မတ် ၃၀၊ ၂၀၁၇
M-Media

– အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမီးဖြစ်သူ အိုက်ဗန်ကာထရမ့်မှာ ဖခင်ဖြစ်သူအတွက် လစာမယူသည့် အကြံပေးအဖြစ် အစိုးရတာဝန်ကို ထမ်းဆောင်သွားမည်ဟု အိမ်ဖြူတော်က ယမန်နေ့တွင် ကြေငြာလိုက်သည်။
အိုက်ဗန်ကာ၏ ခင်ပွန်း ဂျာရဒ် ကက်ရှ်နာမှာလည်း ထရမ့်၏ အကြီးတန်းအကြံပေးအဖြစ် လစာမယူဘဲ တာဝန်ထမ်းဆောင်နေသည်။ အသက် ၃၅ နှစ်အရွယ်ရှိ အိုက်ဗန်ကာမှာ အိမ်ဖြူတော်တွင် ရုံးခန်းတစ်နေရာ ရရှိထားပြီး ထရမ့် သမ္မတဖြစ်လာပြီးကတည်းက အိမ်ဖြူတော်တွင် ပုံမှန် ရှိနေသူဖြစ်သည်။
ထရမ့်က ဂျပန်ဝန်ကြီးချုပ် ရှ်ဇိုအာဘေး၊ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်တို့နှင့် တွေ့ဆုံမှုများတွင်လည်း အိုက်ဗန်ကာမှာ အနားတွင် ရှိနေခဲ့သည်။
ဖခင်၏ စီးပွားရေးလုပ်ငန်း အစိတ်အပိုင်းတစ်ခုအဖြစ် ဖက်ရှင်လုပ်ငန်းကို လုပ်ကိုင်နေသူ အိုက်ဗန်ကာတစ်ယောက် ဖခင်၏ တာဝန်ထမ်းဆောင်မှုအတွင်း ပါဝင်လာမှုမှာ အကျိုးစီးပွား ထိပ်တိုက်တွေ့ဆုံနိုင်သည်ဟု စိုးရိမ်မှုများလည်း ရှိနေသည်။
အိုက်ဗန်ကာကမူ ထိုပြောဆိုမှုများမှာ အခြေအမြစ်မရှိကြောင်း မိမိအနေဖြင့် ကျင့်ဝတ်များအတိုင်း၊ အစိုးရ၀န်ထမ်းတစ်ယောက်၏ ဥပဒေများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။
သူမနှင့် သူမ၏ခင်ပွန်း ကက်ရှ်နာတို့မှာ နိုင်ငံရေးနှင့် ပြည်သူ့ဆက်ဆံရေးတွင် အတွေ့အကြုံ လုံးဝမရှိ
သူများဖြစ်သည်။
Ref: Aljazeera