News @ M-Media

Author: editor

  • တူရကီမှာ အာဏာသိမ်းရန်ကြံမှု ပြည်သူ့ညီညွတ်မှုဖြင့် ဖြိုခွင်းလိုက်နိုင်

    တူရကီမှာ အာဏာသိမ်းရန်ကြံမှု ပြည်သူ့ညီညွတ်မှုဖြင့် ဖြိုခွင်းလိုက်နိုင်

    ဇူလိုင် ၁၆ ၊ ၂၀၁၆

    တူရကီနိုင်ငံတွင် အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပွား

    13686506_501393606726243_7740430698225834574_n

    သောကြာနေ့က တူရကီနိုင်ငံတွင် သမ္မတ ပြည်တွင်း ခရီးထွက်နေစဉ် စစ်တပ်မှ အာဏာ သိမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

    ယနေ့မနက် အစောပိုင်းတွင် သမ္မတ အာဒိုဂန်မှာ အစ်တန်ဘူလ် လေဆိပ်သို့ ရောက်ရှိနေပြီး သူအား ထောက်ခံသူများနှင့်အတူ ရှိနေပါတယ်။

    ပြည်သူများကိုလည်း အာဏာသိမ်းမှုကို လက်မခံကြောင်း လမ်းပေါ်ထွက် ကြရန်လည်း ဆော်သြထားပါတယ်။ အာဏာသိမ်းမှုတွင် ပါဝင်သူများအနေဖြင့်လည်း တန်ဖိုးကြီး ပြန်ပေးဆပ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    တူရကီ ဝန်ကြီးချုပ် ယေးလ်ဒီရင်က စစ်ဦးစီးချုပ်မှာ အာဏာသိမ်းမှုတွင် မပါကြောင်း ၎င်းတို့ အစိုးရအနေဖြင့် နိုင်ငံကို တော်တော်များများ ထိန်းချုပ်ထားနိုင်သေးကြောင်း NTV သတင်းဌာနမှ ယနေ့ ပြောကြားလိုက်ပါတယ်။

    နိုင်ငံတကာမှ စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေကြပြီး သွေးထွက်သံယိုမှုများကို ရှောင်ရန်နှင့် ဒီမိုကရေစီအတွက် ညီညွတ်ကြရန် တိုက်တွန်းနေကြပါတယ်။

    တူရကီနိုင်ငံတွင် ယခင်ကလည်း စစ်တပ်အာဏာသိမ်းမှု လေးကြိမ် ဖြစ်ပွားခဲ့ဖူးပါတယ်။

    Ref: Al Jazeera
    .===============================

    တူရကီမှာ အာဏာသိမ်းရန်ကြံမှု ပြည်သူ့ညီညွတ်မှုဖြင့် ဖြိုခွင်းလိုက်နိုင်

    (မြန်မာစံတော်ချိန် ၁၀ နာရီ အထိ ရရှိသော အချက်အလက်များကို အခြေခံရေးသားပါသည်။)
    ထင်ကျော် ရေးသည်။

    13659167_10153789269602939_2555540748540652218_n
    စစ်တပ်အာဏာသိမ်းပြီးလို့ ကင်းလှည့်နေတဲ့ တူရကီနိုင်ငံအစ္စတန်ဘူးလ် မြို့လယ် ရင်ပြင်ထဲက စစ်တပ်တင့်ကားတွေပေါ်ကို ဆန္ဒပြတဲ့ အရပ်သားလူထုက တက်ပြီး စစ်သားတွေဆီက လက်နက်သိမ်းတာ တွေ မြင်နေရတယ်။ ၁၉၈၈ အရေးအခင်း ကာလကို ပြန်လည် အမှတ်ရစရာ ဖြစ်သလို၊ ဆိုဗီယက်ယူနီယံခေတ်က ကေဂျီဘီ အာဏာသိမ်း စစ်တပ်တင့်ကားတွေပေါ်ကို တက်ပြီး မူးမူးနဲ့ ခပ်တည်တည် မိန့်ခွန်းပြောခဲ့ပြီး အာဏာသိမ်းပွဲ ရဲ့ ချိန်ခွင်လျှာကို ပြောင်းလဲသွားစေခဲ့တဲ့ ရုရှားသမ္မတဟောင်း ဘောရစ်ယဲ့လ်ဆင် ကြီးကိုလည်း သွား သတိရမိပါရဲ့။
    .
    ထူးဆန်းတာက အခုအာဏာသိမ်းပွဲရဲ့ ခေါင်းဆောင်က ဘယ်သူဆိုတာ အခုထိ ကွဲကွဲပြားပြားမသိရသေးတာပဲ။ လက်ရှိတူရကီစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်ပိုင်းက အာဏာသိမ်းတာမျိုးတော့လည်း မဟုတ်ဘူး။ ရုပ်သံလိုင်းတွေမှာ ပြောနေတာက အမေရိကန်မှာ နေထိုင်နေတဲ့ တူရကီလူမျိုး အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဖိုင်သွလ္လာ ဂူလမ်း ကိုထောက်ခံတဲ့ စစ်တပ်ထဲက အဖွဲ့တစ်ဖွဲ့ အာဏာသိမ်းတာလို့ ဆိုတယ်။ ဒါပေမဲ့ ဖိုင်သွလ္လာဂူလမ်း ကိုယ်တိုင်ကတော့ အရပ်သားအစိုးရအဖွဲ့ဆီကနေ စစ်တပ်က အာဏာသိမ်းတာမျိုးကို ဆန့်ကျင်တယ်လို့ ပြောနေပြန်တယ်။ ဂူလမ်းကို အမေရိကန် အာဏာပိုင်တွေက ခေါ်ယူမေးမြန်းနေတယ်။
    .
    ဖြစ်စဉ်တစ်လျှောက်လုံးမှာ ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်တင်မြှောက်ခြင်း ခံထားရတဲ့ အရပ်သားအစိုးရကို အာဏာသိမ်းဖို့ ကြိုးစားတဲ့ လုပ်ရပ် နဲ့ အခြေခံဥပဒေကို ဆန့်ကျင်တဲ့ မည်သည့် ဥပဒေပ လုပ်ရပ်မျိုးကို မဆို ဆန့်ကျင်ကြောင်း အမေရိကန်က ချက်ချင်းတုန့်ပြန်ခဲ့တယ်။
    .
    အာရ်ဒိုဝန်း၏ အရပ်သားအစိုးရဖက်က အပြည့်အ၀ ထောက်ခံသွားမှာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု က လူသိရှင်ကြား ထုတ်ဖော်ကြေညာခဲ့သည်။ ယင်းအချက်သည်လည်း အာဏာသိမ်းမှုအား နောက်ပိုင်းတွင် အလှည့်အပြောင်းချိန်ခွင်လျှာ ပြောင်းလဲသွားစေသည့် အချက်တစ်ချက်ဖြစ် ကြောင်း မှတ်သားထားမိသည်။
    .
    သာမန်အားဖြင့် တူရကီစစ်တပ်ဟာ ဘာသာရေးမဖက်တဲ့ secular အုပ်စုဝင်တွေ ဖြစ်တယ်။ ဒါပေမဲ့ အခုအာဏာသိမ်းပွဲကို ဘာသာရေးဆရာ ဖိုင်သွလ္လာ ဂူလမ်း ကို ထောက်ခံတဲ့ စစ်တပ်အင်အားစုတွေက သိမ်းတယ်လို့ သတင်းထွက်လာတော့ အတော်ကြီးကို ထူးထူးဆန်းဆန်းဖြစ်နေတယ်။ လက်ရှိ သမ္မတ အာရ်ဒိုဝန်းနဲ့ သူ့ရဲ့ အာဏာရ AK ပါတီဟာလည်း ဘာသာရေးဖက်ကို ယိမ်းတဲ့ အုပ်စုတွေ ဖြစ်နေတော့ ပိုလို့တောင် ထူးဆန်းနေတယ်လို့ ပြောရမလို ဖြစ်နေတယ်။
    .13697122_10153789269597939_1918571441756984505_n
    မြို့တော် အန်ကာရာမှာရှိတဲ့ တူရကီ ပါလီမန်မှာလည်း ဗုံးကွဲသံကြားရတယ်။ သို့သော် အဲ့ဒီ ဗုံးက ဘယ်သူကဘာကြောင့်သုံးတာလဲ၊ စစ်တပ်က သုံးတာလား၊ ဘယ်သူက သုံးတာလဲ ဆိုတာ အခုထိ ဘယ်သူမှ သဲသဲကွဲကွဲ မသိရသေးဘူး ။ တူရကီနိုင်ငံရဲ့ ဒီမိုကရေစီကို ခြိမ်းခြောက်တဲ့ အာဏာသိမ်းပွဲကို ဆန့်ကျင်ကြောင်းပြဖို့ လူထုကို လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြကြဖို့ သမ္မတ အာရ်ဒိုဝန်းက ရည်ညွှန်းပြော့ကားခဲ့တယ်။ လူထုကလည်း သူ့စကားကို နားထောင်ခဲ့တယ်။
    .
    စစ်တပ်က တစ်နိုင်ငံလုံးမှာ မာရှယ်လောစစ်အုပ်ချူပ်ရေး ကြေညာပြီး လမ်းပေါ်မထွက်ရအမိန့်ထုတ်ထားပေမယ့် တူရကီတစ်နိုင် ငံလုံးမှာ တကယ်တမ်းကျတော့ လူထုတွေက လမ်းတွေပေါ်ကို တသောသော ထွက်လာနေကြတယ်။ တချို့နေရာတွေမှာ ပစ်ခတ်သံတွေ ကြားနေရတယ်။
    .
    ဒီအချိန်မှာပဲ တူရကီသမ္မတ အာရ်ဒိုဝန်းကိုတင်ဆောင်လာတယ့်လေယာဉ်ဟာ ဂျာမနီနိုင်ငံကို ဆင်းသက်ဖို့ကြိုးစားခဲ့တယ်။ လေယာဉ်ဆင်းခွင့်ကို ဂျာမနီအာဏာပိုင်များထံ ကို တောင်းခံရာမှာ ငြင်းပယ်ခံလိုက်ရတယ်လို့ ဆိုတယ်။ ဒီသတင်းအရဆိုရင်တော့ တူရကီမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ ရာနှုန်းပြည့်နီးပါးလောက် အောင်မြင်သွားပြီလို့ ယူဆရတော့မလို ဖြစ်ခဲ့တယ်။ တူရကီဝန်ကြီးချူပ်ကတော့ တိုင်းပြည်ရဲ့ အများစုသော နေရာတွေကို အရပ်သား အစိုးရအဖွဲ့က ဆက်လက်ထိန်းချူပ်ထားဆဲဖြစ်ကြောင်း ပြောနေဆဲဖြစ်တယ်။
    .
    အဲ့ဒါရဲ့နောက်မှာပဲ အာဏာသိမ်းစစ်တပ်ဖွဲ့တွေက ထိန်းချူပ်ထားပြီး အာဏာသိမ်းတယ်လို့ ကြေညာခဲ့တဲ့ အသံလွှင့်ဌာနကို ဆန္ဒပြ ပြည်သူတွေက ပြန်လည် သိမ်းပိုက်လိုက်ပြီး မူလအတိုင်း အသံပြန်လွှင့်နေတယ်လို့ ဆိုပြန်တယ်။ အခြေအနေဟာ အရမ်းကို ရှုပ်ထွေးနေခဲ့တယ်။ ဘာဆိုဘာမှကို မှန်းဆလို့ မရနိုင်ခဲ့ပါ။
    .
    မြန်မာစံတော်ချိန် နံနက် ၈ နာ၇ီ ၃၀ ခန့် နောက်ဆုံးသတင်းများအရ အာဏာသိမ်းရန် ကြံစည်သော စစ်တပ်ထဲမှ အုပ်စုအား တူရကီ တပ်မတော်မှ လိုက်လံနှိမ်နင်းနေပြီး အာဏာသိမ်းအုပ်စုအသုံးပြုနေသော ရဟတ်ယာဉ်အား တူရကီတပ်မတော်ပိုင် အက်ဖ်-၁၆ တိုက်လေယာဉ်က ပစ်ချခဲ့ကြောင်း အယ်လ်ဂျဇီးရားသတင်းတွင် ဖော်ပြထားတယ်။
    .
    အဆိုပါ ရဟတ်ယာဉ်ဟာ အာဏာသိမ်းတဲ့ စစ်တပ်အုပ်စုခွဲ လက်နက်ကိုင်များအား ပြန်လည် ခုခံတိုက်ခိုက်ခဲ့သည့် အန်ကာရာမြို့မှ ရဲအထူးတပ်ဖွဲ့ဌာနချူပ်ကို တိုက်ခိုက်ခဲ့ရာတွင် ရဲအထူးတပ်ဖွဲ့ဝင်ပေါင်း ၁၇ ဦး ကျဆုံးသွားခဲ့ရသည်။ အာဏာသိမ်းရန် ကြံစည်မှု ဖြစ်စဉ်ကြီး တစ်ခုလုံး အတွင်း လူပေါင်း ၄၂ဦး သေဆုံးခဲ့ကြောင်း တူရကီ ရှေ့နေချူပ်ရုံးကို ကိုးကားပြီး အယ်လ်ဂျဇီးရားက ဖော်ပြထားသည်။
    .
    နောက်ဆုံးရသတင်းများအရ အာဏာသိမ်းတပ်ဖွဲ့များ အသုံးပြုလျက်ရှိသည့် လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် ရဟတ်ယာဉ်များအား ပစ်ချရန် နှင့် ထိန်းချူပ်နိုင်ရေးအတွက် တူရကီ လေတပ်မှ တိုက်လေယာဉ်များက မြို့တော် အန်ကာရာ နှင့် နိုင်ငံ၏ အကြီးဆုံးမြို့ကြီး အစ္စတန်ဘူးလ် ၏ ကောင်းကင်ယံတွင် အချိန်ပြည့် ကင်းလှည့်ပျံသန်းနေကြသည်။
    .
    အာဏာသိမ်း စစ်ခေါင်းဆောင်များထဲမှ အချို့ဖြစ်သည့် စစ်အရာရှိ ၁၃၂ ဦးအား တူရကီ တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားသည်။ အာဏာသိမ်းဖြစ်စဉ် အတွင်း အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ယူဆရသည့် တူရကီတပ်မတော် ဗိုလ်မှုးကြီး တစ်ဦး ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရသည်။ အခြေအနေသတင်းများ ငြိမ်သက်အောင် အတော်စောင့်ကြည့်ရဦးမည်။
    .
    (ဓာတ်ပုံ – စစ်တပ်အာဏာသိမ်းရန် ကြိုးပမ်းမှုအား ပြည်သူများ၏ စည်းလုံးမှုဖြင့် အနိုင်ရရှိခဲ့ပုံ၊ USA TODAY/REUTERS)

    .

  • ဂဠုန် ဦးစော နှင့် အဖွဲ့ကို ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ရဲဘော်တင်မြင့် (မော်ကွန်းဝင် – ပထမဆင့် )

    ဂဠုန် ဦးစော နှင့် အဖွဲ့ကို ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ရဲဘော်တင်မြင့် (မော်ကွန်းဝင် – ပထမဆင့် )

    ဇူလိုင် ၁၅ ၊ ၂၀၁၆
    M-Media
    U Tin Myint
    ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် NLD ရုံးချုပ်တွင် NLD နာယကကြီး ဖြစ်သော သူရဦးတင်ဦး ထံသို့ ကွယ်လွန်သူ ဟာဂျီ  ရဲဘော်တင်မြင့် (မော်ကွန်းဝင်- ပထမဆင့်) ၏ ဇနီး ဟာဂျီမဒေါ်ခင်ရီ မိသားစု မှ ဖက်ဆစ်ဂျပန်တော်လှန်းရေး နှင့် ဗမာ့လွတ်လပ်ရေးတိုက်ပွဲဝင် စာအုပ် နှင့်အတူ ပိုးထည်ဖြစ် ယက်လုပ်ထားသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ပုံကို မှန်ဘောင် နှင့် တကွ ပေးအပ်လှူဒါန်းခဲ့ပါသည်၊၊

    13697221_2080267245531764_7972426091022348313_n

    ရဲဘော်တင်မြင့်ရဲ့ အထုပတ္တိအကျဉ်း
    ————————————
    *** ဟာဂျီ – ရဲဘော်တင်မြင့် { ဒဂုံမြင့် }***
    မော်ကွန်းဝင် – ပထမဆင့် ၊ {အငြိမ်းစား၊စစ်မှုထမ်း}
    လွတ်မြောက်ရေးမှတ်တမ်းဝင်

    ရဲဘော်တင်မြင့်ကို ဟသာင်္တခရိုင်၊ ဇလွန်မြို့တွင် အဘဦးနာဝရီ ၊အမိ ဒေါ်ဖါတမာ ၊တို့မှ မွေးဖွားခဲ့ပြီး မွေးချင်း (၄) ဦးအနက် သားအထွေးဆုံး ဖြစ်သည်၊၊

    ရဲဘော်တင်မြင့်၏ ဖခင်ဖြစ်သူ ဦးနာဝရီ့မှာလဲ တောင်သူလယ်သမား အရေးတော်ပုံ ၊ ဆရာစံဖွဲ့စည်းခဲ့သော် ဂဠုန်တပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပါသည်၊၊ဟသာင်္ံတခရိုင် ၊ ဇလွနိမြို့နယ် ၊ မရိုးခကျေးရွာတွင် ဆရာစံ၏ ညာလက်ရုံး တစ်ဦးဖြစ်သူ ကျောက်လုံး နှင့် အတူ တောင်သူလယ်သမား အရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည့် အတွက် နယ်ချဲ့ဗြိတိသျှ အစိုးရ ၏ ဖစ်ဆီးအရေးယူပြစ်ဒဏ်ပေးခြင်း ကိုခံခဲ့ရသည်၊၊

    ရဲဘော်တင်မြင့်သည်လည်း ဖခင်- ဦးနာဝရီ ကဲ့သို့ပင် မျိုးချစ် စိတ်ဓါတ်ပြင်းထန်သူ တစ်ဦးဖြစ်လာပြီး ၊ မြန်မာပြည်လွတ်လပ်ရေး အတွက် ကျရာကဏ္ဍများတွင် ပါဝင်လှုပ်ရှားမှုများ မှာ ဗမာ့လက်ရုံး တပ်ဖွဲ့ဝင်အဖြစ်၎င်း ၊ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး ၊ (၁၃၀၀) ပြည့်အရေးတော်ပုံ ၊ အာရှလူငယ် သင်တန်းများ တို့တွင်လည်း ပါဝင်ခဲ့ပါသည်၊၊ရန်ကုန်မြို့ သို့ ဂျပန်များ ဝင်ရောက်လာပြီးနောက် ၊ (B.I.A) အတွက် ရိက္ခာ နှင့် ပစ္စည်းထောက်ပံရေးတာဝန် ၊ (၂) လစစ်သင်တန်းတက်၍ လုံခြုံရေးတာဝန်များ ထမ်းဆောင်ပြီး ၊ မြို့စောင့်တပ်တွင် တပ်သားအဖြစ် ထမ်းဆောင်ခဲ့သည်၊၊

    (၁၉၄၄) ခုနှစ် ၊ဖက်ဆစ်တော်လှန်ရေး ကြေငြာစာ ၊ လျှိ့ဝှက်စာကို တိုစဉ်က ခေါင်းဆောင်ကြီးများ ခိုင်းစေသည့်အတိုင်း သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့သည်၊၊(၁၉၄၅) ခုနှစ် ၊ ဧပြီလ (၂၉) ရက်နေ့တွင် ရန်ကုန်မြို့ကို (မျိုးချစ်ဗမာ့တပ်မတော်မှ) သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း ၊ ကြေညာချက်ကို ပြည်သူလူထူထံဝေဌခဲ့သည်၊၊မေလ(၁) ရက်နေ့တွင် ရဲဘော်တင်မြင့် နှင့် အခြားရဲဘော်များကို ဂျပန်တပ်မှ လက်ကျန်များဟု စွပ်စွဲကာ အိန္ဒိယတပ်မကြီး ၏ တပ်စိတ်ပိုင်းတခုက ဖမ်းဆီးပြီး မျိုးချစ်တပ်မတော်သားများ နှင့်အတူ ယခင်ကူရှင်ကျောင်း (ယခု အ ထ က (၄) အလုံ )တွင်ချုပ်နှောင်းခြင်းခံခဲ့ရပါသည်၊၊တော်လှန်ရေးပြီးဆုံးသွားသော အခါ ၊ မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းလိုက်သည့် အချိန် ရဲဘော်တင်မြင့်သည် ဗမာ့လွတ်လပ်ရေး အတွက် ဆက်လက်ဆင်နွှဲရန် ပြည်သူ့အရေးတော်ပုံ ပါတီ၏ တာဝန်ပေးချက်အရ ၊ ပြည်သူ့ရဲဘော် အဖွဲ့တွင် ပါဝင်ပြီး ၊ ရန်ကုန်အလယ်ပိုင်းတွင် တာဝန်ယူခဲ့ရပြီး ၊ (၁၉၄၆ – ခုနှစ် ) ရွှေတိဂုံအလယ် ပစ္စယံအထူး အစည်းအဝေးကြီး တွင်လည်း တက်ကြွစွာပါဝင်ခဲ့ပါသည်၊၊

    ၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် နိုင်ငံတော် လုပ်ကြံမှုကြီး ပေါ်ပေါက်ခဲ့ပါသည်၊၊၎င်း လုပ်ကြံမှုကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရပြီး ယင်းလုပ်ကြံမှုကြီး ဖော်ထုတ်နိုင်ရေး အတွက် ပြည်ထဲရေး နှင့် တရားရေးဝန်ကြီး ဦးကျော်ငြိမ်း ၏ တာဝန်ပေးညွှန်ကြားချက်အရ ဦးမင်းဒင် (ခ) သခင်ပန်းမြိုင် (ဝန်ကြီးဟောင်း) နှင့် ရဲဘော်တစ်စုကို တာဝန်ပေးအပ်ခဲ့ရာ ရဲဘော်တင်မြင့်သည် (ရဲတပ်ကြီး) တစ်ဦး အနေဖြင့် ဂဠုန်ဦးစော နှင့် အပေါင်းပါများကို ဖမ်းဆီးရာ၌၎င်း ၊ လက်နက်များကို သိမ်းဆည်းရာတွင်၎င်း ၊ ထောင်ထဲတွင် ထားရှိစဉ်အတွင်း ညစောင့်အဖြစ်၎င်း ၊ ရုံးတင်စစ်ဆေးနိုင်ရေး အတွက် တာဝန်များ နှင့် ဂဠုန်ဦးစော နှင့် အပေါင်းပါများကို (၁၉၄၈ ခုနှစ် ၊ မေလ (၈) ရက်နေ့) နံနက်ကြိုးပေးပြီးသည့်အထိ နိုင်ငံတော် မှ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်၊၊

    မြန်မာပြည်လွတ်လပ်ရေး ရပြီးနောက် (၁၉၄၉ – ခုနှစ် မှ ၁၉၆၂ -ခုနှစ် ) ထိ ရဲဘော်တင်မြင့်သည် (ဖဆပလ) အဖွဲ့ကြီး နှင့် ( ပထစ ) အဖွဲ့ကြီးတို့၏ ဦးဆောင်မှုအောက်တွင် နိုင်ငံရေး ၊ စီးပွားရေး ၊ မြို့ပြစည်ပင်သာယာရေး နှင့် ကျန်းမာရေး တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်၊၊မြန်မာပြည်လွတ်လပ်ရေး အတွက် နယ်ချဲ့ဆန့်ကျင်ရေး နှင့် ပြည်သူလွတ်လပ်ရေး တိုက်ပွဲများကို ကျရာကဏ္ဍများ၌ ပေးအပ်သောတာဝန် နှင့် ဝတ္တရားများကို ဦးလည်မသုန် သက်စွန့်ဆံဖျား အသက်ကို ပဓါနမထားဘဲ
    ဆောင်ရွက်ခဲ့သောကြောင့် ၊ နိုင်ငံတော်မှာ ( ၁၉၇၅ ခုနှစ် ၊ မတ်လ (၂၅) ရက် နေ့စွဲ) ဖြင့် နိုင်ငံတော် ကောင်စီအမိန့် ကြော်ငြာစာပြန်တမ်း အမှတ် (၆) အမှတ်စဉ် ( ၁၆ / ၇၅ ) ဖြင့် လွတ်လပ်ရေး မော်ကွန်းဝင် – ပထမဆင့် ကိုချီးမြှင့်ခဲ့ပြီးနောက် ၊ ၁၉၇၈ ခုနှစ် ၊ ဇူလိုင်လ (၁၇) ရက် နေ့စွဲပါ ( ၄ / ၄၃၄ ) အရ လွတ်မြောက်ရေးဖဲပြား ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းခံရသော ရဲဘော်တစ်ဦးဖြစ်သည်၊၊

    ရဲဘော်တင်မြင့်သည် ယခုအချိန်အထိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၊ အားလပ်သည့်အချိန်များတွင် ( ဒဂုံမြင့်) အမည်ဖြင့် စာပေများရေးသားခဲ့ပြီး ၊ စာပေ နှင့် စာနယ်ဇင်း အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်၊၊

    အသက်အရွယ်ကြီးပြင်းလာသောအခါ ဘာသာရေး ၊ လူမှုရေး ကိစ္စများတွင်ပါဝင် ဆောင်ရွက်ခဲ့သည်၊၊(ဘီအမ်အို)ဌာနချုပ်တွင် ရာသက်ပန်အဖွဲ့ဝင်အမှတ် ( ၇၄ ) ဖြင့် တက်စွမ်းသမျှ ကူညီပေးခဲ့သူတစ်ဦးလည်းဖြစ်သည်၊၊

    မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန် မှ စ၍ပါဝင်ခဲ့ပြီး ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့တွင်လည်း ပါဝင်လုပ်ဆောင်ခဲ့ပြီး ရန်ကုန်တိုင်း ဟာဂ်ျ ကိုယ်စားလှယ်အဖြစ် ဆောက်ရွက်ခဲ့ပြီး ၊ ( မ. အ . ဖ ) ရန်ကုန်တိုင်း ၊ နာယက အဖြစ် ထမ်းဆောင်ခဲ့သည်။

    (၁၉၉၆ – ခုနှစ် ) နောက်ပိုင်း ရန်ကုန်မြို့ ဗိုလ်ဆွန်ပက်လမ်းရှိ ကျိုလီယာဂျာမေဗလီကြီးတွင် ဂေါပက အဖွဲ့တွင် ပါဝင်ဆောက်ရွက်ခဲ့ပြီး ၊ ၁၉၉၈ ခုနှစ် ၊ မေလ ( ၁၁ ) ရက်နေ့တွင် အလ္လာဟ်အသျှင်မြတ်၏ အမိန့်ခံယူ (ကွယ်လွန်)သွားခဲ့ပါသည်၊၊

    ** အချက်အလက်မှတ်တမ်းများပေးပို့သူ ရဲဘော်တင်မြင့် ၏ သား အငယ်ဆုံး ဖြစ်သူအား M-Media မှ အထူးကျေးဇူးတင်ရှိပါသည်။

  • ဒုသမ္မတ ဦးဆောင်တဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်း

    ဒုသမ္မတ ဦးဆောင်တဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်း

    ဇူလိုင် ၁၅ ၊ ၂၀၁၆
    M-Media

    13669730_1050036621710740_3636104281429274156_n
    ဆန္ဒပြမှု၊ ဆူပူအကြမ်းဖက်ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်းကိုင်တွယ် ဆောင်ရွက်နိုင်ရန် အဖွဲ့ဝင် (၂၄) ဦး  ပါဝင်တဲ့ “အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီ”  ကို သမ္မတ ဦးထင်ကျော် အမိန့်နဲ့ ဖွဲ့စည်းလိုက်ပါတယ်။
    ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ■အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်းခြင်း■
    ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    နိုင်ငံတော်သမ္မတရုံး
    အမိန့်ကြော်ငြာစာ
    အမှတ်၊ ၅၂/ ၂၀၁၆
    ၁၃၇၈ ခုနှစ်၊ ၀ါဆိုလဆန်း ၈ ရက်
    (၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်)
    အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်းခြင်း

    ၁။ ဆန္ဒပြမှု၊ ဆူပူအကြမ်းဖက်ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်းကိုင်တွယ် ဆောင်ရွက်နိုင်ရန် “အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီ” ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
    .
    (က) ဒုတိယသမ္မတ(၂) ဥက္ကဋ္ဌ
    .
    (ခ) ပြည်ထောင်စုဝန်ကြီး
    ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဥက္ကဋ္ဌ
    .
    (ဂ) ပြည်ထောင်စုဝန်ကြီး
    ကာကွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
    .
    (ဃ) ပြည်ထောင်စုဝန်ကြီး
    နယ်စပ်ရေးရာဝန်ကြီးဌာန အဖွဲ့ဝင်
    .
    (င) ပြည်ထောင်စုရှေ့နေချုပ်
    ပြည်ထောင်စုရှေ့နေချုပ်ရုံး အဖွဲ့ဝင်
    .
    (စ) ဝန်ကြီးချုပ်အားလုံး
    တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်
    .
    (ဆ) စစ်ဦးစီးအရာရှိချုပ်(ကြည်း)
    ကာကွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
    .
    (ဇ) အမြဲတမ်းအတွင်းဝန်
    ပြန်ကြားရေးဝန်ကြီးဌာန အဖွဲ့ဝင်
    .
    (ဈ) အမြဲတမ်းအတွင်းဝန်
    အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန အဖွဲ့ဝင်
    .
    (ည) အမြဲတမ်းအတွင်းဝန်
    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အဖွဲ့ဝင်
    .
    (ဋ) ရဲချုပ်
    မြန်မာနိုင်ငံရဲတပ်ဖွဲ့ အတွင်းရေးမှူး
    .
    ၂။ အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
    (က) အစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများကြား ထိရောက်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင် စေရန်၊
    .
    (ခ) ပြည်နယ် အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်း ဖြစ်ပွားခဲ့လျှင် လျင်လျင်မြန်မြန် ကိုင်တွယ် ထိန်းသိမ်းနိုင်ရန် (Rapid Response) စီမံပေးရန်၊
    .
    (ဂ) လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်၊
    .
    (ဃ) နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီး ကာကွယ်နိုင်ရေး စီမံပေးရန်၊
    .
    (င) မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်းစနစ်အား မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်းဆက်စပ် ဆောင်ရွက်ပေးသွားရန်၊
    .
    (စ) လူမှုရေး အဖွဲ့အစည်းများ၏ အကူအညီကို ရယူပြီး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသွားရန်၊
    .
    (ဆ) မီဒီယာဖြင့် သွေးထိုးလှုံ့ဆော်မှုများ ရှိပါက ပြည်သူများက အဖြစ်မှန် သိရှိစေရန် မီဒီယာဖြင့် ရှင်းလင်း တုံ့ပြန်ရန်၊
    .
    (ဇ) နိုင်ငံရေး သွေးထိုးလှုံ့ဆော်မှုများဖြင့် အထွေထွေဆန္ဒပြမှု အသွင် ပြုလုပ်လာပါက ပြည်သူ့အားဖြင့် ပြန်လည် ဆန္ဒဖော်ထုတ်မှုဖြင့် ချေဖျက်ရန်၊
    .
    (ဈ) ဆန္ဒပြမှု၊ ဆူပူ အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ကြိုတင် ကာကွယ်နိုင်ရန် သတင်းရရှိရေးအပြင် ဆန္ဒပြ ဆူပူ အကြမ်းဖက်နေစဉ်ကာလ လှုပ်ရှားမှု သတင်းမှန်သမျှကို ရယူ မှတ်တမ်း တင်ပြ ထားပြီး မမှန်မကန် ဝေဖန် ထိုးနှက်မှုများ ရှိပါက ထုတ်ဖော် တုံ့ပြန်ရန်၊
    .
    (ည) ဆန္ဒပြ ဆူပူ အကြမ်းဖက်မှု အမျိုးအစားအလိုက် ကိုင်တွယ် ထိန်းသိမ်းနိုင်မည့် စီမံ ခန့်ခွဲမှုများကို ကြိုတင်လေ့ကျင့် ပြင်ဆင်ခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများက အသေးစိတ် ညှိနှိုင်း၍ စီမံချက် ရေးဆွဲ ဆောင်ရွက်သွားရန်၊
    .
    (ဋ) ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ရာတွင် လိုအပ်ပါက အခြား ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် အရပ်ဖက် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအား ခေါ်ယူညှိနှိုင်း ဆောင်ရွက်ရန်၊
    .
    (ဌ) လိုအပ်သည့် ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်သွားရန်။

    (ပုံ) ထင်ကျော်
    နိုင်ငံတော်သမ္မတ
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

  • အငြင်းပွားဖွယ်ဖြစ်လာတဲ့ မဘသအဖွဲ့ ဆက်လက်တည်ရှိရေး

    အငြင်းပွားဖွယ်ဖြစ်လာတဲ့ မဘသအဖွဲ့ ဆက်လက်တည်ရှိရေး

    မဘသအဖွဲ့ကြောင့် သံဃာထုအတွင်း ပိုမိုစိတ်ဝမ်းကွဲလာနိုင်ကြောင်း ထင်ရှားတဲ့ သံဃာတချို့က မိန့်ကြားလိုက်ပါတယ်

    .Ma Ba Ta
    ထက်ခေါင်လင်း
    .
    ရန်ကုန် (Myanmar Now) –  အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က လူမျိုးရေး၊ ဘာသာရေး အကဲဆတ်တဲ့ မြန်မာနိုင်ငံမှာ လတ်တလော အငြင်းပွားစရာ အဖြစ်ဆုံး အဖွဲ့အစည်း ဖြစ်နေပါတယ်။
    .
    မဘသ လို့ အတိုကောက် ခေါ်ကြတဲ့ ဒီအဖွဲ့ဟာ ၂ဝ၁၂ ခုနှစ် ရခိုင်ပြည်နယ်အတွင်း ဘာသာရေး၊ လူမျိုးရေးပဋိပက္ခ ဖြစ်ပွားပြီး နောက်တစ်နှစ်မှာ ပေါ်ပေါက်လာတာပါ။ မဘသ ဆရာတော်အများအပြားရဲ့ ဟောပြောချက်တွေမှာ မွတ်စလင် ဆန့်ကျင်ရေး၊ အမုန်းတရားပွားများစေတဲ့ အသုံးအနှုန်းတွေ ပါဝင်တာကြောင့် အပြင်းအထန် ဝေဖန်ခံနေရပါတယ်။
    .
    မန္တလေးမြို့၊ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦးအရိယဝံသာ ဘိဝံသက မဘသအဖွဲ့ရဲ့ လုပ်ရပ်ဟာ ဗုဒ္ဓရဲ့ လမ်းစဉ်နဲ့ ကိုက်ညီမှုမရှိဘူးလို့ မိန့်ပါတယ်။
    .
    “မဘသကို သံဃာထုတွေက မနှစ်မြို့ကြပါဘူး။ သူတို့လုပ်နေတာကလည်း မနှစ်မြို့စရာတွေလေ။ ဒါပေမဲ့ သံဃာထုထဲမှာ သံဃာကောင်းတွေက ဘာမှမပြောချင်လို့သာ သူတို့အသံတွေ ကျယ်နေတာ” လို့ ဆရာတော်က မိန့်ပါတယ်။
    .
    မဘသ ပေါ်ပေါက်စမှာ  သံဃာအများအပြားက အမျိုးသားရေးတာဝန်အတွက်ဆိုပြီး ပူးပေါင်းပါဝင်ကြပေမယ့် နောက်ပိုင်းမှာ ထောက်ခံမှု လျော့နည်းလာတယ်လို့ ဆရာတော်က သုံးသပ်ပါတယ်။
    အငြင်းပွားဖွယ်ရာအဖွဲ့အစည်းဖြစ်တဲ့   မဘသ အဖွဲ့ရဲ့ လှုပ်ရှားမှုကြောင့်  သံဃာထုကြား  စိတ်ဝမ်းကွဲပြားမှု ပိုမို ဖြစ်ပေါ်လာနိုင်တယ်လို့ အထင်ကရ သံဃာတချို့က မိန့်ကြားကြပါတယ်။
    .
    မဘသ အဖွဲ့ တည်ရှိမှု
    ————————–
    မကြာသေးမီက ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက   မဘသအဖွဲ့ဟာ မလိုအပ်တဲ့ အဖွဲ့ဖြစ်တယ်လို့ နှစ်ကြိမ် ပြောဆိုခဲ့ပါတယ်။ မြန်မာပြည်အတွင်း အတော်လေး ဂယက်ရိုက်ခတ်ခဲ့၊ သတင်းစာမျက်နှာဖုံးသတင်းတွေ ဖြစ်ခဲ့တဲ့ သူ့ရဲ့ ပြောဆိုချက်ကြောင့် မဘသအဖွဲ့ ခေါင်းဆောင်ပိုင်းက ဇူလိုင် လဆန်းပိုင်းမှာ အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး လတ်တလော ရင်ဆိုင်ရတဲ့အခြေအနေအကြောင်း ဆွေးနွေးကြပါတယ်။
    .
    ဒီအတောအတွင်း သံဃာတွေကို လူသိထင်ရှား ဝေဖန်လေ့မရှိတဲ့ မြန်မာနိုင်ငံမှာ   မဘသ အဖွဲ့ မရှိသင့်တော့ဘူးလို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသူ အများအပြား ပေါ်ပေါက်နေပါပြီ။ အခြားတစ်ဘက်မှာတော့   မဘသ အဖွဲ့ ဆက်လက်တည်ရှိရေးကို လိုလားကြောင်း ပြောဆိုသူတွေကိုလည်း အများအပြား တွေ့ရမှာပါ။
    .
    မဘသ အဖွဲ့ထဲမှာ အထင်ရှားဆုံး ဖြစ်တဲ့ ဦးဝီရသူက ဇူလိုင် ၁၃ ရက်နေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။
    .
    “အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့ မလိုအပ်ကြောင်း ပြောဆိုလာခြင်းသည် အာဏာရပါတီနှင့် နိုင်ငံတော်အစိုးရ၏ သဘောထားဖြစ်မှန်း သိသာထင်ရှားသည်” လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
    .
    မဘသအဖွဲ့ကို မည်သည့်အခါကမှ အသိအမှတ် မပြုခဲ့ဘူး ဆိုတဲ့  နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ရဲ့ ကြေညာချက် ထွက်ပေါ်လာပြီး နောက်တစ်နေ့မှာ ဦးဝီရသူက အဲဒီလို တုန့်ပြန်လိုက်တာပါ။    သာသနာရေးဝန်ကြီးဌာနရဲ့  “အစိတ်အပိုင်းတစ်ခု” ဖြစ်တဲ့ သံဃာ့မဟာနာယကအဖွဲ့ရဲ့ ကြေညာချက်ကြောင့်  ဘုရားသားတော်ညီနောင် အချင်းချင်း  စိတ်ဝမ်းကွဲစရာ အကြောင်းမရှိဘူး လို့လည်း  ဦးဝီရသူက တုန့်ပြန်ပါတယ်။
    .
    မဘသအဖွဲ့ ရှိသင့်ကြောင်း ထုတ်ဖော်ပြောကြားသူများထဲမှာ ထင်ရှားကျော်ကြားတဲ့သူ အရေအတွက် နည်းပါးပါတယ်။ ယခင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က မဘသ အဖွဲ့ ရှိသင့်တယ် လို့ သဘောထား ပေးသူပါ။
    .
    ” ဗုဒ္ဓဘာသာမှာသာမက ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူ ဘာသာတွေမှာလည်း အဲဒီလို အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ မဘသ တစ်ခုတည်းကို ရွေးထုတ်ပြီးပြောဖို့ မသင့်ဘူး” လို့ ဝန်ကြီးဟောင်းက သူ့ရဲ့ Facebook စာမျက်နှာမှာ ဇူလိုင်လ ၇ ရက်နေ့က ရေးလိုက်ပါတယ်။
    .
    မဘသ အဖွဲ့အစည်းနဲ့ အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်တစ်ဦးချင်းကြားမှာ ခွဲခြားမြင်နိုင်ဖို့ လိုတယ်၊ ပြီးခဲ့တဲ့ မဘသ ညီလာခံမှာ ဆွေးနွေးချက်များ၊ မိန့်ခွန်းများကို လေ့လာရင် မဘသဟာ ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းမဟုတ်ဘူး ဆိုတာ တွေ့နိုင်ပါတယ်လို့ ဝန်ကြီးဟောင်းက ဆိုပါတယ်။
    .
    မဘသကို ဝေဖန်ပြောဆိုမှု၊ ကာကွယ်ပြောဆိုမှုတွေ အပြန်အလှန် ရှိနေချိန် မဘသ ဗဟိုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဦးသောပါကက   “မဘသမှာက ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေ ရှိတယ်။ ကိုယ့်ရည်ရွယ်ချက်အတိုင်း၊ ကိုယ်လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ဆက်လက် ဖော်ဆောင်သွားမှာပါ” လို့ သတင်းထောက်တွေကို မိန့်ပါတယ်။
    .
    ပြည်ပရောက် သံဃာတို့အပေါ် သက်ရောက်မှုတချို့
    ———————————————
    ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဘသအဖွဲ့ ဦးဆောင်ဆရာတော်တချို့က ပြည်ခိုင်ဖြိုးပါတီဘက်ယိမ်းတဲ့အသံတွေ ထင်ထင်ရှားရှားပြသတဲ့နည်းနဲ့ မဲဆွယ်ပေးခဲ့ကြတယ် လို့ ၂ဝဝ၇ ရွှေဝါရောင် သံဃအရေးအခင်းမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဆရာတော်တပါးဖြစ်တဲ့  ကရင်ပြည်နယ်၊ ဘားအံမြို့၊ နောက်ပတုတ်ကျေးရွာ ဝိမုတိသုခဝိဟာရ ကျောင်းတိုက်ဆရာတော် ဦးဣဿရိယက ဝေဖန်လိုက်ပါတယ်။
    .
    “အမျိုးကိုစောင့်ရှောက်ဖို့ဆိုပြီးခေါင်းစီးတပ်ထားပေမယ့် တချိန်လုံး သမ္မတဟောင်းဦးသိန်းစိန်တို့ဘက်ကို ထောက်ခံခဲ့တယ်။ မှားတာတွေကို ထောက်ပြဝေဖန်တာတွေ မလုပ်ခဲ့ဘူး။ NLD ကို တိုက်ခိုက်ပြီး အမုန်းတရားတွေ၊ အစွန်းရောက်တရားတွေ ဟောခဲ့ကြတယ်” လို့ ဆရာတော်က ဝေဖန်ပါတယ်။
    .
    မဘသအဖွဲ့မှာထင်ရှားတဲ့ ဆရာတော်ဦးဝီရသူဟာ ကုလသမဂ္ဂရဲ့  မြန်မာနိုင်ငံ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ မစ္စရန်ဟီးလီကို သူ့ရဲ့ ၂ဝ၁၅ ဇန်နဝါရီလ မြန်မာပြည်ခရီးစဉ်အတွင်း လူသိထင်ရှား ဆဲရေး တိုင်းထွာတာခြင်းဖြင့် ဝိနည်းနဲ့ မညီတဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့ပေမဲ့  အဖွဲ့က  အရေးယူခြင်းမပြုခဲ့ဘူး၊  မဘသအဖွဲ့က ဦးစီးထုတ်ဝေတဲ့ စာစောင်တွေမှာ သူ့လုပ်ရပ် မှန်ကန်လို့ ထောက်ခံတယ်ဆိုပြီး ရေးသားခဲ့ကြောင်း  ဆရာတော်က ဆက်မိန့်ပါတယ်။
    .
    “မဘသအဖွဲ့ ပေါ်လာပြီးနောက်မှာလူတွေ၊ သံဃာတွေ စိတ်ဝမ်းတွေ ကွဲတယ်၊ မညီမညွတ်တွေ ဖြစ်လာတယ်။ အမျိုးကို စောင့်ရှောက်ပုံက လွဲမှားပြီး ဖျက်ဆီးသလိုကို ဖြစ်နေတာ” လို့ ဆရာတော်က မှတ်ချက်ပြုပါတယ်။
    .
    .မြန်မာပြည် ဒေသအများအပြားမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားတာကို ကမ္ဘာက သိရှိနေပြီး မဘသအဖွဲ့ရဲ့ လှုပ်ရှားမှုဟာ ပြည်ပရောက် သံဃာတွေ သီတင်းသုံးမှု၊ သာသနာပြုမှုကို ထိခိုက်စေတယ်လို့လည်း ဥရောပကို ၂ ကြိမ်သွားရောက်၊ ထိုင်းနိုင်ငံမှာ ၈ နှစ်ကြာ  သီတင်းသုံးခဲ့ဖူးတဲ့ ဆရာတော်က မိန့်ပါတယ်။
    .
    ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ဒိန်းမတ်နိုင်ငံမှာ ရှိနေစဉ် အစ္စလမ်ဘာသာဝင်တချို့က သူ့ကို နှောင့်ယှက်ခဲ့တယ်လို့ ဆိုပါတယ်။
    .
    “ဘယ်နိုင်ငံကလာတာလဲလို့ မေးတယ်။ မြန်မာကလို့ပြောရော မင်းတို့နိုင်ငံက ငါတို့ဘာသာဝင်တွေကို နှိပ်စက်နေတဲ့နိုင်ငံ၊ မင်းတို့ဘာသာက ငါတို့ဘာသာကို ဖိနှိပ်နေတဲ့ဘာသာဆိုပြီး နောက်ကနေ တကောက်ကောက် လိုက်ပြောဆိုနေတာ” လို့ ဆရာတော်က မိန့်ပါတယ်။
    “မဘသပေါ်လာပြီးမှ ဒီလိုဖြစ်ရပ်တွေ ဖြစ်ပေါ်လာရတာလို့ အဲ့ဒီဥရောပမှာရှိတဲ့ ကိုယ့်မိတ်ဆွေတွေကလည်း ပြောကြတယ်”
    .
    သူ့မိတ်ဆွေတွေ ဖြစ်တဲ့ ပြင်သစ်ရောက် ဦးကုမာရ၊ ဆွီဒင်ရောက် ဦးသောမနတို့လည်း  အစ္စလမ်ဘာသာဝင်တွေရဲ့ နှောက်ယှက်ခြင်းကို ခံခဲ့ရတယ်လို့ ဆရာတော်က မိန့်ပါတယ်။
    .
    လူသားတိုင်းကို မေတ္တာထားပြီး ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ဆောင်ရွက်ရေးက သံဃာတော်တွေရဲ့ တာဝန်ဖြစ်တာကြောင့် ဘာသာမတူသူကို ပစ်မှတ်ထားတဲ့ မဘသရဲ့ လုပ်ငန်းစဉ်တွေဟာ ဗုဒ္ဓလမ်းစဉ်ကို ဖျက်ဆီးသလိုဖြစ်စေတယ်လို့ မန္တလေးမြို့၊ မဟာဝိဇိတာရာမ ကျောင်းတိုက်က ဆရာတော် ဦးစိန္တိတက မိန့်ကြားပါတယ်။
    .
    “သာသနာ အကျိုး ယှဉ်တွဲ ဆောင်ရွက်ရာကနေ သံဃာထုကြားမှာ ထောက်ခံတဲ့အုပ်စုနဲ့ မထောက်ခံတဲ့အုပ်စု ဆိုပြီး   သူ့ဘက်ကိုယ်ဘက် အပြစ်တွေ အပြန် အလှန် ပြောနေကြရတဲ့အဆင့်ကို ရောက်နေပြီ” လို့ ဆရာတော် ဦးစိန္တိတက မိန့်ကြားပါတယ်။
    .
    သူက လွန်ခဲ့တဲ့ ၄ လကျော်က မဘသ ဦးဆောင်ဆရာတော်ဖြစ်တဲ့ ဦးဝီရသူကို ဝေဖန်ခဲ့ပါသေးတယ်။ ဦးဝီရသူကို ထောက်ခံသူတချို့က သူ့ကို ဖုန်းဆက်ပြီး  သတ်ဖြတ်မယ်၊ ဓားနဲ့ ခုတ်မယ် ဆိုပြီး ခြိမ်းခြောက်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
    .
    ပြီးခဲ့တဲ့လကလည်း ညပိုင်း    မဟာမြတ်မုနိဘုရားက အပြန်မှာ နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်တိုက်ခံရပေမဲ့ ဘာကြောင့်တိုက်တယ်၊   ဆိုင်ကယ်သမား ဘယ်သူဆိုတာတွေကို အခုထိ မသိရဘူး လို့ ဆရာတော်က မိန့်ပါတယ်။
    .
    ပြည်ခိုင်ဖြိုးပါတီနဲ့ဆက်ဆံရေး
    ———————————-
    မဘသအဖွဲ့ဟာ ပြီးခဲ့တဲ့ ပြည်ခိုင်ဖြိုးအားကောင်းတဲ့ လွှတ်တော်၊ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာတုန်းက   မျိုးစောင့်ဥပဒေ ၄ ခု  ပေါ်ပေါက်လာအောင် လှုံ့ဆော်နိုင်ခဲ့ပါတယ်။
    .
    မဘသအဖွဲ့ဟာ  ယခင် စစ်အာဏာရှင်တွေဘက်ကို ယိမ်းခဲ့တာ မှားတယ်လို့ ၂ဝဝ၇ ရွေဝါရောင် သံဃာ့အရေးအခင်း ဦးဆောင်သံဃာ တစ်ပါးဖြစ်တဲ့  ရန်ကုန်မြို့ ရွှေသိမ်ကျောင်းတိုက် ဆရာတော် ဦးသန္တာသီရိက မိန့်ပါတယ်။
    .
    “သံဃာ့အဖွဲ့အစည်းဟာ မြန်မာနိုင်ငံကို ထေရဝါဒသာသနာရောက်လာခဲ့တဲ့ အချိန်ကစပြီး ဒီနေ့ဒီအချိန်လို သံဃာ သင်းကွဲတာတွေ၊ သံဃာဂိုဏ်းကွဲတာတွေ တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး။ ဒါကြောင့် မဘသရဲ့ လုပ်ရပ်တွေဟာ ဝိနည်းတော်နဲ့ မညီညွတ်ပါဘူး။ သံဃာထု မလိုလားတဲ့ ကိစ္စတွေကို ရပ်တန့်သင့်ပါတယ်” လို့ သူက တိုက်တွန်း မိန့်ကြားလိုက်ပါတယ်။
    .
    မဘသ အထွေထွေ အတွင်းရေးမှူး ဦးဝိမလဗုဒ္ဓိကတော့ သူတို့အဖွဲ့ဟာ ပြည်ခိုင်ဖြိုးပါတီနဲ့ အပေးအယူ ရှိခဲ့တယ် ဆိုတဲ့ သုံးသပ်ချက်တွေ၊ စွပ်စွဲချက်တွေကို့ ပယ်ချပါတယ်။
    .
    စစ်ခေါင်းဆောင်ဟောင်းတွေ ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့  အသုံးချခံဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ယူဆချက်တွေဟာလည်း ယုတ္တိမရှိဘူး၊ မဘသ ဥက္ကဋ္ဌဆရာတော် ဦးတိလောကဘိဝံသဟာ စစ်အာဏာရှင်ခေတ်က အကျဉ်းကျခံခဲ့ရဖူးတယ် ဆိုတဲ့ အချက်ကို သူက ထောက်ပြပါတယ်။
    .
    “ဒါပေမဲ့ မျိုးစောင့်ဥပဒေကို လျှောက်ထားရတော့မယ် ဆိုတော့ (ဦးသိန်းစိန်ဦးဆောင်တဲ့) အစိုးရဆီမှာ လျှောက်ထားရတာလေ။ အဲဒီတော့ အစိုးရနဲ့ပဲ ပူးပေါင်းပြီး လုပ်ရတာပေါ့”လို့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြစေတီကျောင်းတိုက်ဆရာတော် ဦးဝိမလဗုဒ္ဓိက မိန့်ပါတယ်။
    .
    မဘသအဖွဲ့ ဆက်ရှိနေသင့်တယ်၊ မရှိသင့်တော့ဘူးဆိုတဲ့ အငြင်းပွားမှုတွေ ပြင်းထန်နေတဲ့ အချိန်မှာပဲ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က ရန်ကုန်မှာ အစည်းအဝေး ပြုလုပ်နေပါတယ်။ ဇူလိုင် ၁၃ ရက်နေ့မှာ အစည်းအဝေးတက်ရောက်တဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက  ကြည်ညိုလေးစားဖွယ်ရာ ထေရ်ကြီးဝါကြီး သံဃာတော် အများအပြား ပါဝင်တဲ့ မဘသအဖွဲ့ဟာ ဒီမိုကရေစီကို နောက်ပြန်သွားလိုတဲ့  လူပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့ရဲ့ လက်ကိုင်တုတ်အဖြစ် အသုံးချခြင်း မခံရဘူးဆိုရင်   ရေရှည်ရပ်တည် နိုင်မယ်လို့ ယုံကြည်ကြောင်း သတင်းထောက်တွေကို ပြောလိုက်ပါတယ်။     ။

    ဓါတ်ပုံ၊ ။ Time Magazine

  • မဘသ အဖွဲ့ရဲ့ လုပ်ရပ်တွေအပေါ် သာသနာရေး ဝန်ကြီး သတိပေး

    မဘသ အဖွဲ့ရဲ့ လုပ်ရပ်တွေအပေါ် သာသနာရေး ဝန်ကြီး သတိပေး

    2E6F23DB-BD5B-4F98-8BD9-5D51BE730E6F_w987_r1_s
    ဇူလိုင်လ ၁၃ရက်နဲ့ ၁၄ရက် ကျင်းပနေတဲ့ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ (မဟန) ၄၇ပါးစုံညီ အစည်းအဝေး။ သတင်းဓာတ်ပုံ -သာသနာရေးဝန်ကြီး သူရဦးအောင်ကို

    အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အနေနဲ့ သံဃာအဖွဲ့အစည်း မဟုတ်တာကြောင့် နောက်ပိုင်းတစုံတရာသော ပြဿနာအရှုပ်အရှင်းရှိလာမယ်ဆို ရင် ကျူးလွန်တဲ့အတိုင်း တည်ဆဲဥပဒေပုဒ်မနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ သာသနာရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ မည်သည့်ရဟန်းမဆို အမုန်း စကား ဒါမှမဟုတ် တည်ငြိမ်အေးချမ်းရေးကို ထိပါးတဲ့ပြောဆိုဟောပြောမှုရှိခဲ့ရင် တည်ဆဲဥပဒေအတိုင်း အရေးယူမယ်လို့လည်းပြောဆိုလိုက်တာပါ။ ဒီသတင်းကို ရန်ကုန်မြို့ ကမ္ဘာအေး ကုန်း မြေ ၀ိဇယမင်္ဂလာဓမ္မသဘင်မှာ ကျင်းပတဲ့ နိုင်ငံတော်သံဃမဟာနာယက (မဟန) အစည်းအဝေးပွဲကို သွားရောက် သတင်းယူခဲ့တဲ့ မေခကပေးပို့ထားပါတယ်။

    ရန်ကုန်မြို့ ကမ္ဘာအေး ကုန်း မြေ ၀ိဇယမင်္ဂလာဓမ္မသဘင်မှာ ကျင်းပတဲ့ နိုင်ငံတော်သံဃမဟာနာယက (မဟန) အစည်းအဝေးပွဲကို ၂ရက်တာကျင်းပတာမှာ မဘသအဖွဲ့ နဲ့ပတ်သတ်ပြီး အစည်းအဝေးပထမနေ့မှာ ကြားဖြတ်အစီအစဉ် အနေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးမှုမှာ ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော် သံဃမဟာနာယက (မဟန)က မဘသအဖွဲ့အပေါ်ထုတ်ပြန်ထားတဲ့ အချက်ကိုဘဲ ဆွေးနွေးသဘောတူခဲ့တယ်လို့ ပြောကြပါတယ်။ ဘယ်အပိုင်း ဘယ်လိုဆွေးနွေးခဲ့လဲ ဆိုတာကိုတော့ အတိအကျပြော ဆိုခြင်းမရှိပါဘူး။

    အမျိုးဘာသာသာသနာစောင့်ရှောက်ရေး – မဘသ အဖွဲ့ဟာ သံဃာ့အဖွဲ့အစည်းရဲ့ အခြေခံစည်းမျဉ်း၊ လုပ်ထုံး လုပ်နည်း၊ သံဃနာယကလက်စွဲ၊ ညွှန်ကြား လွှာတွေ နဲ့အညီ ဖွဲ့ထားတဲ့အဖွဲ့မဟုတ်တဲ့အကြောင်းနဲ့ ဂိုဏ်းပေါင်း စုံသံဃာ့ ညီလာခံ ကနေ ပေါက်ဖွား လာတဲ့အဖွဲ့ မဟုတ်တဲ့အကြောင်း၊ ဒါကြောင့် ဘယ်ဂိုဏ်းပေါင်းစုံ အစည်း အဝေးကမှ မဘသအဖွဲ့ကို အသိအမှတ်ပြုတာ၊ သန္ဓေတည် ပေါက်ပွားစေ တာ မရှိတဲ့အပြင် မဘသ ဆိုတဲ့အသုံး အနှုန်းကိုတောင် ခေါ်ဝေါ်သုံးစွဲခဲ့တာ မရှိခဲ့တဲ့ အကြောင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ကကြေညာထားပါတယ်။

    သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကတော့ မဘသအဖွဲ့အနေနဲ့ ဘာသာရေး အခြေခံပြီး လူမှုရေးအဖြစ်ရပ်တည်မယ်ဆိုရင် တပါးသူ၊ အခြားသောဘာသာ၊ အခြားလူ ပုဂ္ဂိုလ်၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို မထိခိုက်စေတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်မယ်ဆိုရင် အစိုးရအနေနဲ့ လက်ကမ်း ကြိုဆိုမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

    ဘာသာတစ်ခုနဲ့တစ်ခုအကြား အမုန်းစကားတွေပြောဆိုမူတွေ၊ သွေးကွဲစေအောင် ၀ါဒဖြန့်ချီမှုတွေ လုပ်ဆောင် လာရင် ရဟန်းပုဂ္ဂိုလ်ဖြစ်ဖြစ် လူပုဂ္ဂိုလ်ဖြစ်ဖြစ် တားဆီး ထိန်းသိမ်းသွားမှာဖြစ်ပြီး လိုအပ်ရင် တည်ဆဲ ဥပဒေတွေအတိုင်း အရေးယူမယ်လို့ လည်းပြောဆိုလိုက်ပါတယ်။

    (မဘသ) အနေနဲ့ သံဃာအဖွဲ့အစည်း မဟုတ်တာကြောင့် နောက်ပိုင်း တစုံတရာသော ပြဿနာ အရှုပ်အရှင်းရှိလာမယ်၊ အမုန်းစကားတွေဖြန့်ဝေမယ်ဆိုရင် ကျူးလွန်တဲ့ အတိုင်း တည်ဆဲဥပဒေပုဒ်မ အတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ သာသနာရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးထွန်းညွှန့်ကပြောဆိုလိုက်ပါတယ်။

    ” ကျနော်တို့ဆီကို တရားဝင်ထုတ်ပြန်ပြီးတော့ တင်ပြပြီးတော့ တရားဝင်ခွင့်ပြုချက် ရယူထားတဲ့ဟာလည်း မဟုတ်ဘူး။ အဲ့တာအပြင် သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်းများနဲ့လည်း မကိုက်ညီဘူး။ ကျနော်တို့အနေနဲ့ကတော့ မဘသအဖွဲ့ဟာ ကျနော်တို့ သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီခြင်း မရှိပါဘူးလို့ တရားဝင် ထုတ်ပြန်ကြေညာပြီးဖြစ်ပါတယ်။ ကျန်ကိစ္စများကတော့ လက်ရှိတည်ဆဲဥပဒေအရပဲ ဖြစ်ပါတယ်။”

    ဒီပြင် ဝန်ကြီးသူရဦးအောင်ကိုကလည်း လက်ရှိတရားဥပဒေ စိုးမိုးမှု အားနည်းနေသေးတာကြောင့်သာ အမှုတွေပေါ်ပေါက်မှု အားနည်းနေ တာဖြစ်ကြောင်း၊ တကယ်လို့ တရားဥပဒေစိုးမိုးလာခဲ့ရင် ဘယ်ပုဂ္ဂိုလ်မဆို ဥပဒေနဲ့မညီခဲ့တာတွေ ရှိရင် ဖော်ထုတ် အရေးယူသွားမယ်လို့ ပြောပါတယ်။

    ” ကနေ့ ဒီကနေ့ပေါ့လေ တရားဥပဒေစိုးမိုးမှုက အားနည်းနေတော့ တရားဥပဒေအားကောင်းအောင် တည်ဆောက်နေတဲ့အချိန်ဖြစ်တော့ တချို့ကိစ္စလေးတွေမှာ ဥပေက္ခာတရားရှိပါတယ်။ အဲ့ဒီ့တော့ တရားဥပဒေ အားကောင်းမှု ရှိလာတဲ့အခါမှာ မည်သည့်ပုဂ္ဂိုလ်မဆို အခိုင်အမာ တိုင်ကြားလာမှုတွေ ရှိလာလို့ရှိရင် ပြန်လည်ဖော်ထုတ်အရေးယူလို့ရပါတယ်။ ရာဇဝတ်မှုနဲ့ပတ်သက်လို့ရှိရင် time-barred ဆိုတာ မရှိပါဘူး။ မည်သည့် ရဟန်း သာမဏေ မဆို ခုနကပြောသလို တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ အန္တရာယ်ရှိစေတဲ့ ပြောဆိုမှု ဟောပြောမှုများ ပြုလုပ်လို့ရှိရင် တိုင်ကြားလို့ရှိရင် နိုင်ငံတော်သံဃမဟာနာယကက တွေ့ရင် စုံစမ်းစစ်ဆေး အရေးယူသွားမှာဖြစ်ပါတယ်။”

    မဘသ အဖွဲ့ထဲက အချို့ဟာ အမုန်းစကားဖြန့်တာမျိုး ရှိခဲ့တယ်လို့လည်း သာသာနာရေးဝန်ကြီးက ပြောဆိုပါတယ်။ နိုင်ငံတော်မဟာသံဃနာယက (မဟန) ရှိပြီးသားမို့ မဘသအဖွဲ့ရှိစရာမလိုဘူးလို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ပြောဆိုခဲ့ တဲ့နောက် မဘသအဖွဲ့အစည်းနဲ့ အစိုးရအကြား တင်းမာမှုရှိခဲ့တာပါ။ မဘသ အနေနဲ့ သံဃာ အဖွဲ့အစည်းမဟုတ်တော့ဘူးလို့ မဟနက ကြေညာခဲ့တဲ့နောက်တော့၊ မဘသ အဖွဲ့အစည်းကို အရပ်ဖက်ဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့ ကိုင်တွယ်သွားမယ်လို့ အာဏာပိုင်တွေဖက်က ပြောဆိုလာတာဖြစ်ပါတယ်။

    VOA မြန်မာပိုင်းမှ ကူးယူဖော်ပြပါသည်။

    http://burmese.voanews.com/a/3418204.html