News @ M-Media

အာဖဂန်နစ္စတန်ရှိ ဗလီတစ်လုံး ဗုံးခွဲခံရ၊ ၆၂ ဦးသေဆုံး

အောက်တိုဘာ ၁၉၊ ၂၀၁၉
M-Media

တိုက်ခိုက်မှုပြီးနောက် မြင်ကွင်း

-အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းက ဗလီဝတ်ကျောင်းတော်တစ်လုံး မနေ့က ဗုံးခွဲတိုက်ခိုက်ခံရမှုအတွင်း အနည်းဆုံး ဝတ်ပြုသူ ၆၂ ဦးသေဆုံးခဲ့ပါတယ်။

နန်ဂါဟာပြည်နယ် ဟက်စ်ကာမိုင်နာ ခရိုင်က ဗလီတစ်လုံးမှာ သောကြာနေ့ ဝတ်ပြုဆုတောင်းနေစဉ်အတွင်း ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဗလီတစ်ခုလုံး ပြိုကျပျက်ဆီးခဲ့ပါတယ်။ အသေခံဗုံးခွဲမှုလား၊ အခြားနည်းလမ်းတစ်ခုနဲ့ ဖောက်ခွဲမှုလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ခိုယာနီက စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူကတော့ အနည်းဆုံး ၃၆ ဦး ရှိပါတယ်။

အာဖဂန်အစိုးရက ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး တာလီဘန်နဲ့ သူတို့ရဲ့ အပေါင်းအပါတွေဟာ ဝတ်ပြုဆုတောင်းနေစဉ်အတွင်းမှာတောင် အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေကာ ဒါတွေဟာ စက်ဆုပ်စရာကောင်းတဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

တိုက်ခိုက်မှုကို ဘယ်အဖွဲ့ကလုပ်လဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ အာဖဂန်နစ္စတန် အရှေ့ပိုင်းဟာ တာလီဘန်နဲ့ IS အကြမ်းဖက်အဖွဲ့တို့ အဓိကလှုပ်ရှားရာဒေသ ဖြစ်ပါတယ်။

တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဇဗီဟွလ္လာ မူဂျာဟစ်က ဒီတိုက်ခိုက်မှုကို ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အရပ်သားသေဆုံးမှု စံချိန်တင်

၂၀၀၁ ခုနှစ်မှာ အမေရိကန်က ကျူးကျော်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စတင်ခဲ့တဲ့ ၁၈ နှစ်ကြာ အာဖဂန်စစ်ပွဲမှာ အရပ်သားသေဆုံးမှုဟာ အခုနှစ်မှာ စံချိန်တင်ပမာဏအထိ ရောက်ရှိလာတယ်လို့ ကုလက ‌ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အာဖဂန်ဆိုင်ရာ ကိုယ်စားလှယ် တာဒါမီချီ ယာမာမိုတိုက အရပ်သားသေဆုံးမှု စံချိန်တင်မြင့်တက်လာတာကိုကြည့်ရင်၊ ပဋိပက္ခမှာ ပါဝင်သူတွေအနေနဲ့ အရပ်သားတွေကို ကာကွယ်ပေးရေး ပိုပြီး အာရုံထား ဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာကို ပြသနေတယ်လို့ ‌ပြောကြားခဲ့ပါတယ်။

Ref: The Guardian