News @ M-Media

ဗျူဟာမြောက် တာဝေးပစ် ခရုဇ်ဒုံးကျည်အသစ်ကို မြောက်ကိုရီးယား စမ်းသပ်

စက်တင်ဘာ ၁၃၊ ၂၀၂၁
M-Media

-မဟာဗျူဟာမြောက် တာဝေးပစ် ခရုဇ်ဒုံးကျည်အသစ်ကို ပြီးခဲ့တဲ့ သီတင်းပတ်အဆုံးပိုင်းမှာ စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ကြေငြာလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဖန်တီးလာတဲ့ ဒီဒုံးကျည်တွေဟာ မိုင် ၉၃၀ အကွာအဝေးမှာရှိတဲ့ ပစ်မှတ်တွေကို အောင်မြင်စွာ ထိမှန်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ပါတယ်။

တိုင်းပြည်ရဲ့စစ်အင်အား အားကောင်းလာအောင် လုပ်ဆောင်ရေးဆိုတဲ့ ခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ တိုက်တွန်းဆော်ဩမှုနဲ့အညီ ဖန်တီးထုတ်လုပ်တဲ့ ဒီဒုံးကျည်သစ်ဟာ အလွန်အရေးပါတဲ့ မဟာဗျူဟာမြောက် လက်နက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြောက်ကိုရီးယားဟာ နောက်ဆုံးဒုံးကျည်စမ်းသပ်မှုကို အခုနှစ် မတ်လမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး တာတိုပစ်ဒုံးကျည်တွေ ဖြစ်ပါတယ်။ ထရမ့်အစိုးရလက်ထက်က ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး ကင်ဂျုံအွန်နဲ့ ထိပ်သီးဆွေးနွေးပွဲတွေ လုပ်ဆောင်ခဲ့ပေမယ့် ထိရောက်တဲ့ရလဒ် ထွက်မလာပါဘူး။

ခရုဇ်ဒုံးကျည်တစ်ခုကို ဗျူဟာမြောက်လက်နက်အဖြစ် ပြောဆိုတာဟာ နျူထိပ်ဖူးတပ်နိုင်တဲ့ ဒုံးကျည်အမျိုးအစားလို့ သွယ်၀ိုက်ပြောကြားတာဖြစ်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

တောင်ကိုရီးယား စစ်ဦးစီးအရာရှိချုပ်က အခုကိစ္စကို အမေရိကန်ထောက်လှမ်းရေးဌာနနဲ့ ပူးပေါင်းကာ သုံးသပ်နေတယ်လို့ဆိုပြီး အသေးစိတ်အချက်အလက်တွေကို မပြောခဲ့ပါဘူး။

Ref: Aljazeera