News @ M-Media

ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအပေါ် ငြှင်းပမ်းမှု ဘင်္ဂလားဒေ့ရှ် ဗုဒ္ဓဘာသာအဖွဲ့ ရှုတ်ချ

နိုဝင်ဘာ ၂၇၊ ၂၀၁၆
M-Media

leader
ဘင်္ဂလားဒေ့ရှ်ဗုဒ္ဓဘာသာအဖွဲ့ချုပ် ( Bangladesh Buddhist Federation) မှ ခေါင်းဆောင်များ

– ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်များအပေါ် ပြုလုပ်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်သည့်အနေဖြင့် ဘင်္ဂလားဒေ့ရှ်ဗုဒ္ဓဘာသာအဖွဲ့ချုပ် ( Bangladesh Buddhist Federation) မှ ခေါင်းဆောင်များမှာ လက်ရှိဖြစ်ပွားနေသည့် ဖိနှိပ်မှုများကို ရှုတ်ချသည်ဟု ယနေ့တွင် ပြောကြားလိုက်သည်။

ထို့ပြင် အဆိုပါပြဿနာကို ချက်ခြင်းဖြေရှင်းရန်လည်း မြန်မာအစိုးရနှင့် သက်ဆိုင်ရာ အာဏာပိုင်များကို တောင်းဆိုခဲ့သည်။

“ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုဟာ ဘာသာရေးတရားအပေါ် ကျူးလွန်တယ်ဆိုတာထက် လူသားထုအပေါ် ကျူးလွန်တဲ့ ဖိနှိပ်ချုပ်ချယ်မှုလို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒီလိုအခြေအနေမျိုး၊ လုပ်ရပ်မျိုးတွေကို ကျွန်တော်တို့ မနှစ်မြို့ပါဘူး။ မြန်မာနိုင်ငံမှာ ငြှမ်းပမ်းနှိပ်စက်ခံနေရတဲ့ ရိုဟင်ဂျာတွေနဲ့အတူ ရပ်တည်ပေးဖို့အတွက် ကမ္ဘာ့နိုင်ငံတွေကို ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်ဗုဒ္ဓဘာသာအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး အေရွှတ် ဘာရူအာက ပြောကြားခဲ့သည်။

အဆိုပါ ရိုဟင်ဂျာပြဿနာကို ဦးတည်၍ ဘင်္ဂလားဒေ့ရှ်တွင် ၀ရုန်းသုန်းကား အခြေအနေမျိုး ဖြစ်ကောင်းဖြစ်လာနိုင်သည်ဆိုသည့် စိုးရိမ်မှုများလည်း ရှိနေသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နှင့် ရသေ့တောင်မြို့များရှိ နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတွင် အစိုးရစစ်တပ်မှာ ရိုဟင်ဂျာအရပ်သားများအပေါ် တရားလက်လွတ်သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်း စသည်တို့ ရှိခဲ့သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း မြန်မာအစိုးရက ထိုသတင်းများ မဟုတ်မှတ်ကြောင်း ငြင်းဆိုခဲ့သည်။

ယမန်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်ရှိ နိုင်ငံရေး၊ ဘာသာရေးနှင့် တိုင်းရင်းသားလူနည်းစု အဖွဲ့များမှာ ရိုဟင်ဂျာမွတ်စလင်များအပေါ် လက်ရှိပြုလုပ်နေသည့် ငြှင်းပမ်းနှိပ်စက်မှုများကို ရှုတ်ချခဲ့ကြသည်။

Ref: The Daily Star