သည့် မှတ်ချက်ကြောင့် ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုအား နာမည်ကျော် အားကစား ပစ္စည်းကုမ္ပဏီ Nike က စပွန်ဆာ ရုပ်သိမ်းလိုက်သည်ဟု သိရသည်။
မေလတွင်ကျင်းပပြုလုပ်မည့် ဖိလစ်ပိုင်ရွေးကောက်ပွဲတွင် အထက်လွှတ်တော် အမတ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် ပက်ကွီအိုက လိင်တူချစ်သူများမှာ တိရစ္ဆာန်ထက် ဆိုးရွားသည်ဟု မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။ ထိုမှတ်ချက်ကြောင့် ပရိတ်သတ်များ ဆုံးရှုံးမှုကို ခံရနိုင်ဖွယ်ရှိနေပြီး Nike ကလည်း ၎င်းတို့ စပွန်ဆာ စာချုပ်ကို ဖျက်သိမ်းခဲ့သည်။
ပက်ကွီအိုမှာ ပြီးခဲ့သည့်နှစ်က စပွန်ဆာများမှ ၀င်ငွေ ၁၂ သန်းရရှိခဲ့ပြီး ထိုအထဲတွင် Nike က အဓိက စပွန်ဆာဖြစ်မည်ဟု ယုံကြည်ရသည်။ ယခုကဲ့သို့ စာချုပ်ဖျက်သိမ်းလိုက်သော်လည်း ယခုနှစ်အတွက် ဒေါ်လာ ၁ သန်းခန့် ရရှိမည်ဖြစ်သည်။ Nike မှာ ယခင်ကလည်း ထိုကဲ့သို့ နာမည်ကျော် အားကစားသမားများကို စပွန်ဆာစာချုပ် ဖျက်သိမ်းမှုများ ရှိခဲ့သည်။
ပက်ကွီအိုမှာ လာမည့်ဧပြီလတွင် အမေရိကန် ဘောက်ဆင်သမား ဘရက်ဒလေနှင့် ထိုးသတ်မည်ဖြစ်ပြီး ထိုပွဲမှာ ၎င်း၏ နောက်ဆုံးပွဲဖြစ်မည်ဟု ကြေငြာထားသည်။ သို့သော်လည်း အနားယူသွားခဲ့သည့် မေ၀ယ်သာ ပြန်လည်ထိုးသတ်မည်ဆိုပါက မိမိအနေဖြင့် မကျေပွဲ ပြန်နွှဲချင်သည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောကြားခဲ့သည်။
Ref: Dailymail


Leave a Reply
You must be logged in to post a comment.