မတ် ၉၊ ၂၀၁၆
M-Media
– မာဆေးဆိုက် ကလပ်အသင်းဖြစ်သော အဲဗာတန်အသင်းတွင် အီရန် ဘီလျံနာ ဖာရ်ဟဒ် မိုစ်ဟီရီ၏ ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းမှုကို လက်ခံအတည်ပြုလိုက်ပြီဟု ပရီးမီးယားလိဂ်က ယမန်နေ့တွင် ကြေငြာခဲ့သည်။
အမေရိကန် စီးပွားရေးမဂ္ဂဇင်း Forbes ၏ မှတ်တမ်းအရ မိုစ်ဟီရီ၏ ကြွယ်ဝမှုမှာ စတာလင်ပေါင် ၁.၃ ဘီလီယံ ရှိသည်ဟု သိရပြီး ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုကြောင့် အဲဗာတန်အသင်း၏ ရှယ်ယာ ၄၉.၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်သည်။
“ဖာရ်ဟဒ် မိုစ်ဟီရီရဲ့ ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းမှုကို ပရီးမီးယားလိဂ်က လက်ခံလိုက်ပြီဆိုတဲ့ အကြောင်းကြားချက်ကို အဲဗာတန်အသင်းက ရရှိခဲ့ပါတယ်” ဟု အဲဗာတန်အသင်းမှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။
မိုစ်ဟီရီမှာ ယခင်က အာဆင်နယ်အသင်း၏ ရှယ်ယာများကို ပိုင်ဆိုင်သူတစ်ဦးလည်း ဖြစ်ပြီး အဲဗာတန်အသင်း၏ သက်တော်ရှည် ဥက္ကဌ ဘီလ် ကန်ရိုက်၊ ဂျွန်ဝုဒ်စ်တို့နှင့်အတူ ၃ ဦးပေါင်း အုပ်ချုပ်ရေးကို ထူထောင်မည်ဖြစ်သည်။
“အဲဗာတန်အသင်းမှာ ရှယ်ယာရှင်တစ်ယောက် ဖြစ်ခွင့်ရတဲ့အတွက် ကျွန်တော် ၀မ်းသာမိပါတယ်။ အဲဗာတန်ဟာ ဥရောပရဲ့ ထိပ်တန်းကလပ်အသင်းတွေထဲက တစ်ခုအဖြစ် သမိုင်းကြောင်းကောင်းရှိတဲ့ အသင်းလည်း ဖြစ်ပါတယ်” ဟု အဲဗာတန်တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်ဟု ဖေဖော်ဝါရီ ၂၇ ရက်နေ့က ကြေငြာပြီးနောက်ပိုင်း မိုစ်ဟီရီက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.