News @ M-Media

အင်္ဂါဂြိုဟ်ကို ဘယ်သူအရင်ရောက်လဲ ပြိုင်ကြမယ့် Boeing နဲ့ Space X

ဒီဇင်ဘာ ၈၊ ၂၀၁၇
M-Media

– အင်္ဂါဂြိုဟ်ကို လူတွေရောက်ရှိရေးခရီးစဉ်မှာ နှာတစ်ဖျားသာနေတဲ့ အေလွန် မက်စ်ရဲ့ Space X ကို အနိုင်ယူပြီး ဂြိုဟ်နီကြီးကို အရင်သွားပြမယ်လို့ အမေရိကန် ထိပ်တန်း လေယာဉ်ကုမ္ပဏီ Boeing က စိန်ခေါ် ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့က CNBC သတင်းဌာနနဲ့ အင်တာဗျူးမှာ ဘိုးအင်း စီအီးအို ဒန်းနစ် မူလီယန်ဘာ့ဂ်က သူနဲ့ အေလွန် မက်စ်တို့ ဘယ်သူ အရင်ဆုံး အင်္ဂါဂြိုဟ်ရောက်နိုင်မလဲဆိုတဲ့ အမေးကို သူအရင်ရောက်မယ်လို့ ဖြေခဲ့တာပါ။

“နောက်ဆုံးမှာ ကျွန်တော်တို့ဟာ အင်္ဂါဂြိုဟ်ကို သွားကြတော့မှာဖြစ်ပြီး ဂြိုဟ်ပေါ်ကို ဘိုးအင်းဒုံးပျံနဲ့ သွားတဲ့သူက ပထမဆုံး ခြေချနိုင်မယ်လို့ ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်” လို့ မူလီယန်ဘာ့ဂ်က ပြောကြားခဲ့ပါတယ်။

ဘိုးအင်းဟာ Space Launch System ဆိုတဲ့ ဒုံးပျံမျိုးဆက်သစ်တစ်ခုကို နာဆာအတွက် တည်ဆောက်ပေးနေပြီး လက်ရှိမှာ နောက်ဆုံး တပ်ဆင်တဲ့အဆင့်ကို ရောက်နေကြောင်း၊ ၂၀၁၉ ခုနှစ်မှာ ပထမဆုံး စမ်းသပ်ပျံသန်းဖို့ရှိနေကာ လကမ္ဘာတစ်ဝိုက်ကို သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

မူလီယန်ဘာ့ဂ်ဟာ အရင်ကလည်း အာကာသခရီး အားပြိုင်ပွဲမှာ အေလွန်မက်စ်ကို အပြိုင်အဆိုင် ပြောကြားခဲ့ဖူးပါတယ်။

ဘိုအင်းဟာ နာဆာနဲ့ပေါင်းပြီး Deep Space Gateway လို့ခေါ်တဲ့ နည်းပညာမြင့် အာကာသစခန်းသစ်တစ်ခု ဆောက်လုပ်ဖို့ စီစဉ်နေပြီး အဲဒီစခန်းကနေတစ်ဆင့် အာကာသထဲက ပိုမိုဝေးကွာတဲ့နေရာတွေကို သွားရောက်တာ၊ သုတေသနလုပ်တာတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ မက်စ်ရဲ့ Space X ဟာ ၂၀၂၄ ခုနှစ်ရာက်ရင် အင်္ဂါဂြိုဟ်ကို သွားရောက်နိုင်အောင် စီမံကိန်းချမှတ်ထားပြီး နောက်ဆုံးပေါ် ဒုံးပျံတွေ ထုတ်လုပ်ရေးမှာလည်း Space X ဟာ ဦးဆောင်နေပါတ
ယ်။

မူလီယန်ဘာ့ဂ်ရဲ့ အခုစိန်ခေါ်မှုကို လက်ခံကြောင်း အေလွန် မက်စ်က Twitter စာမျက်နှာကနေတစ်ဆင့်
ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

Ref: Interesting Engineering