မေ ၂၂၊ ၂၀၁၆
M-Media
– ဘိုင်ယန်မြူးနစ်တွင် နည်းပြရသည့် ၃ နှစ်တာကာလမှာ မိမိအတွက် ပြောင်မြောက်သည့်ကာလများ ဖြစ်သည်ဟု အသင်းမှ ထွက်ခွာတော့မည့် နည်းပြ ပက် ဂွါဒီယိုလာက ပြည်တွင်းရှုံးထွက်ဖလား ရရှိပြီးနောက်တွင် ပြောကြားခဲ့သည်။
ယမန်နေ့ကကစားခဲ့သည့် DFB-Pokal ဗိုလ်လုပွဲတွင် ဘိုင်ယန်မှာ ဒေါ့မွန်အား ပင်နယ်တီ ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဘွန်ဒစ်လီဂါပြီးနောက် ယခုနှစ် ဒုတိယမြောက်ဖလား ရရှိခဲ့ခြင်းဖြစ်သည်။ လာမည့်နှစ်တွင် မန်စီးတီးသို့ ပြောင်းရွှေ့တော့မည့် ဂွါဒီယိုလာက ပွဲအပြီးနှင့် ဖလားကိုင်မြှောက်ချိန်တွင် မျက်ရည်လည်ရွဲဖြင့် အသင်းအား နှုတ်ဆက်ခဲ့သည်။
“ဒီမှာ အပြောင်မြောက်ဆုံးအချိန်ကို ကျွန်တော် ရရှိခဲ့ပါတယ်။ အနာဂတ်မှာလည်း ဘိုင်ယန်ဟာ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော် ဆန္ဒပြုပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ အဆုံးသတ်ရတာကို ကျွန်တော် ပျော်ရွှင်ပါတယ်။ အသင်းသားတွေကို ကျွန်တော် လွမ်းဆွတ် သတိရနေမှာပါ” ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
ဘိုင်ယန်၌ ၎င်း၏ ၃ နှစ်တာကာလအတွင်း ဂွါဒီယိုလာမှာ ဘွန်ဒစ်လီဂါ ၃ ကြိမ်၊ DFB-Pokal ဖလား ၂ ကြိမ်၊ ကလပ်အသင်းများကမ္ဘာ့ဖလား ၁ ကြိမ်နှင့် ယူအီးအက်ဖ်အေ စူပါဖလား ၁ ကြိမ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.