News @ M-Media

၂ နှစ်အရွယ်ကလေးငယ်ကို အသက်ဘေးမှကယ်တင်သည့် စင်ကာပူရဲများကို ပြည်သူများ ချီးကျူး

ဧပြီ ၅၊ ၂၀၁၇
M-Media

တပ်ကြပ်ကြီး မိုဟာမက် အဇ်ဟာရ် အဘ်ဒူလ် အဇစ်(လယ်) နှင့် ၎င်း၏ အဖွဲ့သားများ

– စင်ကာပူက ရဲဌာနတစ်ခုဟာ ၀က်ရူးပြန်ပြီး သတိလစ်နေတဲ့ အသက် ၂ နှစ်အရွယ်ကလေးငယ်ကို အသက်ဘေးကနေ ကြိုးစားပမ်းစား ၀ိုင်းဝန်းကယ်တင်ခဲ့ကြပြီး စင်ကာပူပြည်သူတွေရဲ့ ချီးကျူးဂုဏ်ပြုမှုကိုလည်း ရရှိခဲ့ပါတယ်။

စင်ကာပူနိုင်ငံ အရှေ့မြောက်ပိုင်း ဆန်ကန်ရပ်ကွက် ရဲဌာနဖြစ်ပြီး မတ်လ ၁၈ ရက်နေ့ နေ့လည်ပိုင်းက အမျိုးသမီးတစ်ဦးဟာ သတိလစ်နေတဲ့ သားငယ်လေးနဲ့အတူ ရဲစခန်းကို လာရောက်အကူအညီတောင်းခဲ့ပါတယ်။

တပ်ကြပ်ကြီး မိုဟာမက် အဇ်ဟာရ် အဘ်ဒူလ် အဇစ်က မိခင်ဖြစ်သူရဲ့ ပြောကြားမှုကို နားထောင်နေတဲ့အချိန်မှာ ကလေးငယ်လေးဟာ သတိလစ်နေတဲ့အနေအထားကို သတိပြုမိခဲ့ပါတယ်။

“ကျွန်တော် ရှော့ရသွားတယ်ဗျ။ ကျွန်တော် မြန်မြန်မကယ်တင်ရင် ကလေးငယ်က သေတော့မယ်ဆိုတာ ကျွန်တော် သိလိုက်တယ်။ ကလေးက အသက်မရှုတော့ဘူး။ နှလုံးလည်း မခုန်တော့ပါဘူး” လို့ အဇ်ဟာရ်ကပြောပါတယ်။

ဘေးနားမှာရှိနေတဲ့ တပ်ကြပ် မိုဟာမက် အဒမ် ရိုလန်က ချက်ချင်းပဲ လူနာတင်ယာဉ်ကို ဖုန်းဆက်ခေါ်ခဲ့ပြီး အဇ်ဟာရ်က ကလေးငယ်လေးကို လက်နဲ့ပွေ့ကာ ရင်ဘတ်ကို ဖိပြီး နှလုံးခုန်အောင်၊ ပါစပ်နဲ့တ့ကာ လေမှုတ်ပြီး အသက်ပြန်ရှုလာအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။

“အဲဒီအချိန်မှာ ကျွန်တော်တွေးမိတာတစ်ခုက ဒီကလေးဟာ ကျွန်တော့်သမီးနဲ့ သက်တူရွယ်တူလေးဖြစ်ပြီး၊ သူ အသက်ပြန်ရှင်လာအောင် အကောင်းဆုံး ဆောင်ရွက်ပေးရမယ် ဆိုတာပါ” လို့ တပ်ကြပ်ကြီးက ဖွင့်ဟခဲ့ပါတယ်။

အဇ်ဟာရ်ရဲ့ ဒီလို နည်းစနစ်မှန်မှန်နဲ့ ဆောင်ရွက်ပေးမှုကြောင့် ကလေးငယ်ဟာ သတိပြန်လည်လာပြီး အသက်ပြန်ရှုခဲ့ပါတယ်။

“လူနာတင်ယာဉ်စောင့်နေတဲ့အချိန်မှာ ကျွန်တော်ဟာ သူသတိမလစ်စေဖို့ ဆောင်ရွက်ပေးနေခဲ့ပါတယ်။ ကလေးက ကျွန်တော့်ကို လက်ဝါးရိုက်ပြီး တုန့်ပြန်တဲ့အချိန်မှာ ကျွန်တော်ဟာ တော်တော်လေး စိတ်သက်သာရာ ရသွားခဲ့ပါတယ်”

နောက်ထပ် တပ်ကြပ်တစ်ယောက်ဖြစ်တဲ့ ဂျိုရှူဝါ ကွက်က ဘေးနားမှာရှိတဲ့ ဆေးခန်းမှာ အကူအညီသွားတောင်းတဲ့အခါ ဆရာဝန်တစ်ယောက် တွေ့ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေဟာ ကလေးငယ်ကို ဆရာဝန်ဆီ ခေါ်သွားခဲ့ပြီး နောက်ပိုင်းမှာ ဆေးရုံကို တင်ပို့ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဒီလို ကြိုးစားပမ်းစား ဆောင်ရွက်မှုကြောင့် ကလေးငယ်လေးဟာ အသက်ပြန်ရှင်ခဲ့ပါတယ်။

စင်ကာပူရဲတပ်ဖွဲ့က ဆန်ကန်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဒီလို စွမ်းစွမ်းတမံ ဆောင်ရွက်မှုကို ဧပြီလ ၄ ရက်နေ့မှာ သူတို့ရဲ့ Facebook စာမျက်နှာ လွှင့်တင်ခဲ့ပြီး ပြည်သူတွေလည်း သူတို့ရဲ့ ပြည်သူ့ရဲတွေကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

Ref: Straits Times