မတ် ၂၇၊ ၂၀၁၇
M-Media
– ဂျပန်နိုင်ငံအလယ်ပိုင်း တိုချီဂီ စီရင်စုရှိ တောင်တစ်ခုတွင် နှင်းထုပြိုကျမှု ဖြစ်ပွားသောကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးဖွယ်ရှိနေပြီး ၂ ဦးမှာ စိုးရိမ်ရသည့်အနေအထားတွင် ရှိနေသည်ဟု သိရသည်။
နာဆူအပန်းဖြေစခန်းရှိ နှင်းလျှောစီးသည့်နေရာအနီးတွင် အထက်တန်းကျောင်းသား ၅၂ ဦးနှင့် ဆရာ ၁၁ ဦးတို့ တောင်တက်နေစဉ် ယနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းသားအများစုမှာ နှင်းလျှောစီးသည့် တောင်စောင်းတွင် ရှိနေသည်ဟု အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါကျောင်းသားများနှင့် ဆရာများမှာ တိုချီဂီစီရင်စုရှိ အထက်တန်းကျောင်း ၇ ခုမှ ဖြစ်သည်။
NHK သတင်းဌာနကမူ အသက်ရှင်သည့်လက္ခဏာ မတွေ့ရှိရသူများအတွင်း အနည်းဆုံး ၆ ဦးမှာ ကျောင်းသားများဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ဂျပန်အာဏာပိုင်များက ဆရာဝန်က သေဆုံးသည်ဟု အတည်မပြုမချင်း သေဆုံးမှုစာရင်းကို ထုတ်ပြန်လေ့ မရှိပေ။
အဆိုပါ နာဆူ အပန်းဖြေစခန်းတွင် နှင်းထုပြိုကျမှုမှာ တစ်နှစ်လျှင် တစ်ကြိမ်၊ သို့မဟုတ် နှစ်ကြိမ်ခန့် ဖြစ်ပွားသော်လည်း ယခုကဲ့သို့ ကြီးမားသည့် အဖြစ်အပျက်မျိုး ယခင်က မဖြစ်ပျက်ခဲ့ဟု မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိတွင် အစိုးရမှာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း ဆီးနှင်းများ ထူထပ်စွာ ကျဆင်းမှုကြောင့် လုပ်ငန်းများ နှောင့်နှေးနေသည်။
Ref: Aljazeera

