ဧပြီ ၁၀၊ ၂၀၁၆
M-Media
– ဒီနှစ်အတွင်းမှာ အွမ္မရာ ဘုရားဖူးခရီးစဉ် လာရောက်ကြသူအရေအတွက်ဟာ ၃.၇ သန်းရှိတယ်လို့ ဆော်ဒီဟဂ်ျရေးရာ ၀န်ကြီးဌာန မဒီနာဌာနခွဲက ပြောကြားလိုက်ပါတယ်။
ကမ္ဘာတစ်ဝှမ်းက ဆော်ဒီသံရုံးတွေဟာ ယခုနှစ် အွမ္မရာခရီးစဉ်အတွက် ဗီဇာပေါင်း ၄.၄ သန်း ထုတ်ပေးထားပြီး မဒီနာဌာနခွဲက ကြာသပတေးနေ့မှာ တင်သွင်းတဲ့ အစီရင်ခံစာအရ လေကြောင်းဖြင့်ရောက်ရှိသူ ၃၃၅၇၆၄၇ ဦး၊ ကုန်းလမ်းခရီးဖြင့် ရောက်ရှိသူ ၃၉၉၅၀၆ ဦး၊ ရေလမ်းခရီးဖြင့် ရောက်ရှိသူ ၂၁၇၁၉ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။
အွမ္မရာအတွက် ဗီဇာအများဆုံးခွင့်ပြုခံရတဲ့ ထိပ်သီးငါးနိုင်ငံမှာ အီဂျစ်က နံပါတ် ၁ နေရာမှာ ရှိနေပြီး ပါကစ္စတန်၊ အင်ဒိုနီးရှား၊ တူရကီနဲ့ အိန္ဒိယတို့က သူ့နောက်မှာ အစဉ်လိုက် ရှိနေကြပါတယ်။ ယခုနှစ်အတွက် အွမ္မရာဗီဇာ ခွင့်ပြုခဲ့တဲ့ နိုင်ငံပေါင်း ၃၀ ခန့် ရှိပါတယ်။
ဟဂ်ျရေးရာဝန်ကြီးဌာန မဒီနာဌာနခွဲရဲ့ ညွှန်ကြားရေးမှူး မိုဟာမက် အလ်-နီဂျာအီကတော့ သူတို့အနေနဲ့ အွမ္မရာ ခရီးစဉ် ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီ ၃၅၆ ခုကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီညွှတ်ခြင်း ရှိမရှိ၊ စစ်ဆေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
တမန်တော်မြတ်ကြီးရဲ့ ဗလီဝတ်ကျောင်းတော်က အဓိကနေရာတွေမှာ အကြံပေးဌာနတွေကိုလည်း ဖွင့်လှစ်ထားရှိပြီး အွမ္မရာဟ်ရာသီအစမှာကတည်းကနေ ဘုရားဖူးခရီးသည်ကို ကူညီမှုတွေ ပြုလုပ်ပေးနေပါတယ်။
Ref: Arabnews


Leave a Reply
You must be logged in to post a comment.