ဧပြီ ၂၂၊ ၂၀၁၇
M-Media
– မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးအတွက် အသက်စွန့်သွားကြတဲ့ သူတွေထဲက ၄ ဦးကို ဂုဏ်ပြုဖော်ပြထားတဲ့ စာအုပ်တစ်အုပ် မကြာခင်ထွက်လာတော့မယ်လို့ သိရပါတယ်။
“ခွပ်ဒေါင်းဇာနည် ဒီမိုကရေစီသူရဲကောင်း လေးဦး” လို့ အမည်ရတဲ့ စာအုပ်ဖြစ်ပြီး NLD စီးအီးအိုတွေထဲက တစ်ဦးအပါအ၀င်ဖြစ်တဲ့ ဗိုလ်မှူးဟောင်း မောင်သော်က၊ NLD အမာခံ ဦးအောင်မေသု၊ NLD ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ NLD အဖွဲ့ဝင် ကိုနေ၀င်းတို့အကြောင်းကို ဖော်ပြထားတာဖြစ်ပါတယ်။
ဗိုလ်မှူးဟောင်း မောင်သော်ကနဲ့ ဦးအောင်မေသုတို့ဟာ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားရင်း စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီး နှိပ်စက်ငြှင်းပမ်းမှုကြောင့် အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားကြသူတွေ ဖြစ်ပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကတော့ စစ်အာဏာရှင်က တစ်ဖက်လက်နဲ့ အာဏာချုပ်ကိုင်ထားနိုင်မယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကို ပြုပြင်ပြောင်းလဲကာ ပြည်သူ့လက်ထဲ အာဏာအပြည့်အ၀ထည့်ပေးဖို့ ဆောင်ရွက်ရင်း စစ်အာဏာရှင်လက်ပါးစေဟောင်းတွေနဲ့
ဘုရားသူခိုး၊ ထောင်ထွက်တွေရဲ့ ပူးပေါင်းလုပ်ကြံမှုကို ခံခဲ့ရသူ ဖြစ်ပါတယ်။
တက္ကဆီယာဉ်မောင်းကိုနေ၀င်းဟာ ဦးကိုနီကို သတ်ဖြတ်သူကို လိုက်လံဖမ်းဆီးရင် သေနတ်သမားရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရပြီး သေဆုံးခဲ့ကာ မြန်မာနိုင်ငံရဲ့ တရားမျှတမှုကို မြတ်နိုးသူတွေအတွက် ပြယုဂ်တစ်ခု ဖြစ်ခဲ့ပါတယ်။
စာမျက်နှာ ၃၀၀ ခန့်ပါဝင်မယ့် ဒီစာအုပ်မှာ ဂျာနယ်လစ် စာရေးဆရာ ဦးစည်သူအောင်မြင့်၊ NLD အမာခံ စာရေးဆရာ ဦးထင်လင်းဦး၊ စာရေးဆရာ ၀ါးခယ်မမောင်မင်းနိုင်၊ ထက်မြက်၊ Z.ဖေ၀င်းတို့က ဒီပုဂ္ဂိုလ် ၄ ဦးရဲ့အကြောင်းကို ရှုထောင့်ပေါင်းစုံကနေ တင်ပြထားတာပါ။
၂၀၁၇ ခုနှစ် ဧပြီ ၂၆ ရက်နေ့ထွက်ရှိမှာဖြစ်တာကြောင့် စာဖတ်ပရိတ်သတ်များ ၀ယ်ယူဖတ်ရှုနိုင်ဖို့ သတင်းကောင်းပါးလိုက်ရပါတယ်။
Photo Credit – Facebook Page of ၀ါးခယ်မ မောင်မင်းနိုင်