News @ M-Media

ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

ဇန်နဝါရီ ၆၊ ၂၀၂၀
M-Media

ဇန်နဝါရီပထမပတ် ပရီးမီးယားလိဂ်တွင် ကိုဗစ်ကူးသူ ၂ ဆမြင့်တက်

ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ပရီမီးယားလိဂ်အသင်းတွေမှာ ကိုဗစ်ကူးစက်သူ ကစားသမားနဲ့ ဝန်ထမ်း ၄၀ အထိ ရှိခဲ့ပြီး ဒါဟာ ဒီဇင်ဘာ နှောင်းပိုင်းကထက် ၂ ဆတက်လာတာပါ။စုစုပေါင်း ၂၂၉၅ ဦးကို စစ်ခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ တတိယပတ်မှာ ကူးစက်သူ ၁၈ ဦး၊ စတုတ္ထပတ်မှာ ၂၈ ဦး ရှိခဲ့ကာ ကူးစက်မှုဟာ အပတ်စဉ် မြင့်တက်နေတာ ဖြစ်ပါတယ်။ ပရီးမီယားလိဂ် စည်းမျဉ်းအရ ကူးစက်သူတွေဟာ ၁၀ ရက် ကွာရန်တင်း ဝင်ရမှာပါ။

ပိုးတွေ့သူရာခိုင်နှုန်း နည်းပါးပြီး၊ အစိုးရထံကလည်း ထောက်ခံချက် ရထားတာကြောင့် ကိုဗစ်စည်းကမ်းအတိုင်း လိုက်နာကာ ပွဲစဉ်တွေကို စီစဉ်ထားတဲ့အတိုင်း ဆက်ကစားသွားမယ်လို့ ပရီးမီးယားလိဂ်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသမီးဘောလုံးပြိုင်ပွဲတွေဖြစ်တဲ့ Super League နဲ့ FA Women’s Championship က အသင်းတွေမှာလည်း ကိုဗစ်ကူးစက်နေသူတွေကို တွေ့ရှိခဲ့ပါတယ်။

ဖလားတိုင်းကို အာရုံစိုက်ထားသည်ဟု မော်ရင်ဟိုပြော

Carabao Cup ဖိုင်နယ်ကို ရောက်ရှိခဲ့တာဟာ ဒီဖလားအတွက် သေချာ အာရုံစိုက်ကစားခဲ့တာကြောင့် ဖြစ်တယ်လို့ စပါးနည်းပြ မော်ရင်ဟိုက ပြောပါတယ်။

မနေ့က ဆီးမီးဖိုင်နယ်မှာ ဘရန့်ဖို့ဒ်အသင်းကို ၂ ဂိုးပြတ်နဲ့ နိုင်ပြီးနောက် စပါးအသင်း ဖိုင်နယ်ကို တက်သွားတာပါ။ ပရီးမီးယားလိဂ်ကို ရောက်လာပြီးတဲ့နောက် ဒီဖလားကို မော်ရင်ဟိုတစ်ယောက် ၄ ကြိမ် ရရှိထားပြီး ၅ ကြိမ်မြောက်ရရှိမယ့် အခြေအနေကို လက်ရှိ ရောက်နေတာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် လိဂ်ဖလားမှာ ချယ်ဆီးကို အနိုင်ရပြီးနောက်ပိုင်း စပါးအသင်း ဖလားမရတာ ၁၃ နှစ်ရှိပါပြီ။ မော်ရင်ဟိုက ၂၀၀၄ ခုနှစ် အင်္ဂလန်ကို စရောက်ကတည်းက ဖလားပြိုင်ပွဲတွေကိုရဲ့ သဘောသဘာ၀ကို လေ့လာခဲ့ပြီး အားလုံးကို အာရုံစိုက်ကစားခဲ့တယ်လို့ မနေ့က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့ FA ဖလားပွဲကို အာရုံစိုက်ထားတယ်လို့လည်းဆိုပါတယ်။ မော်ရင်ဟိုဟာ မတူညီတဲ့ ကလပ်အသင်း ၃ ခုနဲ့ Carabao Cup ဖလား ဖိုင်နယ်ရောက်တဲ့ တတိယမြောက် နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။

ဥရောပတွင် အေစီမီလန်အသင်းက တိုးတက်မှုအရှိဆုံးအသင်း ဖြစ်နေ

ဥရောပ အကောင်းဆုံး ဘောလုံးကလပ်အသင်းများ အညွှန်းကိန်း Euro Club Index အရ စီးရီးအေက အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း တိုးတက်မှုအရှိဆုံးဖြစ်တာကို တွေ့ရပါတယ်။

စီးရီးအေ ၁၅ ပွဲကစားပြီးချိန်မှာ လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်ကို ၁၀ မှတ်ဖြတ်ပြီး၊ ဒုတိယနေရာက အင်တာမီလန်အသင်းထက် ၁ မှတ်အကွာနဲ့ အေစီမီလန်က ဇယားကို ဦးဆောင်နေပါတယ်။ အညွှန်းကိန်းမှာ ပြီးခဲ့တဲ့နှစ်က အဆင့် ၄၇ ရှိရာကနေ အခုနှစ်မှာ ၂၀ အထိ တက်လာပါတယ်။

ပရီးမီးယားလိဂ်က အတိုးတက်ဆုံးအသင်းကတော့ ဒီတစ်ပတ်မှာ လီဗာပူးလ်ကို နိုင်ခဲ့တဲ့ ဆောက်သက်တမ် ဖြစ်ပါတယ်။ ​အညွန်းကိန်းကို ဦးဆောင်နေတဲ့ ထိပ်ဆုံး ၁၀ သင်းက ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ လီဗာပူးလ်၊ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်၊ အက်သလက်တီကိုမက်ဒရစ်၊ ပီအက်စ်ဂျီ၊ RB Leipzig၊ ဂျူဗင်တပ်စ်နဲ့ မန်ယူတို့ ဖြစ်ပါတယ်။

Ref : BBC