သြဂုတ် ၂၆၊ ၂၀၁၆
M-Media
– အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် မိမိတို့အသင်း ကစားသမားသစ် ၀ယ်ယူရန်မှာ ၉၉ ရာခိုင်နှုန်း သေချာသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
လက်ရှိတွင် အာဆင်နယ်မှာ ဗလင်စီယာနောက်ခံလူ ဆခိုဒရန် မွတ်စ်တာဖီနှင့် ဒီပို့တီဗို တိုက်စစ်မှူး လူးကက်စ် ပီရက်ဇ်တို့ကို စုစုပေါင်း ပေါင် သန်း ၅၀ ဖြင့် ၀ယ်ယူရန် သဘောတူညီခဲ့ပြီး ၎င်းတို့နှစ်ဦးမှာလည်း လန်ဒန်သို့ ဆေးစစ်မှုခံယူရန် လာရောက်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။
အာဆင်နယ်မှာ ယခင်က ထိုကဲ့သို့ သတင်းများထွက်ပေါ်သော်လည်း အမှန်တကယ် ခေါ်ယူနိုင်ခြင်းမရှိသောကြောင့် ယခုတစ်ကြိမ်တွင်လည်း ကောလဟာလသာ ဖြစ်သည်ဟု ပြောဆိုမှုများ ရှိနေသည်။ သို့သော် ၀င်းဂါးကမူ အပြောင်းအရွှေ့မပိတ်ခင် ကစားသမားသစ်ရောက်မည်ဟု အတည်ပြုခဲ့သည်။
“သဘောတူညီချက်အတွက် လုပ်ဆောင်နေပြီး ဒီနေ့ကြေငြာရလောက်အောင်တော့ မသေချာသေးပါဘူး။ အပြောင်းအရွှေ့ကာလ မကုန်ခင် တစ်ယောက်ယောက်တော့ ကျွန်တော်တို့ ခေါ်သွားမှာပါ။ ဒါကတော့ ၉၉ ရာခိုင်နှုန်း သေချာပါတယ်” ဟု ၀င်းဂါးက ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့ပြင် ၀င်းဂါးက အပြောင်းအရွှေ့ဈေးကွက်ကို ပို၍ လွယ်ကူမည်ဟု ထင်မှတ်ထားသော်လည်း အမှန်တကယ်တွင် ပို၍ခက်ခဲလာကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.