News @ M-Media

နီပေါနိုင်ငံမှ နာမည်ကြီးရသေ့တစ်ပါး လူပျောက်မှုဖြင့် စုံစမ်းစစ်ဆေးခံနေရ

ဇန်န၀ါရီ ၈၊ ၂၀၁၉
M-Media

‘ဗုဒ္ဓအငယ်စားလေး’ လို့ကျော်ကြားသည့် ရာမ ဘဟာဒူးရ် ဘွမ်ဂျန်

– ‘ဗုဒ္ဓအငယ်စားလေး’ လို့ကျော်ကြားတဲ့ ရသေ့တစ်ပါးကို ဒကာ၊ ဒကာမတွေ ပျောက်ဆုံးမှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ နီပေါရဲတပ်ဖွဲ့က မနေ့မှာ ပြောကြားလိုက်ပါတယ်။

ရာမ ဘဟာဒူးရ် ဘွမ်ဂျန်လို့ခေါ်တဲ့ အဲဒီရသေ့ဟာ တောထဲမှာ လနဲ့ချီ မစားမသောက်ဘဲ တရားကျင့်မှုကြောင့် ၂၀၀၅ ခုနှစ်မှာ စတင်ကျော်ကြားခဲ့ပြီး ‘ဗုဒ္ဓအငယ်စားလေး’ လို့ သမုတ်ခံခဲ့ရပါတယ်။

လက်ရှိမှာ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ သူဟာ သူ့နောက်လိုက်တွေထဲက တစ်ချို့အပေါ် လက်ရောက်ကျူးလွန်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိတယ်လို့ စွပ်စွဲခံထားရပါတယ်။

နီပေါရဲတပ်ဖွဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုက ပြောရေးဆိုခွင့်ရှိသူ အူမာ ပရာဆဒ် ချာတူရ်ဘီဒီက ဘွမ်ဂျန် တရားအားထုတ်ရာ နေရာတွေမှာ ပျောက်ဆုံးသွားတဲ့ လူ ၄ ဦးရဲ့ မိသားစုတွေက တိုင်ကြားမှု ပြုလုပ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

“ဘွမ်ဂျန်နဲ့ပတ်သက်ပြီး တိုင်ကြားထားမှုတွေအတွက် စုံစမ်းစစ်ဆေးမှု စတင်နေပါတယ်။ လက်ရှိမှာ ကနဦး စုံစမ်းစစ်ဆေးဆဲအဆင့်သာ ရှိတဲ့အတွက် အသေးစိတ်ကို ပြောလို့မရသေးပါဘူး”

လာရောက်ဖူးမျှော်သူ ထောင်နဲ့ချီရှိတဲ့ ဘွမ်ဂျန်ဟာ ယခင်ကလည်း ဒီလို စွပ်စွဲမှုတွေကို ခံခဲ့ရပါတယ်။

၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ အသက် ၁၈ နှစ်အရွယ် သီလရှင်တစ်ဦးက ဘွမ်ဂျန်ဟာ တရားကျင့်ရာ နေရာတစ်ခုမှာ သူမကို အဓမ္မကျင့်ခဲ့တယ်လို့ စွပ်စွဲကာ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒီလိုတိုင်ကြားမှုပေါင်း တော်တော်များများ ပေါ်လာခဲ့ပါတယ်။

ဘွမ်ဂျန်ကတော့ သူတရားအားထုတ်တာကို လာရောက်နှောက်ယှက်တဲ့အတွက် ရိုက်နှက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့အဖွဲ့ Bodhi Shrawan Dharma Sangha က စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။

Ref: CNA