News @ M-Media

အမေရိကန်ရှိ ဂျူးဘုရားကျောင်းကို လူဖြူအစွန်းရောက်က အကြမ်းဖက်တိုက်ခိုက်၊ ၁၁ ဦးသေဆုံး

အောက်တိုဘာ ၂၈၊ ၂၀၁၈
M-Media

ဘုရားကျောင်းတစ်ဝိုက် မြင်ကွင်း

– အမေရိကန်ပြည်ထောင်စု ပင်ဆဲလ်ဗားနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့က ဂျူးဘုရားကျောင်းတစ်ခုမှာ မနေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။

Tree of Life ဘုရားကျောင်းဖြစ်ပြီး ဥပုသ်နေ့ ၀တ်ပြုဆုတောင်းစဉ်အတွင်း လူဖြူအမျိုးသားတစ်ယောက်က ‘ဂျူးတွေကို အကုန်သတ်ပစ်’ လို့ ဟစ်အော်ကာ ၀င်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

FBI က သေနတ်သမားဟာ အသက် ၄၀ ကျော်အရွယ် ရောဘတ်ဘောင်ဝါဆိုသူ ဖြစ်ပြီး ချေမှုန်းရေးရိုင်ဖယ်တစ်လက်၊ ပစ္စတို သုံးလက်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့ကာ လက်ရှိမှာ ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပစ်ခတ်မှုအတွင်း ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပင်ဆဲလ်ဗားနီးယားပြည်နယ်အတွင်း အသုံးပြုနေတဲ့ ဆိုရှယ်မီဒီယာ Gab က အကောင့်မှာ ဘောင်ဝါက ‘( Hebrew Immigrant Aid Society ဆိုတဲ့ ဂျူးဒုက္ခသည်အဖွဲ့ဟာ) ငါတို့ပြည်သူတွေကို သတ်နေတဲ့ ကျူးကျော်သူတွေကို နိုင်ငံထဲ သွင်းနေတယ်။ ငါ့လူမျိုးတွေ အသတ်ခံနေရတာကို ဒီအတိုင်း ထိုင်မကြည့်နေနိုင်ဘူး။ မင်းတို့မျက်လုံးတွေ ပိတ်ရင်ပိတ်ထားကြ။ ငါ ရင်ဆိုင်မယ်’ လို့ မကြာသေးမီက ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ပစ္စတိုတွေ၊ ကျည်ဆံတွေနဲ့ ပစ်မှတ်ပုံတွေကိုလည်း ဘောင်ဝါက ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ဖူးပြီး Gab ကုမ္ပဏီက လွှင့်တင်ထားတဲ့ စာမျက်နှာဟာ ဘောင်ဝါရဲ့ စာမျက်နှာအစစ်ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒါဟာ အမုန်းတရားကိုအခြေခံတဲ့ တိုက်ခိုက်မှုဖြစ်ပြီး တစ်ခုခု လုပ်ရမှာဖြစ်ကြောင်း၊ ဒီလို ကျူးလွန်သူကို သေဒဏ်ပေးသင့်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Ref: Aljazeera