News @ M-Media

တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

ဒီဇင်ဘာ ၁၄၊ ၂၀၂၀
M-Media

အမေရိကန်နှင့် အင်္ဂါဂြိုဟ်မှ ဂြိုဟ်သားများ မဟာမိတ်ဖွဲ့ထားကြောင့် အစ္စရေးအာကာသပညာရှင် ဖွင့်ဟ

အင်္ဂါဂြိုဟ်မှာ အခြေချနေထိုင်တဲ့ ဂြိုဟ်သားတွေနဲ့ အမေရိကန်တို့ မဟာမိတ်ဖွဲ့ထားကြသလို၊ ဂြိုဟ်သားတွေလည်း ကမ္ဘာကြီးကို ရောက်နေကြတယ်လို့ အစ္စရေး အာကာသပညာရှင် ဟာအင် အက်စ်ဟဒ်က ပြီးခဲ့တဲ့တစ်ပတ်မှာ ဖွင့်ဟလိုက်ပါတယ်။

အသက် ၈၇ နှစ်အရွယ် အက်စ်ဟဒ်ဟာ အစ္စရေးစစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဂြိုဟ်တု အလုံး ၂၀ လွှတ်တင်ရာမှာ ကြီးကြပ်ခဲ့သူပါ။ သူဟာ ၂၀၁၁ ခုနှစ်မှာ အနားယူခဲ့ပါတယ်။

ထရမ့်က ဒီအကြောင်းကို လူသိရှင်ကြားပြောချင်ပေမယ့် Aalactic Federation ဂြိုဟ်သားအဖွဲ့က ထုတ်မပြောဖို့ မေတ္တာရပ်ခံထားပြီး၊ လူသားတွေကို လေ့လာနေကြောင်း၊ ဂြိုဟ်သားတွေနဲ့ အာကာသယာဉ်တွေအကြောင်း လူသားတွေ နားလည်တဲ့အချိန်ရောက်မှ ထုတ်ပြောခိုင်ထားကြောင်း အက်စ်ဟဒ်က ဆိုပါတယ်။

ဒီဂြိုဟ်သားတွေဟာ အင်္ဂါဂြိုဟ်ရဲ့မြေအောက်မှာ နေထိုင်ပြီး၊ အမေရိကန်အာကာသယာဉ်မှူးတွေလည်း အဲဒီမှာရှိနေကြောင်း သူက​ ပြောပါတယ်။

ကမ္ဘာ့ ပထမဆုံး Solid state ဘတ္ထရီကားကို တိုယိုတာက မိတ်ဆက်မည်

Solid state ဘတ္ထရီပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ကားကို ဂျပန်ကားကုမ္ပဏီ တိုယာတာက လာမယ့်နှစ်မှာ မိတ်ဆက်ဖို့ ရှိ​တယ်လို့ Nikkei Asia သတင်းဌာနက ဖော်ပြပါတယ်။

ဒီဘတ္ထရီဟာ တစ်ခါအားသွင်းထားရင် မိုင် ၃၀၀ လောက် မောင်းနှင်နိုင်မှာဖြစ်ပြီး အားသွင်းချိန်ကလည်း ၁၀ မိနစ်လောက်သာ ကြာမြင့်မှာပါ။ Solid state ဘတ္ထရီဟာ သာမန် လစ်သီယံဘတ္ထရီတွေထက် မီးလောင်မှုအန္တရာယ်ကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။

Solid state ဘတ္ထရီနဲ့ လျှပ်စစ်ကားတွေကို ဂျပန်က အခြားကားကုမ္ပဏီ Nissan၊ ဂျာမနီက Volkswagen တို့ကလည်း ထုတ်လုပ်ရောင်းချနိုင်ဖို့ စီစဉ်နေပါတယ်။ တိုယိုတာဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကားထုတ်လုပ်ရေးကုမ္ပဏီလည်း ဖြစ်ပါတယ်။

Ref: Nikkei Asia, NBC