ဇွန် ၂၇၊ ၂၀၂၁
M-Media

-အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အိုဟိုင်းယိုးပြည်နယ်က ချီတက်စည်းဝေးပွဲတစ်ခုမှာ မနေ့က ပါဝင်ခဲ့ပြီး လွှတ်တော်မှာ ရီပက်ဘလစ်ကန်တွေ အနိုင်ရအောင် မဲပေးဖို့ ထောက်ခံသူတွေကို တိုက်တွန်းခဲ့ပါတယ်။
ရာထူးကနေ ဆင်းပြီးနောက်ပိုင်း ပထမဆုံး လူမြင်ကွင်းထွက်လာတာပါ။ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တယ်လို့လည်း ထရမ့်က ထပ်မံစွပ်စွဲပြောကြားခဲ့ပါတယ်။
လွှတ်တော်နေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရီပက်ဘလစ် အမတ်လောင်းတွေကို မဲဆွယ်ဖို့အတွက် မနေ့ကချီတက်ပွဲကို ပြုလုပ်တာဖြစ်ပါတယ်။
လွှတ်တော်နှစ်ခုစလုံးမှာ ဒီမိုကရက်တစ်ပါတီက အနည်းငယ် အသာစီးရနေပြီး ၂၀၂၂ ကြားဖြတ်ရွေးကောက်ပွဲအတွင်း ရီပက်ဘလစ်ကန်တွေ ပြန်အသာရဖို့ ထရမ့်က ဆော်ဩခဲ့ပါတယ်။
“အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ကို ကျွန်တော်တို့ ပြန်စိုးမိုးမယ်။ အမေရိကကိုလည်း ကျွန်တော်တို့ ပြန်စိုးမိုးပါမယ်။ သိပ်မကြာခင် ဒါမျိုး လုပ်ပြသွားမှာပါ”
ထရမ့်ရဲ့ ၁ နာရီခွဲကြာတဲ့ ဟောပြောမှုမှာ ၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေရှိခဲ့ပြီး အမှန်တကယ် မိမိနိုင်ခဲ့တာလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ဒါဟာ ရာစုနှစ်ရဲ့ မသမာမှုကြီးပါ။ ရာစုနှစ်ရဲ့ ရာဇဝတ်မှုလည်း ဖြစ်ပါတယ်။ ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ မသမာမှုဖြစ်ခဲ့တယ်။ ဒီရွေးကောက်ပွဲမှာ ကျွန်တော်တို့ တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်”
သူကို ထောက်ခံသူတွေကလည်း ‘ထရမ့်နိုင်တယ်’ ‘နောက်ထပ်လေးနှစ်’ လို့ ဟစ်အော်ခဲ့ကြပြီး ထရမ့်ကတော့ သူ့ရဲ့အနာဂတ် နိုင်ငံရေးသမားဘ၀ကို ရှင်းရှင်းလင်းလင်းပြောကြားခဲ့ခြင်းမရှိပါဘူး။
Ref: Reuters