စက်တင်ဘာ ၂၆၊ ၂၀၁၉
M-Media

-အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ IS အကြမ်းဖက်အဖွဲ့ဝင် အနည်းဆုံး ၁၆ ဦးကို ဖမ်းဆီးလိုက်တယ်လို့ မလေးရှားနိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
သြဂုတ်လ ၁၀ ရက်နေ့ကနေ စက်တင်ဘာ ၂၅ ရက်နေ့အထိ ကွာလာလမ်ပူမြို့၊ ဆာဘားပြည်နယ်တို့အပါအ၀င် နိုင်ငံတစ်ဝှမ်းမှာ ပြုလုပ်တဲ့ စစ်ဆင်ရေးတွေအတွင်း အင်ဒိုနီးရှားနိုင်ငံသား ၁၂ ဦး၊ မလေးရှားနိုင်ငံသား ၃ ဦးနဲ့ အိန္ဒိယနိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မလေးရှားရဲ့တပ်ဖွဲ့ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဌာန အကြီးအကဲ အယွဘ် ခန်း မိုင်ဒင်း ပစ်ချေးက ပြောကြားခဲ့ပါတယ်။
အကြမ်းဖက်သမားတွေဟာ နိုင်ငံရေးသမားတွေနဲ့ မွတ်စလင်မဟုတ်တဲ့ အုပ်စုတွေကို တိုက်ခိုက်ဖို့ ကြံစည်နေပြီး အခြား၊ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံသားတွေကိုလည်း ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် သွေးဆောင်နေတယ်လို့ ပစ်ချေးက ဆိုပါတယ်။
ဆာဘားပြည်နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ မလေးရှားနိုင်ငံသားနှစ်ဦးဟာ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဂျိုလိုမြို့က ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ အင်ဒိုနီးရှားမိသားစုကို ကူညီပေးခဲ့သူဖြစ်ကြောင်း မလေးရှား သတင်းဌာန Malaysiakini က ဖော်ပြခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့ မလေးရှားနိုင်ငံသားတွေဟာ IS အကြမ်းဖက်အဖွဲ့အတွက် ဝါဒဖြန့်ပေးတာ၊ ဖိလစ်ပိုင်အခြေစိုက် Maute လက်နက်ကိုင်အဖွဲ့အတွက် ငွေကြေးထောက်ပံ့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ Maute အဖွဲ့ဟာ ၂၀၁၇ ခုနှစ်က မာရာဝီမြို့ကို တစ်လကြာ စီးနင်းသိမ်းပိုက်ခဲ့ပါတယ်။
သြဂုတ်လအစောပိုင်းမှာ ဖမ်းဆီးခံရတဲ့ အသက် ၃၈ နှစ်အရွယ် အိန္ဒိယနိုင်ငံသားကတော့ IS အကြမ်းဖက်အဖွဲ့အတွက် ငွေကြေးရှာဖွေပေးသူလို့ စွပ်စွဲခံထားရပါတယ်။
မလေးရှားအစိုးရဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း IS အဖွဲ့ဝင် ရာနဲ့ချီကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဇွန်လက ဆီလန်ဂေါပြည်နယ် နိုက်ကလပ်တစ်ခုမှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် လူ ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒါဟာ မလေးရှားနိုင်ငံမှာ IS အကြမ်းဖက်အဖွဲ့ရဲ့ ပထမဆုံး တိုက်ခိုက်မှု ဖြစ်ပါတယ်။
Ref: Aljazeera