News @ M-Media

တပ်ဖွဲ့များ ရုတ်တရုတ်ဆုတ်ခွာသည့် အမေရိကန်ကို အာဖဂန်သမ္မတ ပြစ်တင်


ဩဂုတ် ၂၊ ၂၀၂၁

M-Media 

-အာဖဂန်မှာ လုံခြုံရေးအခြေအနေ ဆိုးရွားလာတာဟာ အမေရိကန်က သူတို့တပ်တွေ ဆုတ်ခွာဖို့ ရုတ်တရက် ဆုံးဖြတ်လိုက်တာကြောင့်ဖြစ်တယ်လို့ အာဖဂန်သမ္မတ အက်ရှ်ရက်ဖ် ဂါနီက ပြစ်တင်ပြောဆိုလိုက်ပါတယ်။ 

အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်ဖွဲ့တွေ အာဖဂန်ကနေ ဆုတ်ခွာနေတဲ့အချိန် တာလီဘန်က တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်ကာ ​နယ်မြေတွေ သိမ်းပိုက်လာပြီး မြို့ကြီးတွေကို ခြိမ်းခြောက်တဲ့အထိ ဖြစ်လာပါတယ်။ 

ဒီကနေ့ လွှတ်တော်တွင်း လုံခြုံရေးအစီအမံကို တင်ပြရာမှာ လက်ရှိမတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေကို ၆ လအတွင်း အပြည့်အ၀ ထိန်းချုပ်နိုင်လိမ့်မယ်လို့ သမ္မတ ဂါနီက ပြောဆိုခဲ့ပြီး အမေရိကန်ရဲ့ ထောက်ခံမှုကို အပြည့်အ၀ ရရှိထားတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေက ဆုံးဖြတ်ချက်ကို အလျင်စလိုချလိုက်လို့ဖြစ်ပါတယ်”

တပ်တွေ အလျင်အမြန်ဆုတ်ခွာရင် နောက်ဆက်တွဲဆိုးကျိုး ဖြစ်လာနိုင်တယ်ဆိုတာ အမေရိကန်ကို သတိပေးခဲ့တယ်လို့လည်း ဂါနီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

သမ္မတဂါနီရဲ့ တင်ပြမှုအပြီးမှာ အာဖဂန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ခုစလုံးက ဂါနီရဲ့ လုံခြုံရေးအစီအမံကို အပြည့်အ၀ထောက်ခံကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

တာလီဘန်က ဂါနီရဲ့ ပြောကြားမှုတွေဟာ အဓိပ္ပါယ်မရှိတဲ့ ပြောကြားမှုတွေဖြစ်ပြီး ဂါနီရဲ့အချိန် ကုန်ဆုံးတော့မယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

Ref: Aljazeera