နိုဝင်ဘာ ၃၀၊ ၂၀၁၆
M-Media
– အိန္ဒိယနိုင်ငံဟာ ၆၄၈ မီဂါဝပ် ထုတ်လုပ်နိုင်မယ့် ကမ္ဘာအကြီးဆုံး နေစွမ်းအင်အသုံးပြု ဓာတ်အားပေးစက်ရုံကို ထုတ်ဖော် ပြသလိုက်ပါတယ်။
တမီလ်နာဒူးပြည်နယ် ကာမူသီမြို့မှာရှိတဲ့ အဲဒီဓာတ်အားပေးစက်ရုံကြီးဟာ ၁၀ စကွဲယားကီလိုမီတာ အကျယ်အ၀န်းမှာ ဆောက်လုပ်ထားတာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က ၅၅၀ မီဂါဝပ် ထုတ်လုပ်နိုင်တဲ့ Topaz Solar Farm နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို ကျော်ဖြတ်ကာ ကမ္ဘာ့အကြီးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
အဲဒီ ဓာတ်အားပေးစက်ရုံကို Adani Group က ၈ လအတွင်းမှာ တည်ဆောက်နိုင်ခဲ့တာဖြစ်ပြီး အလိုအလျောက်ပြုလုပ်တဲ့ နေ့စဉ် သန့်ရှင်းရေးစနစ်၊ ကိုယ်ပိုင်ဆိုလာပြားအသုံးပြုကာ ပြန်အားဖြည့်တဲ့စနစ်လည်း ပါဝင်ပါတယ်။ စွမ်းအားပြည့်အသုံးပြုမယ်ဆိုရင် နေအိမ်ပေါင်း ၁၅၀၀၀၀ လောက်ကို ဓာတ်အားပေးနိုင်မှာဖြစ်ပါတယ်။
အဲဒီစက်ရုံမှာ ဆိုလာပြားစုစုပေါင်း ၂.၅ သန်း တပ်ဆင်ထားပြီး စုစုပေါင်း ကန်ဒေါ်လာ ၆၇၉ သန်း ကုန်ကျခဲ့ပါတယ်။ ဒီစက်ရုံကြောင့် အိန္ဒိယဟာ နေစွမ်းအသုံးပြုပြီး ဓာတ်အားစုစုပေါင်း ၁၀ ဂီဂါဝပ် ထုတ်လုပ်လာနိုင်တာဖြစ်ပြီး အဲဒီလို နေစွမ်းအင်ကနေ အကြီးအကျယ် ဓာတ်အားထုတ်လုပ်နိုင်တဲ့ နိုင်ငံကတော့ ကမ္ဘာပေါ်မှာ လက်တစ်ဆုပ်စာလောက်သာ ရှိပါသေးတယ်။
အိန္ဒိယဟာ လာမယ့်နှစ်ကနေစပြီး တရုတ်၊ အမေရိကန်တို့ပြီးတဲ့နောက် ကမ္ဘာ့တတိယအကြီးဆုံး ဆိုလာဈေးကွက် ဖြစ်လာမှာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ နေစွမ်းအင်ကနေ နေအိမ်ပေါင်း သန်း ၆၀ လောက်ကို ဓာတ်အားပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါဟာ ၂၀၃၀ ရောက်တဲ့အခါ ရုပ်ကြွင်းလောင်စာမဟုတ်တဲ့ရင်းမြစ်ကနေ ဓာတ်အားထုတ်လုပ်မှု ၄၀ ရာခိုင်နှုန်းလောက် လျှော့ဖို့ စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။
Ref: Aljazeera