News @ M-Media

မြောက်ကိုရီးယား အာဏာရှင်မျိုးဆက်၏ ထောက်တိုင် ၀ါဖြန့်ချီရေးခေါင်းဆောင် ကွယ်လွန်

မေ ၉၊ ၂၀၂၄

M-Media 


– မြောက်ကိုရီးယားက အာဏာရှင် ကင်မိသားစုပုံရိပ်ကို ခိုင်မာအောင် ပုံဖော်ပေးခဲ့သူ ၀ါဒဖြန့်ချီရေးခေါင်းဆောင် ကင်ကီနမ်ဟာ အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ 

ဇရာကြောင့် ဖြစ်လာတဲ့ နာမကျန်းမှု၊ ကိုယ်တွင်းအင်္ဂါ ပျက်ဆီးမှု ဒဏ်တွေကို ပြီးခဲ့တဲ့နှစ်ကတည်းက စတင်ခံစားခံရပြီး မေလ ၇ ရက်နေ့မှာ ကင်ကီနမ်တစ်ယောက် ကွယ်လွန်သွားခဲ့ပြီလို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ပါတယ်။ 

ကင်ကီနမ်ဟာ တော်လှန်ရေးရဲ့ အယူ၀ါဒပိုင်းဆိုင်ရာကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကာကွယ်ကာ အားကောင်းအောင် ဆောင်ရွက်ပေးခဲ့ပြီး၊ တိုင်းပြည်ရဲ့ ဆိုရှယ်လစ်၀ါဒ တစ်ဖြည်းဖြည်းနဲ့ အောင်မြင်လာအောင် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်ခဲ့သူလို့လည်း နိုင်ငံပိုင် သတင်းဌာနက ချီးကျူးထားပါတယ်။ 

မြို့တော်ပြုံယမ်းက ကင်ကီနမ်ရဲ့ ရုပ်ကလပ်ရှိရာ ခန်းမကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က မေလ ၈ ရက်နေ့မှာ သွားရောက်ဂါရ၀ပြုခဲ့ပါတယ်။ 

ကင်ကီနမ်ရဲ့ စျာပနကျင်းပရေးကော်မတီကို ကင်ဂျုံအွန်က ဦးဆောင်ပြီး မေလ ၉ ရက်နေ့မှာ စျာပနအခမ်းအနား ကျင်းပမှာ ဖြစ်ပါတယ်။ 

မြောက်ကိုရီးယား ဂိုဘဲလ်

ကင်ကီနမ်ဟာ ကင်အီဆွန် တက္ကသိုလ်က ပရော်ဖက်ဆာတစ်ဦးဖြစ်ပြီး နိုင်ငံပိုင်သတင်းစာ Rodong Sinmun ရဲ့ အယ်ဒီတာချုပ်တစ်ဦးလည်း ဖြစ်ပါတယ်။  

၁၉၈၀ ပြည့်နှစ်တွေက အာဏာရ အလုပ်သမားပါတီရဲ့ ၀ါဒဖြန့်ချီရေးဌာနမှာ စတင်အမှုထမ်းခဲ့ပြီး နောက်ပိုင်းမှာ ပါတီ ဗဟိုကော်မတီရဲ့ အတွင်းရေးမှူးအထိ တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။ 

မြောက်ကိုရီးယားကို တည်ထောင်သူ အာဏာရှင် ကင်အီဆွန်၊ သူ့ရဲ့သား အာဏာရှင် ကင်ဂျုံအီနဲ့ လက်ရှိခေါင်းဆောင် ကင်ဂျုံအွန်အထိ ကင်မိသားစု အာဏာသက်ရှည်ရေး ၀ါဒဖြန့်ချီရေးလုပ်ငန်းမှာ ကင်ကီနမ်က အဓိက အခန်းကဏ္ဏကနေ ပါ၀င်ပါတယ်။ 

တောင်ကိုရီးယားမှာတော့ သူဟာ အမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ဟစ်တလာဦးဆောင်တဲ့ နာဇီအစိုးရရဲ့ ၀ါဒဖြန့်ချီရေးခေါင်းဆောင် ဂျိုးဆက်ပ် ဂိုဘဲလ်ကို အစွဲပြုပြီး ကင်ကီနမ်ကို ‘မြောက်ကိုရီးယား ဂိုဘဲလ်’ လို့ တောင်ကိုရီးယားမှာ ခေါ်၀ေါ်သမုတ်ကြပါတယ်။ 

Ref: AP