အောက်တိုဘာ ၁၀၊ ၂၀၂၂
M-Media
-၂၀၂၂ ခုနှစ် မလေးရှား၀န်ကြီးချုပ်ရဲ့ တမန်တော်မွေးနေ့ အထိမ်းအမှတ် အထူးဂုဏ်ပြုဆု (Perdana Maulidur Rasul award) ကို မူကြိုကျောင်းဆရာမဟောင်း တရုတ်အမျိုးသမီး ချီဟွိုင်လန်က ရရှိသွားပါတယ်။
နိုင်ငံတစ်၀ှမ်းက ထူးချွန်သူတွေ၊ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုသူတွေကို စီစစ်ရွေးချယ်ပြီး မလေးရှားအစိုးရက နှစ်စဥ် Perdana Maulidur Rasul award ဂုဏ်ပြုဆုကို ပေးအပ်ချီးမြှင့်နေတာ ဖြစ်ပါတယ်။
အသက် ၈၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ချီဟွိုင်လန်ဟာ သူ့ရဲ့ မူကြိုကျောင်းမှာ စွန့်ပစ်ခံခဲ့ရတဲ့ ကလေးငယ်တစ်ဦးကို မိဘတွေရဲ့ ကိုးကွယ်မှုအတိုင်း အစ္စလာမ်ဘာသာ၀င်အဖြစ် ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက် အခုလို ဂုဏ်ပြုခံခဲ့ရတာ ဖြစ်ပါတယ်။
သူမရဲ့သမီး ရိုဟာနာ အဘ်ဒူလာဟာ အင်ဒိုနီးရှား အမျိုးသမီးတစ်ဦးနဲ့ မလေးအမျိုးသားတို့ အိမ်ထောင်ကျပြီး ရရှိတဲ့ကလေး ဖြစ်ပါတယ်။ အသက် ၂ လအရွယ်မှာ မိခင်က ချီဟွိုင်လန်ရဲ့ မူကြိုကျောင်းမှာ ကလေးကို စွန့်ပစ်ခဲ့ပါတယ်။
ချီဟွိုင်လန်ဟာ ဒီကလေးကို အခက်အခဲအမျိုးမျိုးကြားထဲက အစ္စလာမ်ဘာသာ၀င်အဖြစ် လူလားမြောက်အောင် တစ်ဦးတည်း ရုန်းကန်ပြီး ပြုစုပြိုးထောင်လာခဲ့တာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် ရိုဟာနာ အဘ်ဒူလာရဲ့ နိုင်ငံသားလျှောက်ထားမှု အဆင်မပြေ ဖြစ်ရာကနေ ချီဟွိုင်လန်တို့ရဲ့အကြောင်းကို မလေးရှားတစ်နိုင်ငံလုံး သတိထားမိခဲ့ပြီး စာနာဖေးမမှုတွေ ရှိလာပါတယ်။
ရိုဟာနာရဲ့ နိုင်ငံသားလျှောက်ထားမှု လုပ်ငန်းစဥ်မှာ ပါ၀င်ကူညီပေးမယ်လို့ ၀န်ကြီးချုပ် အစ္စမာအီလ် ဆာဘရီ ယာကွဘ်က ကတိပြုခဲ့ပြီး အခုနှစ် ဧပြီလမှာ ရိုဟာနာတစ်ယောက် နိုင်ငံသားကတ် ရရှိခဲ့ပါတယ်။
လက်ရှိမှာ ရိုဟာနာဟာ မလာကာ နည်းပညာတက္ကသိုလ်မှာ ပညာဆက်လက် သင်ယူနေပါတယ်။
တနင်္ဂနွေနေ့က ပြုလုပ်တဲ့ ဆုပေးပွဲအခမ်းအနားမှာ ချီဟွိုင်လန်ကို မလေးရှားဘုရင်က ဆုချီးမြှင့်ခဲ့ပြီး Ibu Sejati-Keluarga Malaysia (မလေးရှား၏ မိခင်မွန်) အဖြစ် သတ်မှတ်ခဲ့ပါတယ်။
Ref: Free Malaysia Today