စက်တင်ဘာ ၁၇၊ ၂၀၁၆
M-Media
– ယခုတစ်ပတ် နယူးယောက်တွင် ပြုလုပ်ခဲ့သည့် ‘နယူးယောက်ဖက်ရှင်သီတင်းပတ်’ (NYFW) တွင် မွတ်စလင်အမျိုးသမီး ဒီဇိုင်နာတစ်ဦးက မွတ်စလင်အမျိုးသမီးများ ၀တ်ဆင်လေ့ရှိသည့် ဟီဂျဘ်များကို ဒီဇိုင်းမျိုးစုံ ဆန်းသစ်တီထွင် ပြသခဲ့ပြီး သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့သည်။
အန်နီဆာ ဟာဆီဘူအန်ဟု အမည်ရသည့် အဆိုပါဒီဇိုင်နာမှာ အင်ဒိုနီးရှား အမျိုးသမီးတစ်ဦးဖြစ်ပြီး NYFW တွင် ပထမဆုံး ပြသခွင့်ရသည့် အင်ဒိုအမျိုးသမီးလည်း ဖြစ်သည်။
သူမ၏ ဖန်တီးမှုတွင် ဒီဇိုင်းပေါင်း ၄၈ ခုပါဝင်ပြီး အဆင်သင့်ဝတ်၍ရသည့် ဒီဇိုင်း ၃၈ ခုနှင့် ညနေခင်းဝတ်စုံ ၁၀ ခုတို့ဖြစ်သည်။
De Jayakarta ဟု အမည်ပေးထားသည့် သူမ၏လက်ရာကို ရွှေရောင်၊ ငွေရောင်နှင့် ပန်းရောင် ခေါင်းဆောင်ပုဝါများ၊ ငွေမှင်ရောင်နှင့် ရွှေရောင်စကတ်အရှည်များ၊ ပုတီးစေ့များဖြင့် တစ်ဖိတ်ဖိတ်တောက်နေသည့် ဂျာကင်များ၊ ပိုးသားဘောင်းဘီများ စသည်တို့ကို အချိုးကျ ပေါင်းစပ်ကာ ဖန်းတီးထားခြင်းဖြစ်သည်။

ကာလာအရောများအဖြစ် အညိုရောင်၊ မက်မန်းရောင်နှင့် အစိမ်းရောင်တို့ကို အသုံးပြုထားပြီး၊ ၀င့်ထည်သော ကျောက်မြတ်တန်ဆာများ၊ သတ္တုလက်ကောက်များနှင့် ကျောက်မြတ်စီချယ်ထားသာ နေကာမျက်မှန်တိုဖြင့် အန်နီဆာက သူမ၏ဖန်တီးမှုကို ပြည့်စုံစေခဲ့သည်။
ညနေခင်းဝတ်စုံတွင်လည်း ဇာများ၊ ရှည်လျားသည့် ခေါင်းဆောင်းပုဝါများဖြင့် အလှဆင်ထားပြန်သည်။ အန်နီဆာကတော့ တနင်္လာနေ့က ပြုလုပ်ခဲ့သည့် အဆိုပါရှိုးပွဲမှာ မိမိဘ၀တွင် အကောင်းဆုံးအခိုက်အတန့်ဟု ပြောကြားခဲ့သည်။
“ကျွန်မနဲ့ NYFW The Show, Spring/Summer Collection 2017 ရှိုးပွဲအတွက် ဖန်တီးထားတဲ့ ကျွန်မရဲ့ နောက်ဆုံးဒီဇိုင်း De Jayakarta တို့ကို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်နှစ် NYFW မှာ ထပ်တွေ့ကြပါစို့။ ဘုရားသခင်စောင်မတော်မူပါစေ” ဟု အန်နီစတာက Intagram တွင် ရေးသားခဲ့လေသည်။
ဂျကာတာတွင် မွေးဖွားခဲ့သည့် အန်နီစတာမှာ သူငယ်ချင်းများအား ၀တ်စုံများ ဖန်တီးပေးရာမှ ဖက်ရှင်အပေါ် ခုံမင်လာခြင်း ဖြစ်သည်။
နောက်ပိုင်း ဖက်ရှင်လောကတွင် အောင်မြင်လာပြီးနောက် လန်ဒန်တွင် ဖက်ရှင်အထူးပြုဘာသာရပ်ဖြင့် ဘွဲ့ယူခဲ့ပြီး ပြီးခဲ့သည့်နှစ်က လန်ဒန်ဖက်ရှင်ရှိုးတွင် ပွဲဦးထွက်အဖြစ် ၀င်ရောက်ပြသခဲ့သည်။
“တစ်ခါတစ်လေကျရင် လူတွေက ကျွန်မဟာ NYFW ကို အချိန်မတန်သေးဘဲ ၀င်ပြိုင်တယ်လို့ ထင်ကြတယ်။ ဒါပေမယ့် ဒါဟာ လုပ်ငန်းစဉ်တစ်ခုပါ။ ကျွန်မ တစ်ဆင့်ပြီးတစ်ဆင့် တက်လာရတာ နှစ်တွေမနည်းတော့ပါဘူး” ဟု အန်နီဆာက ဖွင့်ဟခဲ့သည်။
တက်သစ်စ စီးပွားရေးလုပ်ငန်းရှင် အန်ဒီကာ ဆူရက်ခ်ျမန်နှင့် လက်ထပ်ထားသည့် အန်နီဆာမှာ ဂျကတာတောင်ဘက်ရှိ ကီမန်ဒေသတွင် ဖက်ရှင်ဆိုင်တစ်ခုကို ဖွင့်လှစ်ထားပြီး သူမ၏ လက်ရာများကို ဂျာကာတာဖက်ရှင်သီတင်းပတ်၊ အစ္စတန်ဘူလ်၊ လန်ဒန်၊ နယူးယောက်၊ Couture New York Fashion Week နှင့် ယခုနောက်ဆုံး NYFW တွင် ပြသခဲ့သည်။
အန်နီဆာက မိမိဖန်တီးထားသည့် အသင့်ဝတ်ဖက်ရှင်များပေါ် အစပိုင်းက အားမရသော်လည်း အစ္စတန်ဘူလ်တွင် ရရှိခဲ့သည့် အားပေးမှုကြောင့် ယုံကြည်မှု ပိုလာခဲ့သည်ဟု ဆိုသည်။
“တုန့်ပြန်မှုက သိပ်ကောင်းခဲ့တာကြောင့် ကျွန်မလည်း ယုံကြည်မှုပိုလာခဲ့ပြီး တန်ဖိုးမြင့်ဖက်ရှင်အဖြစ် စတင်ခဲ့ပေမယ့် ဒီ အသင့်ဝတ်ဆင်နိုင်တဲ့ ဖက်ရှင်တွေ ဖောဖောသီသီဖြစ်လာရေး အာရုံစိုက်ဖို့ အသင့်ဖြစ်သွားခဲ့ပါတယ်”
“ကျွန်မရဲ့ အသင့်ဝတ်ဒီဇိုင်းတွေက ရိုးရှင်းပြီး အိနြေ္ဒရှိပါတယ်။ ဒါပေမယ့် ဇိမ်ခံပစ္စည်းတွေကို အသုံးပြုနေရတုန်းဖြစ်ပြီး ဒီဝတ်စုံတွေဟာ ပွဲလမ်းတွေမှာသာ ၀တ်ရတာမျိုးမဟုတ်ဘဲ နေ့စဉ်ဘ၀မှာ ၀တ်ဆင်ကာ နတ်သမီးတပါးအလား လှပတယ်လို့ ခံစားရနိုင်တဲ့ ၀တ်စုံတွေဖြစ်တယ်ဆိုတာကိုလည်း ကျွန်မသိနေပါတယ်”
အန်နီဆာ၏ အဆိုပါ ဒီဇိုင်းအများစုက တွဲဖက်ရောနှော၍ ၀တ်ဆင်နိုင်သောကြောင့် အမျိုးသမီးများအနေဖြင့် မိမိကြိုက်နှစ်သက်သည့် ပုံစံမျိုးကို ၀တ်ဆင်နိုင်မည်ဖြစ်သည်။
Ref : Dailymail
Leave a Reply
You must be logged in to post a comment.