မတ် ၂၈၊ ၂၀၁၇
M-Media

– အရှေ့တောင်အာရှက မွတ်စလင်တွေအနေနဲ့ အာရပ်ဓလေ့တွေအစား မိမိတို့ရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို လက်ခံကျင့်သုံးသင့်တယ်လို့ ယူအေအီးနိုင်ငံဆိုင်ရာ လစ်ဗျားသံအမတ် ဒေါက်တာ အာရက်ဖ် အလီ နယဒ်က ပြောကြားလိုက်ပါတယ်။
“မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဘရူးနိုင်း နိုင်ငံတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာထဲက အခုအချိန်အထိ စာသင်ကျောင်းတွေမှာ၊ ရွာတွေမှာ သင်ကြားပေးလာတဲ့ ဓလေ့ထုံးတမ်းတွေကို တကယ့်ကို အလေးထား မြတ်နိုးရတော့မယ့်အချိန်လို့ ကျွန်တော် ထင်ပါတယ်”
ဒေါက်တာ နယဒ်ဟာ တတ်သိပညာရှင်များအဖွဲ့ Kalam Research and Media ကို တည်ထောင်သူ၊ ဒါရိုက်တာတစ်ယောက်လည်း ဖြစ်ပါတယ်။
“ပိုပြီး အစ္စလာမ်ပီသကြောင်း သက်သေပြဖို့အတွက် ပြသဖို့အတွက် အာရဘီစကားလုံးတွေကိုငှားသုံးပြီး မိမိတို့ရဲ့ ၀တ်စားဆင်ယင်ပုံတွေ၊ စကားပြောပုံတွေ၊ ဘာသာစကားတွေကို မလေးလူမျိုးတွေက ဘာ့ကြောင့် စွန့်လွှတ်ရမှာလဲဗျ” လို့ ဒေါက်တာ နယဒ်က CNA နဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒေါက်တာဟာ ISEAS-Yusof Ishak Institute က ပြုလုပ်တဲ့ IS အကြမ်းဖက်အဖွဲ့ နှိမ်နှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲမှာ မိန့်ခွန်းပြောကြားဖို့ စင်ကာပူကို ရောက်နေတာပါ။
ဂျော်ဒန်တတ်သိပညာရှင်များအဖွဲ့ Royal Aal al-Bayt Institute for Islamic Thought က ရွေးချယ်တဲ့ ကမ္ဘာ့ သြဇာလွှမ်းမိုးမှုအရှိဆုံး မွတ်စလင် ၅၀ စာရင်းထဲမှာ ပါဝင်တဲ့ ဒေါက်တာ နယဒ်ရဲ့ ဒီမှတ်ချက်ဟာ အရှေ့တောင်အာရှမှာ အာရပ်မှုပြုအစ္စလာမ်၊ အာရပ်မှုပြု ယဉ်ကျေးမှုဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်နေချိန်မှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်ကလည်း မလေးရှား ဂျိုဟိုးပြည်နယ်ရဲ့ ဘုရင်က မလေးလူမျိုးတွေအနေနဲ့ အာရပ်တွေလိုပုံစံမျိုး အတုခိုးတာထက် မိမိတို့ရဲ့ ကိုယ်ပိုင် ရိုးရာယဉ်ကျေးမှုကို ကျင့်သုံးဖို့လိုတယ်လို့ သတိပေးခဲ့ပါတယ်။ ကွန်ဆာဗေးတစ်အယူဝါဒ ကြီးထွားလာချိန်မှာ မလေးလူမျိုးတွေအနေနဲ့ အာရပ်ယဉ်ကျေးမှုဘက်ကို ယိမ်းလာမှုကို ဘုရင်က တုန့်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
မွတ်စလင်ကောင်းဖြစ်ရန် အာရပ်ဖြစ်စရာမလို
ဒေါက်တာ နယဒ်ဟာ အစ္စလာမ့်ရေးရာ ပညာရှင်တစ်ဦးလည်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ အစ္စလာမ်ဘာသာတရား၊ အစ္စလာမ့်ဒဿနနဲ့ နာမ်ပိုင်းဆိုင်ရာတွေကို သင်ကြားပြသနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူက အာရပ် ဘာသာရေးပညာရှင်တွေဆီကနေ ဘာသာရေးဆိုင်ရာ သင်ကြားမှုတွေကို သတိမမူမိဘဲ လက်ခံကျင့်သုံးတာမျိုးနဲ့ ပတ်သက်ပြီးတော့လည်း သတိပေးခဲ့ပါတယ်။
နောက်ပြီး အရှေ့ဆောင်အာရှက အစ္စလာမ်ဘာသာရေး ပညာရှင်တွေအနေနဲ့ မိမိမှာ ရှိတာလောက်နဲ့ ရောင့်ရဲမနေဘဲ ထပ်ပြီး တိုးတက်အောင်လုပ်ဖို့ မိမိတို့ရဲ့အနာဂတ် မျိုးဆက်နဲ့အတူ ရှင်သင်စေဖို့ လိုတယ်လို့လည်း နယဒ်က တိုက်တွန်းခဲ့ပါတယ်။
“ကလေးတွေကို အချို့အာရပ်နိုင်ငံတွေ ပို့စရာ မလိုပါဘူး။ (သူတို့ဟာ) တကယ်တော့ စစ်မှန်တဲ့ အစ္စလာမ် သာသနာထက် ပိုပြီးတော့ တိုင်းတပါးဆန်တဲ့ ပုံဖျက်အစ္စလာမ်ဗာရှင်းကို သင်ပေးကြတာပါ”
အာရပ်စော်ဘွားများပြည်ထောင်စုက ရှိခ် အဘ်ဒဲလ် ဘင် ဘေယာဟ်လို ပုဂ္ဂိုလ်မျိုးဟာ ကောင်းမွန်တဲ့ အလုပ်တွေကို ဆောင်ရွက်နေပေမယ့် အာရပ်တွေရဲ့ စာအုပ်တိုက်တွေက ထွက်လာတဲ့ စာအုပ်အများစုဟာ နိုင်ငံရေးကို အလွန်အမင်း ဦးစားပေးထားပြီး၊ အယူအဆရေးရာတွေကို အတော်တော်လေး အန္တရာယ်ရှိတဲ့ သဘောတရားတွေအဖြစ် လျှော့ချထားလိုက်တယ်လို့လည်း နယဒ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
နိုင်ငံတစ်ခုခုရဲ့ ယဉ်ကျေးမှုဟာ ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ်သာသနာ ပုံစံဖြစ်လာမယ့် လမ်းကြောင်းမှာ ရှိနေလားလို့ မေးတဲ့အခါမှာတော့ သူက ဒီ အယူအဆကို ငြင်းဆိုခဲ့ပါတယ်။
မွတ်စလင်ကောင်းတစ်ယောက်ဖြစ်ဖို့ “လူတစ်ယောက်ဟာ ပထမဆုံး စင်ကာပူနိုင်ငံသား မွတ်စလင်ကောင်းတစ်ယောက်၊ မလေးနိုင်ငံသား မွတ်စလင်ကောင်းတစ်ယောက်၊ အင်ဒိုနီးရှားနိုင်ငံသား မွတ်စလင်ကောင်းတစ်ယောက်ဖြစ်ဖို့ လိုပါတယ်။ အဲဒီလို အချိန်မျိုးကြမှာသာ ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ်သာသနာကို ကိုယ်စားပြုသူတစ်ယောက် ဖြစ်မှာပါ။ ဒါ့ကြောင့် မိမိတို့ရဲ့ ဒေသဓလေ့ကို လိုက်နာကျင့်သုံးတာဟာ ကမ္ဘာလုံးဆိုင်ရာဝါဒကို စွန့်လွှတ်ရာ မရောက်ပါဘူး” လို့ ဒေါက်တာက ဖွင့်ဟခဲ့ပါတယ်။
Ref: CNA