News @ M-Media

ဧည့်စာရင်း တိုင်ကြားခြင်း နှင့် လဝကကို အကြောင်းကြားရန်

မြို့နယ်တစ်မြို့နယ်အတွင်းလာရောက် တည်းခိုတော့မယ်ဆိုရင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအရ တည်းခိုသူအား အရေးယူခြင်းကို ပယ်ဖျက်ထားတာ မှန်သော်လည်း၊ အခြားပုဒ်မများနဲ့ အရေးယူနိုင်စရာ အကြောင်းများ ရှိနေပါတယ်။

ရပ်/ကျေးဥပဒေ ပုဒ်မ-၁၃(ဎ)အရ

“တရားဥပဒေ စိုးမိုးရေး၊ မှုခင်းကျဆင်းရေးနှင့် လုံခြုံရေးတို့အတွက် စစ်ဆေးရန် လိုအပ်သော နေအိမ် ဥပစာနှင့်နေရာများကို လုံလောက်သော အကြောင်းပြချက်နှင့် အဖွဲ့ဖြင့် စနစ်တကျ ဝင်ရောက် စစ်ဆေးခြင်း”

ရပ်/ကျေးဥပဒေ ပုဒ်မ-၁၃(တ)အရ

“နိုင်ငံခြားသား ဝင်ထွက်သွားလာမှုကို သက်ဆိုင်ရာသို့ သတင်းပေးခြင်း”

ရပ်/ကျေးဥပဒေ ပုဒ်မ-၁၃(ဇ)အရ

“ရပ်ကွက် သို့မဟုတ် ကျေးရွာအတွင်း နေထိုင်သူမဟုတ်သော မသင်္ကာဖွယ် သူစိမ်းတွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပို့ခြင်းနှင့် ထူးခြားဖြစ်စဉ်များကို အချိန်နှု့် တစ်ပြေးညီ အစီရင်ခံခြင်း”

ဥပဒေပြဌာန်းချက်များအရ လာရောက်တည်းခိုသူကို အရေးယူနိုင်ပါတယ်။

ရပ်/ကျေးဥပဒေ ပုဒ်မ-၁၇ အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအတွင်း နေထိုင်သူသည် ညဉ့်အိပ် ညဉ့်နေ ဧည်သည်အဖြစ် လာရောက်တည်းခိုလျှင် သို့မဟုတ် ဧည့်သည် ပြန်လည်ထွက်ခွာသွားလျှင် အုပ်ချုပ်ရေးမှူးထံ သတ်မှတ်ချက်များနှင့်အညီ မတိုင်ကြားလျှင် အိမ်ရှင်ကိုလည်း အရေးယူပါလိမ့်မယ်။

မှတ်ပုံတင်မရှိ၊ နိုင်ကတ်မရှိ၊ ယာယီကတ်ပြားတစ်မျိုးမျိုး မရှိသူများ အနေနဲ့ ၁၉၄၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံတွင်း နေထိုင်သူများမှတ်ပုံတင်ရေး ဥပဒေ ပုဒ်မ – ၆ (၂) ၆ (၃) အရ အရေးယူ ခံရပါလိမ့်မယ်။

အဲဒီတော့……..
မြို့နယ်တစ်မြို့နယ်အတွင်း လာရောက် တည်းခိုတော့မယ်ဆိုရင် အိမ်ရှင်က ဧည့်စာရင်းလည်း တိုင်ကြပါ။ လာရောက်တည်းခိုသူက ရပ်ကျေး/ရဲထောက်ခံချက်လည်း ယူခဲ့ကြပါ။ သက်ဆိုင်ရာ လဝကကိုလည်း အကြောင်းကြားကြပါ။ လဝကကို အကြောင်းမကြားရင် ၁၉၄၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံတွင်း နေထိုင်သူများမှတ်ပုံတင်ရေး ဥပဒေ ပုဒ်မ – ၆ (၂) ၆ (၃) အရ အရေးယူ ခံရပါလိမ့်မယ်။ ထောင်ဒဏ် ၂ နှစ် အထိနဲ့ ငွေဒဏ်ချမှတ်နိုင်ပါတယ်။၁၉၅၁ ခုနှစ် မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ ပုဒ်မ- ၂၅၊ ၂၆၊၂၈ တို့အရ အရေးယူခြင်း ဖြစ်ပါတယ်။

နည်းဥပဒေ ၂၅ ရဲ့ ဆိုလိုရင်းက မိမိမှတ်ပုံတင်ထားတဲ့ လိပ်စာက ထွက်ခွာရင်သက်ဆိုင်ရာ လ.ဝ.က ကိုအကြောင်းကြားရမယ်။

နည်းဥပဒေ ၂၆ ရဲ့ဆိုလိုရင်းက မိမိ မှတ်ပုံတင်ထားတဲ့လိပ်စာ ပြောင်းရင်းလည်း သက်ဆိုင်ရာ လဝက ကိုအကြောင်းကြားရမယ်။

နည်းဥပဒေ ၂၈ အရ သက်သေခံကတ်ပြားတစ်ခုခု မရှိရင်လည်း သက်ဆိုင်ရာ လဝက ကို အကြောင်းကြားရမယ်လို့ ဖော်ပြထားပါတယ်။

ခရီးသွားလာရင်သာမက နိုင်ငံသား စိစစ်ရေးကတ်ပြား မလျှောက်ထားရသေးသူများ၊ လျှောက်ထားဆဲများ၊ ပျောက်ဆုံးများ၊ ယာယီသက်သေခံကတ်ပြားအသစ် မထုတ်ရသေးသူများ၊ ယာယီသက်သေခံ ကတ်ပြားတစ်ခုခု မရှိသူများ၊ အဖြူရောင်ကတ်၊ အစိမ်းရောင်ကတ် မရှိသူများ၊ ရှိသူများ အားလုံးကိုလည်း သက်ဆိုင်ရာ လဝကကို အကြောင်းမကြားရင် အရေးယူခံရမှာ ဖြစ်ပါတယ်။ အားလုံး အကျုံးဝင်တယ်လို့ ဆိုပါတယ်။

နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသူများလည်း ခရီးသွားရင် သက်ဆိုင်ရာ လဝကကို အကြောင်းကြားပြီးမှ သွားရမယ် လို့တောင် ပြောနေပါပြီ၊ အချိန်မကျသေးလို့ ကျွန်တော် အသေးစိတ် မပြောသေးတာပါ။

ကြိုတင် ကာကွယ်နည်း ကတော့…

မိမိမှတ်ပုံတင်ထားတဲ့လိပ်စာက ထွက်ခွာရင်၊ သက်ဆိုင်ရာ လ.ဝ.က ကိုအကြောင်းကြားပါ။

မိမိ မှတ်ပုံတင်ထားတဲ့လိပ်စာ ပြောင်းရင်လည်း၊ သက်ဆိုင်ရာ လဝက ကိုအကြောင်းကြားပါ။

သက်သေခံကတ်ပြားတစ်ခုခု မရှိရင် လည်း သက်ဆိုင်ရာ လဝက ကို အကြောင်းကြားပါ။

သက်ဆိုင်ရာ လဝကဆိုရာမှာ မိမိနေထိုင်တဲ့ မြို့နယ် လဝက နဲ့ လာရောက် တည်းခိုတဲ့ မြို့နယ် လဝက တို့ကို အကြောင်းကြားတာ အကောင်းဆုံးပါပဲ။ နည်းဥပဒေ ပုဒ်မ-၂၅၊ နည်းဥပဒေ ပုဒ်မ-၂၆ နဲ့ နည်းပဒေ ပုဒ်မ-၂၈တို့ကို မိအောင် ရေးဖို့ လိုပါတယ်။ မိမိမှတ်ပုံတင်ထားတဲ့ လိပ်စာက ထွက်ခွာရင်၊ လိပ်စာပြောင်းရင်၊ ယာယီ သက်သေခံကတ်ပြား တစ်မျိုးမျိုး မရှိရင် သက်ဆိုင်ရာ လဝကများကို ကြိုတင် အကြောင်းကြားထားကြပါ။

မကြာခင် ၁၉၄၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံတွင်း နေထိုင်သူများမှတ်ပုံတင်ရေး ဥပဒေ ပုဒ်မ – ၆ (၂) ၆ (၃) အရ အရေးယူတဲ့ အမှုတွေ အများကြီး တက်စရာ အကြောင်းတွေ ရှိနေပါတယ်။ ၁၉၄၀ပြည့်နှစ်၊ နိုင်ငံခြားသားများ မှတ်ပုံ့တင်ရေး အက်ဥပဒေ ပုဒ်မ-၅(၁)(၂)(၃) တို့အရလည်း အရေးယူနိုင်ပါတယ်။ ၃နှစ်အထိ ထောင်ဒဏ်/ငွေဒဏ်၊ ပြည်နှင်ဒဏ်နဲ့ အမိန့်မချမီ ဖမ်းချုပ်ထားနိုင်ပါတယ်။

အဲဒီအထဲမှာ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ ရောယောင်ပြီး၊ ပါသွားနိုင်ပါတယ်။

အရေးယူချင်တဲ့အခါ အရေးယူမယ်။ အရေးယူချင်တဲ့ နေရာမှာ အရေးယူမယ့် သဘော ဖြစ်ပါတယ်။

ပေါ့ပေါ့ဆဆ မနေကြပါနဲ့။ တကယ်လုပ်နေပါတယ်။

ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ)
၂-၉-၂၀၁၇