News @ M-Media

မွန်ပြည်နယ်တိုက်ပွဲကြောင့် ပြည်သူ ၇၀၀ ကျော် ထိုင်းနိုင်ငံထဲဝင်ပြေး

နိုဝင်ဘာ ၂၈၊ ၂၀၁၉
M-Media

Wat Tao Than ကယ်ဆယ်ရေးစခန်းတွင် တွေ့ရသည့် ဒုက္ခသည်များ

-နိုင်ငံအနောက်ပိုင်း မွန်ပြည်နယ်မှာ မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရစစ်တပ်တို့အကြား တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂ ရက်အတွင်း မွန်ပြည်သူအများအပြား ထိုင်းနိုင်ငံထဲကို အိုးအိမ်စွန့်ခွာ ထွက်ပြေးရတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေဟာ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူအနီးမှာ ဗုဒ္ဓဟူးနေ့က စတင်ဖြစ်ပွားနေတာဖြစ်ပြီး လူ ၇၀၀ ကျော်လောက် ထိုင်းနိုင်ငံ ကချန်ဘူရီပြည်နယ်က ဆန်ခလာဘူရီခရိုင်ထဲကို ဝင်ပြေးလာကြောင်း၊ ခရိုင်အကြီးအကဲက ဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ ကြက်ခြေနီအဖွဲ့ကို စေလွှတ်ခဲ့ကြောင်း Bangkok Post မှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရ စစ်တပ်ဖက်က ထိုင်းမြန်မာနယ်စပ်ကိုသွားဖို့ ပြီးခဲ့တဲ့ ၂ ရက် ညှိနှိုင်းမှုမှာ အချိန်ကြန့်ကြာနေတဲ့အတွက် အင်အားသုံးလေးဆယ်လောက်နဲ့ ဝင်ရောက်လာတာကြောင့် ပစ်တာခတ်တာတွေ ဖြစ်ပွားခဲ့တာ‌လို့ မွန်အမျိုးသားလွတ်မြောက်ရေးတပ် MNLA ရဲ့ စစ်ဦးစီးချုပ် ဦးနိုင်လရီကောင်းက ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ အစိုးရတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တို့က ဂျပန်ရေတွင်းအနီး MNLA ရဲ့ မြို့နယ်ရုံးခွဲစခန်းကို ထိန်းချုပ်ထားပါတယ်။ သိမ်းပိုက်ခံရတဲ့စခန်းဟာ ၂၀၁၂ ခုနှစ် နှစ်ဖက် သဘောတူစာချုပ် လက်မှတ်ထိုးထားကတည်းက တည်ဆောက်ထားတဲ့စခန်းဖြစ်ပြီး သိမ်းပိုက်မှုဟာ စာချုပ်ကို ချိုးဖောက်တာဖြစ်တယ်လို့လည်း ဦးနိုင်လရီကောင်းက ဆိုပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေထဲက ၄၄၇ ဦးဟာ Wat Tao Than က ယာယီကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေပြီး ကျန်တဲ့ ၁၁၇ ဦးက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ စိုးရိမ်တဲ့အတွက် ထိုင်းအာဏာပိုင်တွေ စီစဉ်ပေးတဲ့ ကယ်ဆယ်ရေးစခန်းမှာ မနေလိုဘဲ အိမ်ပြန်ဖို့အတွက် ဆန္ဒရှိနေကြောင်း Bangkok Post မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒေသခံအာဏာပိုင်တွေနဲ့ ရပ်မိရပ်ဖတွေဟာ ထွက်ပြေးလာသူတွေကို ဒီကနေ့မှာ သွားရောက်တွေ့ဆုံပြီး စားနပ်ရိက္ခာတွေ ဝေငှကျွေးမွေးခဲ့တယ်လို့လည်း Bangkok Post က ဆိုပါတယ်။

Ref: Bangkok Post, BBC Burmese