ဇူလိုင် ၂၆၊ ၂၀၁၇
M-Media
– အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာပြည်နယ်ရှိ စစ်စခန်းတစ်ခုကို တာလီဘန်က တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၆ ဦး သေဆုံးခဲ့ပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ခက်ရက်ဇ်ခရိုင်တွင် အင်္ဂါနေ့ညနေပိုင်းက ဖြစ်ပွားခဲ့သော ထိုအဖြစ်အပျက်အတွင်း အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ စစ်သား ၂၁ ဦးပျောက်ဆုံးနေပြီး ၇ ဦးမှာလည်း ပြန်ပေးဆွဲခံထားရသည်။
တာလီဘန်ကမူ ၎င်းတို့၏ တိုက်ခိုက်မှုအတွင်း စစ်သား အနည်းဆုံး ၇၀ သေဆုံးပြီး စစ်သုံးယာဉ်များ၊ ပစ္စည်းကိရိယာများ၊ စက်ပစ္စည်းများနှင့် လက်နက် အများအပြား သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ တာလီဘန်မှာ ယခုနှစ်အတွင်း အာဖဂန်စစ်တပ် အဆောက်အဦးများကို တိုးမြှင့်တိုက်ခိုက်လာခဲ့သည်။
ဧပြီလကလည်း နိုင်ငံမြောက်ပိုင်း မာဇာရ် အီ ရှရစ်ဖ်မြို့ရှိ စစ်အခြေစိုက်စခန်းကို တာလီဘန်များက တိုက်ခိုက်မှုကြောင့် စစ်သား ၁၄၀ ကျော် သေဆုံးခဲ့ပြီး၊ အာဖဂန်စစ်တပ်အပေါ် တာလီဘန်၏ အဆိုးဝါးဆုံး တိုက်ခိုက်မှုများမှ တစ်ခုဖြစ်သည်။
အမေရိကန် စောင့်ကြည့်အဖွဲ့တစ်ခုဖြစ်သည့် SIGAR က အာဖဂန်လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်ဒဏ်ရာရမှုမှာ ၂၀၁၆ ခုနှစ်တွင် ၃၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၆၈၀၀ သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။
Ref: Aljazeera