News @ M-Media

တောင်အာဖရိကတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်သည့် ဆန္ဒပြပွဲ ပြုလုပ်

မေ ၂၁၊ ၂၀၁၇
M-Media

– နိုင်ငံအတွင်း အမျိုးသမီးများနှင့် ကလေးများအပေါ် အကြမ်းဖက်မှုများ မြင့်တက်လာခြင်းကို ဆန့်ကျင်သည့်အနေဖြင့် တောင်အာဖရိကပြည်သူ ရာပေါင်းများစွာမှာ ယမန်နေ့က မြို့တော် ဂျိုဟန်နစ္စဘတ်တွင် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

Not In My Name ဟု ခေါ်သည့် အဖွဲ့က တိုက်တွန်းဆော်သြမှုကြောင့် ပေါ်ပေါက်လာသည့် အဆိုပါ ဆန္ဒပြမှုတွင် ပါဝင်သူအများစုမှာ အမျိုးသားဖြစ်ကြပြီး၊ ဆန္ဒပြလူအုပ်ကြီးမှာ ဦးခေါင်းမှ ခြေထောက်အထိ အဖြူရောင်ဝတ်ထားသော အမျိုးသမီး၏နောက်တွင် စုရုံးကာ မြို့တော်၏ လမ်းများ၌ စီတန်း လှည့်လည်ခဲ့ကြသည်။

“ကျွန်တော်တို့ရဲ့ ရှက်စရာကောင်းတဲ့ လုပ်ရပ်အတွက် အခုအချိန်မှာ ကျွန်တော်တို့အားလုံး စုပေါင်း တာဝန်ယူရမယ့်အချိန် ရောက်နေပါပြီ။ တောင်အာဖရိက အမျိုးသားတွေက ဒီကိစ္စအတွက် နှုတ်ဆိတ်နေတာကြာပါပြီ။ ဘေးအိမ်က အမျိုးသမီးတစ်ယောက်ရဲ့ အော်ဟစ်သံကို ကြားပြီး ဘေးအိမ်မှာ ပြဿနာဖြစ်နေတာကို သိပေမယ့် အိပ်နေဖို့ ဆုံးဖြတ်ကြတယ်။ ခင်ဗျားရဲ့ရှေ့မှာ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ရိုက်နှက်တာမျိုး၊ အဓမ္မကျင့်တာမျိုး မရှိသင့်ပါဘူး” ဟု မိမိကိုယ်ကို ချစ်ခင်စရာ ဖခင်၊ ညီအစ်ကို၊ ဦးလေးအဖြစ် သတ်မှတ်ပြောဆိုခဲ့သည့် ဆန္ဒပြမှုကို စီစဉ်သူ ခိုလိုဖီလို မက်စ်ဟာက ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး ရာဇ၀တ်မှုအချို့ အဖြစ်များသော တောင်အာဖရိကနိုင်ငံတွင် မိန်းကလေးငယ်များနှင့် အမျိုးသမီးများအား အဓမ္မကျင့်ခြင်း၊ သတ်ဖြတ်ခြင်း စသည့်သတင်းများမှာ လတ်တလောတွင် သတင်းခေါင်းကြီးပိုင်းများ၌ ပါဝင်လာခဲ့သည်။

တောင်အာဖရိက၌ ၈ နာရီတိုင်းတွင် အမျိုးသမီးတစ်ဦးမှာ ၎င်းနှင့် သိကျွမ်းသူ တစ်ဦးဦး၏ သတ်ဖြတ်ခြင်းကို ခံနေရပြီး၊ အမျိုးသမီး ၅ ဦးတွင် ၁ ဦးမှာ သူမ၏ ဘ၀၌ အနည်းဆုံး အကြမ်းဖက်မှုတစ်ကြိမ် ခံရသည်ဟု တရားဝင် မှတ်တမ်းများက ဖော်ပြနေသည်။

Ref: Aljazeera