သြဂုတ် ၁၄၊ ၂၀၁၇
M-Media
– ၂၉ ကြိမ်မြောက် မလေးရှားဆီးဂိမ်းရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု A အဖွင့်ပွဲစဉ်ကို ဒီနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့ရာမှာ မြန်မာ ယူ-၂၂ အသင်းဟာ စင်ကာပူ ယူ-၂၂ အသင်းကို ခြေစွမ်းအသာနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဆီးဂိမ်းအတွက် အသေအချာပြင်ဆင်ထားတဲ့ မြန်မာအသင်းဟာ ဆလာယန်းဘောလုံးကွင်းမှာကစားတဲ့ ဒီပွဲမှာ အသင်းလိုက်ကစားအား ကောင်းမွန်ခဲ့ပြီး မလေးရှားရောက် မြန်မာပရိတ်သတ်တွေကလည်း တစ်ခဲနက် လာရောက်အားပေးခဲ့ကြပါတယ်။
မြန်မာအသင်းအတွက် ဂိုးတွေကိုတော့ ပထမပိုင်း မပြီးခင်နဲ့ ဒုတိယပိုင်းတို့မှာ တိုက်စစ်မှူးအောင်သူက ခြေစွမ်းပြ သွင်းယူခဲ့တာပါ။ စင်ကာပူအသင်းက ဒုတိယပိုင်းမှာ ပိုပြီး အချိန်အဆက်မိလာပေမယ့် ချေပဂိုးတွေကို သွင်းယူနိုင်ခြင်း မရှိပါဘူး။
စင်ကာပူနည်းပြ ရစ်ချက် တာဒီက သူတို့အသင်းအနေနဲ့ ပထမပိုင်းမှာ ကောင်းကောင်းမကစားနိုင်ခဲ့ကြောင်း၊ အရင်က ရှုံးနိမ့်ခဲ့ဖူးတာကြောင့် မြန်မာအသင်းကို ကြောက်ရွံ့နေခဲ့ကြောင်း၊ ဒုတိယပိုင်းမှာတော့ ယုံကြည်မှုရလာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုလည်း ပိုရလာခဲ့ကြောင်း၊ ရလဒ်အတွက် စိတ်ပျက်ရကြောင်း ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
မြန်မာနည်းပြ ဂတ်ဆီဇီက အခုလိုနိုင်ပွဲရတဲ့အတွက် ၀မ်းသာကြောင်း၊ ကောင်းကောင်းကစားနိုင်ခဲ့ပြီး နောက်ထပ်ကစားရမယ့်ပွဲကို အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် သြဂုတ်လ ၁၆ ရက်နေ့မှာ ဘရူးနိုင်းအသင်းနဲ့ ကစားရမှာဖြစ်ပြီး၊ စင်ကာပူကတော့ အိမ်ရှင်မလေးရှားနဲ့ ကစားရမှာ ဖြစ်ပါတယ်။
Ref: CNA, MFF