ဇွန် ၁၄၊ ၂၀၁၆
M-Media
– ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆင်ခြေဖုံးတွင် ဓားသမားတစ်ဦး၏ တိုက်ခိုက်မှုကြောင့် ရဲအရာရှိတစ်ဦးနှင့် ၎င်း၏ ချစ်သူတို့ သေဆုံးခဲ့သည်ဟု သိရသည်။
ရဲအရာရှိ၏နေအိမ်တွင် တနင်္လာနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့က မိမိတို့လက်ချက်ဖြစ်သည်ဟု တာဝန်ယူခဲ့ကာ တိုက်ခိုက်သူမှာ မိမိတို့ အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ဆိုသည်။
ပြင်သစ်သမ္မတ ဖရန်ကိုအစ် အော်လွန်းကမူ ထိုတိုက်ခိုက်မှုမှာ “မေးခွန်းထုတ်စရာမလိုသည့် အကြမ်းဖက်တိုက်ခိုက်မှု” ဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ အကြမ်းဖက်များ၏ ခြိမ်းခြောက်မှုကို သိသိသာသာ ရင်ဆိုင်နေရသည်ဟု ပြောကြားခဲ့သည်။
ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တိုက်ခိုက်သူမှာ ရဲအရာရှိ ဂျီယန် ဘပ်တစ်တီ ဆာလ်ဗိုင်းအား ၎င်း၏ နေအိမ်အပြင်ဘက်တွင် ဓားဖြင့်ထိုးခဲ့ပြီးနောက် အိမ်တွင်းသို့ ၀င်ရောက်ကာ ၎င်းတို့၏ အသက် ၃ နှစ်အရွယ် ကလေးငယ်ကို ဓားစားခံအဖြစ် ဖမ်းဆီးခဲ့သည်ဟု ပြောကြားခဲ့သည်။
ထို့နောက် ရဲတပ်ဖွဲ့ဝင်များနှင့် ညှိနှိုင်းမှု မအောင်မမြင်ဖြစ်ပြီးနောက် ရဲတပ်ဖွဲ့မှာ အိမ်တွင်းသို့ ၀င်ရောက်စီးနင်းကာ လာရိုစီ အာဘာလာဟု အမည်ရသည့် အဆိုပါ တိုက်ခိုက်သူကို ပစ်သတ်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ရဲအရာရှိ၏ ချစ်သူအလောင်းကို အိမ်အတွင်း တွေ့ခဲ့ရပြီး ကလေးငယ်ကိုမူ ကယ်တင်နိုင်ခဲ့သည်။
ထိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် ပြင်သစ်သမ္မတမှာ ၀န်ကြီးချုပ် မန်နျူယဲလ် ဗားလ်စ်၊ ပြည်ထဲရေးဝန်ကြီး ဘားနဒ် ကာဇီနျူဗီ၊ တရားရေးဝန်ကြီး ဂျီယန်-ဂျာကွက်ဇ် အာရ်ဗိုအာ့စ်တို့နှင့် အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့သည်။
အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်သည့် အဘာလာမှာ ယခင်က အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ရာဇ၀တ်မှုဆိုင်ရာ အသင်းအဖွဲ့ ဖွဲ့စည်းမှုအတွက် ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်ခံခဲ့ရသူဖြစ်သည်။ ထို့ပြင် ၎င်းမှာ ပါကစ္စတန်ရှိ လက်နက်ကိုင်အဖွဲ့များနှင့် ချိတ်ဆက်မှုရှိသည်ဟု ၎င်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြခဲ့သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.