News @ M-Media

မဲရှုံးသော်လည်း ရာထူးမှဆင်းမပေးဟု ဂမ်ဘီယာအာဏာရှင် ထပ်ပြော

ဒီဇင်ဘာ ၂၁၊ ၂၀၁၆
M-Media

%e1%80%ab%e1%80%b1%e1%80%ac%e1%80%98%e1%80%84%e1%80%b1
ဂမ်ဘီယာအာဏာရှင် ယဟ်ယာ ဂျာမေဟ်

– ရွေးကောက်ပွဲပြန်လုပ်ရန် မိမိတောင်းဆိုမှုကို ဆောင်ရွက်မပေးပါက ရာထူးမှ ဆင်းပေးမည်မဟုတ်ဟု ဂမ်ဘီယာအာဏာရှင် ယဟ်ယာ ဂျာမေဟ်က ထပ်မံပြောကြားလိုက်သည်။

နိုင်ငံအား ၂၂ နှစ်ကြာ အုပ်စိုးခဲ့သည့် ယဟ်ယာမှာ ဒီဇင်ဘာ ၁ ရက်နေ့ ရွေးကောက်ပွဲတွင် ပြိုင်ဘက် အဒမ် ဘာရိုးကို ရှုံးနိမ့်ခဲ့ပြီး ၎င်းကိုယ်တိုင်ကလည်း ထိုနေ့တွင် ရှုံးနိမ့်ကြောင်း ၀န်ခံခဲ့သည်။ သို့သော်လည်း တစ်ပတ်ကြာပြီးနောက် မဲမသာမှုရှိသည်ဟုဆိုကာ ရွေးကောက်ပွဲ အသစ်ပြန်လုပ်ရန် ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆိုခဲ့သည်။

ထို့ပြင် ၎င်း၏ပါတီမှာ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပေးရန်အတွက်လည်း တရားရုံးချုပ်ကို တိုင်ကြားထားသည်။

“တရားရုံးချုပ်က မဖြေရှင်းပေးသ၍ ဇန်နပါရီ ၁၉ ရက်နေ့မှာ သမ္မတအသစ်တက်ပွဲ ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ယဟ်ယာက ယမန်နေ့တွင် ပြောကြားခဲ့သည်။

ယာဟ်ယာမှာ စစ်တပ်ကို ကြိုးကိုင်ထားသူဖြစ်ပြီး ဂမ်ဘီယာစစ်တပ်မှာ ပြီးခဲ့သည့်တစ်ပတ်က မြို့တော် ဘန်ဂျူလ်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးခန်းကို ၀င်ရောက်စီးနင်းကာ ဥက္ကဌကို ရုံးခန်းမှ နှင်ထုတ်ခဲ့သည်။ ထို့ပြင် ၀န်ထမ်းများကိုလည်း ၀င်ရောက်ခွင့်မပေးခဲ့ပေ။

ရွေးကောက်ပွဲအနိုင်ရရှိခဲ့သူ အဒမ်ဘာရိုးက ၎င်းအနေဖြင့် ဇန်န၀ါရီ ၁၈ ရက်နေ့တွင် အာဏာလွှဲပြောင်းယူရန် အဆင့်သင့်ဖြစ်နေသည်ဟု တနင်္လာနေ့က ပြောကြားခဲ့ပြီးနောက် ယဟ်ယာက အင်္ဂါနေ့တွင် ရာထူးမှ ဆင်းပေးမည်မဟုတ်ကြောင်း တရားဝင်ပြောခဲ့ခြင်းဖြစ်သည်။

အာဖရိက ခေါင်းဆောင်များနှင့် အနောက်နိုင်ငံများက အဒမ်ဘာရိုးအား အာဏာလွှဲပြောင်းပေးရန် တောင်းဆိုမှုများရှိနေပြီး၊ ယဟ်ယာကမူ အာဖရိကနိုင်ငံများမှာ ဂမ်ဘီယာ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်နေသည်ဟု ပြန်လည် တုန့်ပြန်ခဲ့သည်။

Ref : Aljazeera