News @ M-Media

Author: editor

  • အခြားဘာသာများကို ရှုံ့ချပုတ်ခတ်ခြင်းသည် ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်ကြောင်း သံဃာတော်များ မိန့်ကြားခဲ့

    အခြားဘာသာများကို ရှုံ့ချပုတ်ခတ်ခြင်းသည် ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်ကြောင်း သံဃာတော်များ မိန့်ကြားခဲ့

    flyer
    အိအိသူ

    အခြားဘာသာများကို ရှုံ့ချပုတ်ခတ်သော သံဃာများအား ဆန့်ကျင်ကြောင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သော ဘာသာ ပေါင်းစုံညီလာခံသို့ တက်ရောက်ပြီး ပြန်အလာတွင် နိုင်ငံတော်သံဃနာယက ကော်မတီ အတွင်းရေးမှူး ဦးစန္ဒိမာဘိဝံသ က မြန်မာတိုင်းမ်သို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။
    .
    ဗုဒ္ဓဘုရားသည် အခြားသော ဘာသာများ၊ လူမျိုးများကို ပုတ်ခတ်တိုက်ခိုက်ခဲ့ခြင်း မပြုခဲ့သော်လည်း အချို့ရဟန်းသံဃာများက ဝေဖန်ရေးစကားများ ပြောကြားကာ နိုင်ငံရေးနယ်ပယ်ထဲသို့ ၀င်ရောက်နေကြ သည်ကို တွေ့ရှိရကြောင်းနှင့် ထိုကဲ့သို့သော ရန်စမှုမျိုးသည် နိုင်ငံတွင်းတည်ငြိမ်အေးချမ်းရေးအတွက်လည်း အထောက်အကူ မပြုကြောင်း ဆရာတော်က မိန့်ကြားခဲ့သည်။
    .
    မေလ ၁၉ရက်နေ့က ဘောရောဘူဒါဘုရားကျောင်းတွင် ကျင်းပခဲ့သော ဗုဒ္ဓဘာသာညီလာခံသို့ ဆရာတော်အပါအ၀င် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် သီရိလင်္ကာနိုင်ငံများမှ ကိုယ်စားလှယ်ဘုန်းကြီးများတက်ရောက်ခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံသည် မွတ်ဆလင်ဘာသာဝင်အများစုနေထိုင်သော နိုင်ငံဖြစ်သော်လည်း ဗုဒ္ဓဘာသာကို လေးစားပြီး အစွန်းမရောက်ကြ ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ၇ ရာစုနှင့် ၉ရာစုအတွင်းက ဗုဒ္ဓဘာသာထွန်းကားခဲ့ပြီး ယူနက်စကို အမွေအနှစ်စာရင်းဝင် ဗုဒ္ဓဘာသာဘုရားကျောင်းများနှင့် သမိုင်းဝင်အဆောက်အအုံများ ရှိနေသေးကြောင်း ဆရာတော်က မိန့်ကြားခဲ့သည်။
    .
    မြန်မာနိုင်ငံတွင်လည်း အခြားဘာသာများကို ထိပါးစော်ကားခြင်းမရှိဘဲ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်နိုင်ကြောင်း၊ ဘာသာပေါင်းစုံကိုးကွယ်သူများသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြလျှင် ဘာသာရေးအစွန်းရောက်မှုများ ပေါ်ပေါက်လာ မည် မဟုတ်ကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံကို အတုယူသင့်ကြောင်း ဆရာတော်က ဆိုသည်။
    .
    မူရင်း-မြန်မာတိုင်း(မ်)
    https://www.facebook.com/themyanmartimes/posts/10153552376830976

  • တဘက်စွန်းရောက်မှုများနှင့် လူမှုဘဝအပေါ် အကျိုးသက်ရောက်မှု

    တဘက်စွန်းရောက်မှုများနှင့် လူမှုဘဝအပေါ် အကျိုးသက်ရောက်မှု

    မေ ၃၀ ၂၀၁၆
    M-Media
    နှင်းဆီခင်ရေးသည်။
    our-brand
    ကိစ္စရပ်တိုင်းဟာ ဖြစ်ရိုးဖြစ်စဉ်ဆိုရင် အကြောင်းမဟုတ်ပေမယ့် သာမန်ထက် လွန်ကဲလာမယ်ဆိုရင်ပေါ့။ ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ လွန်ကြူးတယ်ဆိုတာကတော့ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဦးတည်နေတတ်တာမျိုးပါ။ ဆိုပါစို့။ သံယောဇဉ်ဆိုတာကို သာမန်ထက် လွန်လွန်ကဲကဲထားတဲ့အခါ ရင်နဲ့အမျှ ပူလောင်ပြင်းပြရတတ်တာ သဘာဝလို့ပဲ ဆိုရမလားမသိ။

    အချစ်လွန်၊ သောကလွန်နဲ့ အစိုးရိမ်လွန်တာဟာ ခံစားရသူအတွက် စိတ်ပင်ပန်းလွန်းလှပါတယ်။ ဒါပြင် အချစ်လွန်၊ သောကလွန်နဲ့ အစိုးရိမ်လွန်ခံရသူတွေအနေနဲ့လည်း မလူးသာမလွန့်သာအောင် စိတ်ကျဉ်းကျပ်ရတတ်ပြန်ပါတယ်။

    တကယ်တော့ ရင်ထဲကဆန္ဒကို ဆင်ခြင်အသိနဲ့ ထိန်းကြရစမြဲမို့ ဆင်ခြင် ဥာဏ်အားနည်းလာတာနဲ့အမျှ သောကပိုပြီး စိတ်ပင်ပန်းဆင်းရဲမှုတွေကို ကြုံတွေ့လာရော။ တစ်ခုရှိတာက ရင်ထဲမှာ ပြင်းပြင်းထန်ထန် ခံစားလာရမယ်ဆိုရင် ကိုယ့်ကိုကိုယ် လေ့လာဆန်းစစ်ကြည့်မှသာ အဖြေမှန်ကို သိလာနိုင်မှာပါ။ ဆိုလိုတာက ကိုယ်ဟာသာမန်ထက် လွန်နေသလားလို့ပေါ့။ အချိန်မီသိနားလည်ခဲ့ရင်တော့ ဆင်ခြင်ဥာဏ်နဲ့ အမှန်ကိုမြင်အောင် ကြိုးပမ်းလို့ ရနိုင်ပါတယ်။ ဒါဟာ စိတ်ရဲ့ထွက်ပေါက်တစ်ခုလို့ ဆိုရမှာပါ။

    ဘဝမှာ သိကျွမ်းခင်မင်ခဲ့ဖူးတဲ့ မိသားစုတစ်စုရှိတယ်။ အိမ်ထောင်ဦးစီးယောင်္ကျားဖြစ်သူက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး။ နိုင်ငံရပ်ခြားကို ဥဒဟိုသွားလာရင်း ကုန်သွယ်နေတာမို့ အိမ်မှာမိသားစုအနေနဲ့ အနေနည်းတယ်။ ဇနီးသည် ဒေါ်ခင်သက်ထားက ဘွဲ့တွေတသီကြီးရထားတဲ့ ပညာတတ်အမျိုးသမီး။

    အသက်အရွယ်ကြီးခါမှ  အိမ်ထောင်ပြုခဲ့ကြတာမို့ သမီးကလေးတစ်ယောက်ပဲ ရှားရှားပါးပါး ထွန်းကားခဲ့တယ်။ တစ်ဦးတည်းသော သမီးလေး မာလာကို အဖေ၊ အမေက အချစ်ပိုတာ မဆန်းပါဘူး။ ဒါပေမယ့် အဖေက အမြဲတမ်းလိုလို ခရီးထွက်နေရတာမို့ အမေရဲ့အုပ်ထိန်းမှုအောက်မှာ ဗိုင်းကောင်းကျောက်ဖိ ကြီးပြင်းရသည်ပေါ့။ ဒေါ်ခင်သက်ထားက သမီးလေးမာလာကို အချစ်ပိုတယ်ဆိုတာထက် အချစ်လွန်တယ်လို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။

    ကလေးဘဝကတည်းက ဆိုပါတော့။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကိုပဲ ကျွေးတယ်။ အပြင်စာ လုံးဝလုံး မစားစေရ။ ကျွမ်းကျင်တဲ့ ကလေးထိန်းတွေနဲ့ပဲ အချိန်မလပ် ဂရိုစိုက်ခဲ့တယ်။ ပတ်ဝန်းကျင်က ကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံခွင့် လုံးဝမပေးဘူး။ အဆင့်အတန်ူမတူသူတွေနဲ့ အဆက်အဆံ မလုပ်ခိုင်းတဲ့သဘော။

    ကျောင်းနေတဲ့အရွယ်ရောက်တော့လည်း အိမ်ကထည့်ပေးတဲ့ အစားအသောက်ကလွဲလို့ အပြင်သရေစာမုန့်တွေ ဝယ်စားခွင့်မရှိဘူး။ မုန့်ဖိုး လုံးဝမပေးဘူး။ အဆင့်တူသူငယ်ချင်း တစ်ယောက်၊ နှစ်ယောက် ယောက်ပဲရှိသလို အများနဲ့မတူပဲ တသီးတခြားဖြစ်နေတာက အကျင့်လိုဖြစ်လာတယ်။ အစစအရာရာ အမေ့ရဲ့အစိုးရိမ်ကြီးမှုအောက်မှာ ကြီးပြင်းလာတာမို့ မာလာဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသလောက်ပါပဲ။ မာလာဟာ သူ့ကိုယ်သူ မချင့်မရဲဖြစ်သလို ခံစားလာရတယ်။ ပိုက်ဆံကိုင်ပြီး ကိုယ်တိုင်ဝယ်စားခွင့်မရှိတဲ့ သူငယ်ချင်းတွေကို အားကျလာတယ်။ သူငယ်ချင်းတွေကျွေးရင်သာ ကိုယ်ကစားနိုင်ပြီး ဘာမှပြန်ပြီး ကျွေးနိုင်ခွင့်မရှိတာကို မာလာက ဝမ်းနည်းသလို ခံစားရတယ်။ အမေကိုလည်း ဘာမှတောင်းဆိုခွင့်မရှိတာမို့ ရင်ထဲက မွန်းကျပ်မှုတွေကတစ်ဆင့် စိတ်ဝေဒနာခံစားရတဲ့အထိ ဖြစ်လာရော။ အဲဒီအခါမှာ  အစိုးရိမ်ကြီးစွာနဲ့ အဖေရောအမေပါ မာလာ့ကို ဆေးဝါးကုဖို့ ကြိုးစားခဲ့ကြတယ်။ ငယ်ငယ်လေးကတည်းက ပြုစုထိန်းကျောင်းမှုလွဲချော်ခဲ့တဲ့ အကျိုးဆက်ခောင့် အခုလိုဖြစ်ရတာပါလို့ အထူးကုဆရာဝန်ကြီးက မှတ်ချက်ချတယ်။

    မာလာ့ရဲ့အမေ အပြောကတော့ “ကျွန်မသမီးလေးကို သူများထက်ထူးချွန်အောင် အချိန်အားမထားဘဲ ပညာရေးမှာ အချိန်ကုန်အောင် လုပ်ခဲ့ပါတယ်။ တခြားဘယ်သူနဲ့မှ မရောဘဲ ကိုယ့်အိမ်မှာပဲ ဆရာခေါ်ပြီး ဘာသာရပ်အားလုံး သင်ခဲ့တယ်။ ကွန်ပျူတာကအစ စကားပြောအဆုံး သင်တန်းတွေမှန်သမျှ သမီးကို သီးသန့်ပဲသင်ပေးခဲ့တာ။ အပေါင်းအသင်းများရင် သူတို့ဆီက မကောင်းတဲ့အကျင့်တွေ ကူးကုန်မှာဆိုးရိမ်တာကြောင့်ပါပဲ” ဆရာဝန်ကြီးက မာလာ့အမေကို ရှင်းပြတယ်။

    “လူဆိုတာ သူ့အသက်သူ့အရွယ်၊ သူ့သဘာဝနဲ့လိုက်ဖက်တဲ့ ပတ်ဝန်းကျင်ဆိုတာ လိုတယ်။ ပတ်ဝန်းကျင်ဆိုတာကလည်း အဆိုးချည်းပဲလို့ ယူဆလို့မရနိုင်ပါဘူး။ ချင့်ချိန်ပြီးပေါင်းသင်းတတ်ရင် ကိုယ့်အတွက် အကျိုးရှိနိုင်ပါတယ်။ အဓိကတော့ အချစ်လွန်လို့ စိုးရိမ်စိတ်နဲ့ ဟန့်တားခဲ့တာတွေဟာ သဘာဝနဲ့ဆန့်ကျင်နေရင် စိတ်ဖိစီးမှုတွေဖြစ်လာရော။ မခံနိုင်တဲ့အဆုံး စိတ်ရောဂါခံစားရတဲ့အထိ ဖြစ်သွားတတ်တာပါပဲ” မာလာ့ကို သူ့မိဘတွေ မျှော်လင့်ထားသလို ထူးချွန်ထက်မြက်တဲ့ မိန်းကလေးမျိုး ဖြစ်မလာတဲ့အပြင် ကျန်းမာရေးထိခိုက်တဲ့အထိ ဖြစ်လာရတာမို့ မိဘတွေ ယူကျုံးမရဖြစ်ပြီး တော်တော်လေး ခံစားကြရပါတယ်လို့ သူငယ်ချင်းတစ်ယောက်ကတစ်ဆင့် သိရတယ်။ သူတို့မိသားစုအတွက် စိတ်မကောင်း ဖြစ်မိရပါသေးတယ်။

    သားသမီးအပေါ် အချစ်လွန်တာကြောင့် စိတ်ဒုက္ခရောက်ရတဲ့ မိဘတွေရှိသလို အိမ်ထောင်ဖက်ချင်း အချစ်လွန်တာကြောင့် အိမ်ထောင်ရေးမှာ အက်ကြောင်းထင်ရတာမျိုးတွေကိုလည်း ရံဖန်ရံခါ ကြုံရတတ်ပါတယ်။

    ကိုမောင်မောင်နဲ့ မထားတို့ကို တက္ကသိုလ်ရောက်စကတည်းက ခင်မင်ရင်းနှီးခဲ့တယ်။ သူတို့နှစ်ယောက်က အထက်တန်းကျောင်းသားကျောင်းသူဘဝကတည်းက ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းချစ်သူတွေပါတဲ့။ ကိုမောင်မောင်က ပျော်ပျော်နေတတ်တယ်။ အပေါင်းအသင်း မင်တယ်။ မထားက ငယ်ငယ်ကတည်းက မိဘမရှိဘူး။ အဒေါ်အပျိုကြီးတွေနဲ့ ကြီးပြင်းခဲ့ရတာမို့ သိပ်ပြီးစနစ်ကျတယ်။ စည်းကမ်းကြီးတယ်။ ကိုမောင်မောင်နဲ့ ခဏခဏဆိုသလို စိတ်ကောက်လိုက်ကြ ပြန်ချော့လိုက်ကြပေါ့။

    ကျောင်းပြီးတော့ ကိုမောင်မောင်က စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာပြီး မထားက ကျောင်းဆရာမအလုပ်ဝင်ဖြစ်တယ်။ ကျွန်မတို့သူငယ်ချင်းတစ်စု သူတို့အိမ်ကို မကြာခဏဆိုသလို ရောက်ကြတယ်။ ရောက်တဲ့အခါတိုင်း မထားက ကိုမောင်မောင်ကို မျက်စိအောက်က အပျောက်မခံတာမျိုး၊ သိပ်ကို ဂရုစိုက်လွန်းပုံရပါတယ်။ ကျွန်မတို့ စကားပြောဆိုနေရင်းကပဲ
    “ကိုမောင် ရေကိုအကြာကြီးမချိုးနဲ့၊ အအေးမိလိမ့်မယ်”
    “ကြည့်စမ်း ခေါင်းကဆံပင်တွေကို ရေစင်အောင်မသုတ်ပြန်ဘူး။ အအေးမိပြီးဖျားရင် ဘယ်လိုလုပ်မလဲ”
    “ရေလဲလုံချည်ကို အဝတ်တန်းမှာ တင်ထားလေကိုမောင်၊ ဘယ်နှယ့် ကြမ်းပေါ်မှာ ပုံထားရတာလဲလို့”
    “အဲဒါသာကြည့်တော့ဟေ့။ ငါ့မှာ တစ်နေ့တစ်နေ့ အာညောင်းအောင် ပြောနေရတယ်။ ကိုမောင်က တကယ့်ကိုကလေးလေးကျနေတာပဲ။ သူ့အိမ်မှာ အငယ်ဆုံးသားဆိုတော့ စည်းမရှိ ကမ်းမရှိ ကြီးလာခဲ့ရတာ”
    ကျွန်မတို့လည်း ကိုယ့်အလုပ်နဲ့ကိုယ်မို့ မထားတို့ဆီ မရောက်ဖြစ်တာ ကြာသွားတယ်။

    တစ်နေ့ သတင်းစာကြော်ငြာတစ်ခုကို ဖတ်မိလို့ တအံ့တသြဖြစ်ခဲ့ရတယ်။ ကိုမောင်မောင်နဲ့ မထားတို့ ကွာရှင်းပြတ်စဲခြင်းကြော်ငြာလေ။ နောက်ပိုင်းကြားတာက မထားကိုယ်တိုင် ပြောင်းရွှေ့ခွင့်တင်ပြီး ကချင်ပြည်နယ်က ကျောင်းတစ်ကျောင်းကို အလုပ်ပြောင်းသွားပြီဆိုတာပါပဲ။ သူငယ်ချင်းတွေလည်း တော်တော့်ကို စိတ်မကောင်းဖြစ်ကြရတယ်။ စိတ်မကောင်းဖြစ်ဆို သူတို့နဲ့ တကယ့်မောင်နှမရင်းချာတွေလို ခင်မင်ရင်းနှီးခဲ့ကြတာကိုး။ နောက်ပြီး သူတို့ချစ်သက်တမ်းင နည်းမှမနည်းဘဲ။ အဲဒီကမှ အိမ်ထောင်သက်တမ်း ဘာမှမကြာလိုက်ဘူး။ လမ်းခွဲကြတယ်ဆိုတော့ စိတ်မကောင်းဖြစ်ကြရတာပေါ့။

    နှစ်တွေအတော်ကြာသွားခဲ့ပါပြီ။ တစ်နေ့မှာ ကုမ္မဏီတစ်ခုရဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲကို သူငယ်ချင်းတစ်ယောက်နဲ့အတူ သွားခဲ့တယ်။ အဲဒီအခမ်းအနားမှာ ကိုမောင်မောင်နဲ့ဆုံတယ်။ ကျွန်မတို့ကိုတွေ့ရတော့ သူတော်တော်လေး ဝမ်းသာသွားတယ်။ စကားစမြည်ပြောကြတဲ့အခါ သူ့အကြောင်းတွေ ပြောပြခဲ့တယ်။

    ကျွန်တော်က ထားကို သံယောဇဉ်ရှိခဲ့တာ အမှန်ပါပဲ။ ရည်းစားဘဝကတည်းက သူကကျွန်တော့်ကို ဟိုမလုပ်နဲ့ ဒီမလုပ်နဲ့ဆိုပြီး စည်းကမ်းပေးတယ်။ ကျွန်တော်ကလည်း အိမ်မှာဗိုလ်ဆိုတော့ ခပ်ပေါ့ပေါ့နေတတ်ခဲ့တာကိုး။ နောက်ပြီး ထားကိုလျှော့တွက်ခဲ့မိတယ်။ အိမ်ထောင်ကျတဲ့အခါ ကျွန်တော့်ကို နားလည်လာမှာပါလို့။ နောက်ပြီး သူစည်းကမ်းကြီးတာကို သိပ်ပြီးအလေးအနက်မထားခဲ့မိဘူး။

    ဟော အိမ်ထောင်လည်းကျရော ကျွန်တော့်ကို အမျိုးမျိုးချုပ်ကိုင်ပါလေရော။ ဟိုပစ္စည်းထားတာ နေရာမကျဘူး။ ဒီဟာကဒီလိုနဲ့ အသေးအဖွဲ့ကအစ လိုက်ပြောရော။ အစပိုင်းတော့ ကျွန်တော်က တဟားဟားရယ်ရင်း ရယ်စရာလို သဘောထားပစ်လိုက်တယ်။ ဒါပေမယ့်ဗျာ ကြာလာတော့ သူကသူ့စကားကို အလေးအနက်မထားဘူးလို့ ယူဆလာတယ်။ ကျွန်တော့်ကို အချစ်လွန်တာ၊ ကျွန်တော့်ကိုအစိုးရိမ်လွန်တာကြောင့်ပဲဆိုတာ ကျွန်တော်မသိလို့ မဟုတ်ဘူး။ သိပါတယ်။ ခက်တာက လွတ်လွတ်လပ်လပ်နေတတ်ခဲ့တဲ့ ကျွန်တော့်ငယ်ကျင့်ကို လွယ်လွယ်နဲ့ဖျောက်မရတာ ဆိုးတယ်။ ကြာလာတော့ ကျွန်တော်က ကိုယ့်ကိုကိုယ် ကျဉ်းကျပ်နေသလို ခံစားလာရတယ်။ အိမ်ရောက်ရင် ဘာအမှားများလုပ်မိမလဲလို့ တွေးလာရော။ နောက်ဆုံးတော့ဗျာ ကျွန်တော်တို့ လမ်းခွဲကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ စိတ်မကောင်းခြင်းကြီးစွာနဲ့ပေါ့။

    ကျွန်မတို့လည်း ကိုမောင်မောင်တို့ သတင်းကြားရတော့ စိတ်မကောင်း ဖြစ်ကြရပါတယ်။ အင်း အခုတော့ ကျွန်တော် အိမ်ထောင်သစ် ထူထောင်လိုက်ပါပြီ လို့ ကိုမောင်မောင်က ဆက်ပြောတယ်။

    ကျွန်တော့်ကို နားလည်ပေးနိုင်တဲ့သူ။ နောက်ပြီး နားပူနားဆာမလုပ်ဘဲ ကျွန်တော့်ကို ဖျောင်းဖျပြီး နားဝင်အောင် ပြောတတ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ပေါ့။ တခြားတော့ မဟုတ်ပါဘူး။ ကျွန်တော့်ကုမ္မဏီက စာရင်းကိုင် မိန်းကလေးပါပဲ တဲ့။

    ဖြစ်ရိုးဖြစ်စဉ်ထက် လွန်ကဲလာခြင်းရဲ့ အကျိုးဆက်ဟာ မလှမပတဲ့ အဆုံးသတ်လားဆိုတာ တွေးမိရင်း။

    စာကြွင်း။    ။ သူဖတ်မိလိုဖတ်ငြားပေါ့ဗျာ၊ ကျွန်တော်တို့အကြောင်း စာတစ်ပုဒ်လောက် ရေးစမ်းပါဆိုလို့။

    နှင်းဆီခင်

  • ရက်ပေါင်း ၁၀၀ စီမံကိန်း ဘာကြောင့်လုပ်သင့်တာလဲ

    ရက်ပေါင်း ၁၀၀ စီမံကိန်း ဘာကြောင့်လုပ်သင့်တာလဲ

    မေ ၂၉ ၊ ၂၀၁၆
    M-Media
    ဆောင်းပါးရှင်-ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ်)
    President-100-Days-(block)
    နိုင်ငံရေးပါးဝသည့် မြန်မာပြည်သူလူထုကြီးသည် ၂၀၁၅ခုနှစ် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအား လူထုအာဏာအပ်နှင်းပေးခဲ့သည်။ ထိုကဲ့သို့ အပ်နှင်းရခြင်း၏ နောက်ခံအကြောင်းရင်းများကလည်း ရှင်းလင်းပြတ်သားလှပါဘိ။ ထိုပါတီအားဦးဆောင်သူ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်ကြီးကို ကယ်တင်မည့်သူ နိုင်ငံအတွက်မိမိရဲ့ခင်ပွန်းနှင့် သားသမီးများ ဥစ္စာ၊ ပစ္စည်းများ၊ အရာခပ်သိမ်းကို စွန့်လွှတ်အနစ်နာခံခဲ့သူ ကမ္ဘာ့ခေါင်းဆောင်များက  အလေးစားရဆုံးသူ၊ ကမ္ဘာ့ထိပ်တန်းအရည်အချင်းရှိသူ (၁၀) ဦးတွင် နံပါတ် ၆ အဆင့်ရှိသူ၊ ကမ္ဘာ့ဩဇာ တိကမ၊ အကြီးမားဆုံး (၁၀၀) စာရင်းတွင်ပါဝင်သူ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဖြစ်သူ၊ ကမ္ဘာ့တစ်ဝန်း
    ခေါင်းဆောင်များက ချီးမြှင့်သည့် ဆုတံဆိပ်၊ ဂုဏ်ဒြပ်ပေါင်း ၂၀၀ နီးပါးရရှိထားသူ၊ စသည့်အချက်များကြောင့်လည်း ပါတီ၏ခေါင်းဆောင်နှင့် ပါတီ၏အမည်ကိုကြည့်၍ မြန်မာနိုင်ငံ၏ အနာဂတ်ကိုလူထုက၅ နှစ်ထိုးအပ်ခဲ့ခြင်းဖြစ်သည်။

    ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက် အာဏာလွဲပြောင်းရယူပြီး၊ ပထမဦးစွာ နိုင်ငံတော်အတိုင်ပင်ခံဆိုတဲ့ရာထူး ကို ဖန်တီးရယူသည်။ အနီးကပ်ဆုံး ယုံကြည်စိတ်ချရသူကို၊ သမ္မတ တင်မြှောက်ခဲ့သည်။ ၀န်ကြီးဌာနမျာုးကို စုစည်းပစ်လိုက်သည်။ နိုင်ငံခြားရေးဝန်ကြီးရာထူး ရယူထားပြီး နိုင်ငံခြားအစိုးရများ၊ အဖွဲ့အစည်းများနှင့် ထယ်ထယ်ဝင့်ဝင့် ဆွေးနွေးနိုင်အောင် တရားဝင်နေရာယူနိုင်ခဲ့သည်။ သမ္မတရုံးဝန်ကြီးရာထူးရယူခဲ့ သဖြင့် ၀န်ကြီးဌာနအားလုံးကို တရားဝင် ညှိနှိုင်းဆောင်ရွက်ခွင့်ကို ဖန်တီးရယူနိုင်ခဲ့သည်။ လူထုအတွက်
    အကျိုးမရှိသော ဥပဒေများကို ပြင်ဆင်နေပြီ။

    မိမိအစိုးရအဖွဲ့ကို ယခင်ဦးသိန်းစိန်အစိုးရခေတ်ကလူများနှင့် မတူအောင်၊ လက်ဆောင်ပဏ္ဏာများလက်ခံ ခြင်းက အစ၊ တင်းကျပ်တဲ့စည်းမျဉ်းတွေကို ချမှတ်ထားခဲ့သည်။ ဤနည်းဖြင့် ပြည်သူလူထု၏ ယုံကြည်မှုကို ရအောင်ယူခဲ့ပြန်သည်။ နိုင်ငံရေး အကျဉ်းသားများ၊ ဖမ်းဆီးခံ ဆန္ဒပြကျောင်းသားများအား ၂၀၀၈ ဖွဲ့စည်းပုံပါ သမ္မတ၏လုပ်ပိုင်ခွင့်ဘောင်အတွင်းမှပင် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများ၊ ကျောင်းသားကျောင်းသူများအား လွှတ်ပေးနိုင်ခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်ဦးဦးဖျားဖျားတွေ့ဆုံခဲ့ပြီး တရုတ်ပြည်အနေနဲ့ မိမိတို့အကျိုးစီးပွားအတွက် စစ်တပ်ဆီချဉ်းကပ်စရာမလိုတော့ကြောင်း အချက်ပြနိုင်ခဲ့သည်။

    NLD အရပ်သားအစိုးရ ယခုလက်ရှိဖော်ဆောင်နေသည့် ရက် ၁၀၀ စီမံချက် (First 100 days plan) ကို ကမ္ဘာ့စံပြ ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အမေရိကန်နိုင်ငံ၊ သမ္မတဟောင်းကြီး၊ ဘင်ဂျမင်ဖရန့်ကလင်လည်း ချမှတ်လုပ်ဆောင်ခဲ့ဖူးသည်။ အမေရိကန်သမ္မတကြီး ရူစဗဲ့လည်း လုပ်ဆောင်ခဲ့ဖူးသည်။ ဥပမာ သမ္မတရူစဗဲ့က ပထမရက် ၁၀၀ အတွင်း၊ ကွန်ကရက်အား သတင်းစကား ၁၅ ခု ပါးခဲ့သည်။ အရေးပါတဲ့ ဥပဒေကြီး ၁၅ ခုကို ရေးဆွဲဖို့ လမ်းညွှန်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲများ ကက်ဘိနက် အစည်းအဝေးများကို
    နိုင်ငံတကာခေါင်းဆောင်များနှင့် ဆွေးနွေးပွဲများပြုလုပ်ခဲ့သည်။

    သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် NLD အရပ်သားအစိုးရကဲ့သို့ “ရက်ပေါင်း ၁၀၀ စီမံချက်မျိုး” ကိုချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာမျိုး မရှိကြောင်း တွေ့ရသည်။ ထို့ကြောင့်လည်း သိသာထင်ရှားသည့် အပြောင်းအလဲများ မဖြစ်ခဲ့ပေ။ ပြည်သူလူထုအား အမှန်တကယ်လေးစားသော၊ ပြည်သူလူထု၏တစ်ခဲနက် ထောက်ခံမှုကို ရယူချင်သော၊ အစိုးရတစ်ရပ်သည် “ရက် ၁၀၀ စီမံချက်” ကို ထိထိရောက်ရောက် ကြိုးစား အကောင်အထည် ဖော်လျက်ရှိသည်။ ပြည်သူလူထု အနေနဲ့လည်း အစိုးရသစ်တစ်ရပ်ဟာအပြောင်းအလဲတစ်ခုကို ပီပီပြင်ပြင် လုပ်ဆောင်နေတယ်ဆိုတာ သိနေရုံ၊ မြင်နေရုံနှင့် မပြီးသေး မိမိစွမ်းဆောင်နိုင်ရာ ကဏ္ဍတွေမှာလည်း ပူးပေါင်းကူညီဖို့ လိုပေလိမ့်မည်။

    ရက်ပေါင်း ၁၀၀ စီမံချက်သည်၊ ပြည်ထောင်စုအစိုးရ၏သက်ဆိုင်ရာ ၀န်ကြီးဌာနများသာမက ပြည်နယ်အဆင့် အစိုးရများ၊ ၀န်ကြီးဌာနများအားလုံးက တိတိကျကျရေးဆွဲ အကောင်အထည်ဖော်ဆောင်ရမည့် စီမံချက်ဖြစ်သည်။ အစိုးရသစ်၏ရက်ပေါင်း ၁၀၀ စီမံချက်သည် ရှေ့ပြေး၊ ကနဦးအနေဖြင့် လူထုအတွက် အလုပ်လုပ်ပြခြင်းဖြစ်သည်။ ရက် ၁၀၀ အတွင်း အကောင်အထည်ဖော်ခဲ့သည့် လုပ်ငန်းဆောင်တာမျိုးကို ဆန်းစစ်၍ ၅ နှစ်တာ တာဝန်ယူမည့် အစိုးရသစ်တစ်ရပ်ကို အကဲခတ်နိုင်မည်ဖြစ်သည်။ ဝေဖန်နိုင်မည်
    ဖြစ်သည်။ မှတ်ကျောက်တင်နိုင်မည်ဖြစ်သည်။

    အမှန်တကယ်တော့ အစိုးရဟူသည် ပြည်သူလူထု ဒူးတုန်အောင်ကြောက်ရမည့် အဖွဲ့အစည်းတစ်ရပ် လည်း မဟုတ်ချေ။ အခွင့်ထူးခံ၊ လူ့မလိုင်အုပ်စုတစ်စုလည်း မဟုတ်ချေ။ ပြည်သူလူထုထဲက ဆင်းသက် ပေါက်ဖွားပြီး ပြည်သူ့အတွက် အလုပ်အကျွေးပြုမည့်၊ ပြည်သူ့ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသောလူ့အဖွဲ့အစည်း တစ်ရပ်သာဖြစ်သည်။

    ထို့ကြောင့်လည်း နိုင်ငံတော်အတိုင်ပင်ခံ၊ ဒေါ်အောင်ဆန်းစုကြည်က “အစိုးရဆိုတာ၊ ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီမယ့်၊ တိုင်းပြည်အကျိုးကို၊ ဆောင်ရွက်ဖို့၊ အချိန်အကန့်အသတ်တစ်ခုဖြင့် စေခိုင်းထားတဲ့ သစ္စာအရှိဆုံး၊ ပြည်သူ့ဝန်ထမ်းတွေသာ ဖြစ်ပါတယ်” ဟူ၍ လူထုအားရှင်းပြခဲ့ဖူးပါသည်။

    ထို့ကြောင့်စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ဘက်စုံနိမ့်ကျနေသည့် မြန်မာ့နိုင်ငံကြီးကို ကယ် တင်ဖို့၊ တိကျရေရာသော၊ စနစ်ဇယားများ ရက် ၁၀၀ လို စီမံကိန်းများရေးဆွဲကာ၊ အဓိက လူထုလိုအပ်ချက်များကို အကောင်အထည်ဖော်ခြင်းသည် အလားအလာကောင်းတစ်ခုဖြစ်ပေသည်။ သို့မှသာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ အီသီယိုးပီးယားနိုင်ငံအောက် ရောက်နေခြင်း WHO ကမ္ဘာ့ကျန်းမာရေးအဆင့် ၁၉၅ နိုင်ငံ၌ ၁၉၃ နိုင်ငံအဆင့်၌ ကျန်ရစ်ဖြစ်နေခြင်း၊ အကျင့်ပျက်ခြစားမှုအဆိုးဆုံးနိုင်ငံ (၂၀) စာရင်း၌ပါဝင်
    နေခြင်း၊ ကမ္ဘာ့ကြွေးမြီးအထူပြောဆုံးနိုင်ငံများစာရင်း၌ မြန်မာနိုင်ငံပါဝင်နေခြင်းစသည့် အခြေအနေဆိုး များမှ ရုန်းထွက်နိုင်ဖို့ရန် ကာလတို ရက် ၁၀၀ စီမံကိန်းများဖြင့် လက်တွေ့ အလုပ်လုပ်ပြရင်း လူထုရဲ့ယုံကြည်ကိုးစားမှုကို တည်ဆောက်ရယူကြပါစို့ ဟူ၍ အစိုးရသစ်အား အကြံပြု တင်ပြလိုက်ပါသည်။

    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ်)

  • ကိုယ့်ဘာသာတရားကို ချစ်ပါ၊ တခြားဘာသာတွေကိုလည်း လေးစားပါ

    ကိုယ့်ဘာသာတရားကို ချစ်ပါ၊ တခြားဘာသာတွေကိုလည်း လေးစားပါ

    မေ ၂၅ ၊ ၂၀၁၆
    သက်ဆွေဝင်း ရေးသည်။
    Myanmar Now မှ ဆောင်းပါးဖြစ်ပါသည်။

    Thet Swe Win
    ဓါတ်ပုံအညွှန်း- တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် ကိုသက်ဆွေဝင်းတို့ မကြာသေးမီက အိန္ဒိယနိုင်ငံတွင် တွေ့ဆုံစဉ်

    ငြိမ်းချမ်းတဲ့ လူ့ဘောင် တည်ဆောက်နိုင်ဖို့အတွက် အမှားအမှန် ဆုံးဖြတ်နိုင်တဲ့ ဥာဏ်ပညာ၊ ချစ်ခြင်းမေတ္တာတို့ လိုအပ်ပါတယ်။
    .
    ဆယ်ကျော်သက်အရွယ်တုန်းက အမျိုးပျောက်မှာ စိုးကြောက်စရာ ဆိုတဲ့ လက်တစ်ဝါးသာသာ စာအုပ်ကလေး ဖတ်မိပြီးနောက်ပိုင်း ကျွန်တော်ဟာ အစ္စလာမ်ဘာသာဝင်တွေကို မုန်းတီးခဲ့တယ်။ စာအုပ်ထဲက အစ္စလာမ်ဘာသာဝင်တွေဟာ ဗုဒ္ဓဘာသာကောင်မလေးတွေကို မုဒိန်းကျင့်၊ အနိုင်ကျင့်ပြီး သားဖောက်မျိုးပွားတယ်၊ သတ်ဖြတ်တယ်ဆိုတဲ့ ရေးသားချက်မျိုးတွေဟာ ကျွန်တော့်ရဲ့ အစ္စလာမ်မုန်းတီးစိတ်ကို မီးထိုးပေးသလို ဖြစ်ခဲ့တယ်။
    .
    အဲ့ဒီတုန်းက WWF နပန်းပွဲတွေ ခေတ်စားနေတာဆိုတော့ နေ့လယ်ပိုင်းမုန့်စားဆင်းချိန် စာသင်ခန်း နောက်မှာ  နပန်းသတ်တမ်း ဆော့လေ့ရှိတယ်။ အတန်းထဲမှာ မူဆလင်ကောင်လေးက နှစ်ယောက်ပဲ ရှိတယ်။ တစ်ယောက်က နှစ်ကျ၊ ကျွန်တော့်ထက် အကောင်ကြီးတယ်။ နောက်တစ်ယောက်က အရပ်ပုပြီး လူကောင်တောင့်တဲ့ ကျွန်တော်နဲ့ ရွယ်တူကောင်လေး။ မုန့်စားဆင်းချိန်ဆိုရင် ကျွန်တော်နဲ့ တခြားသူငယ်ချင်းနှစ်ယောက်က မူဆလင်ကောင်လေးကို အမြဲတမ်းခေါ်ပြီး နပန်းသတ်လေ့ရှိတယ်။   ကျွန်တော်တို့ သုံးယောက်လောက်က သူ့ကို ဝိုင်းပြီး ကိုင်ပေါက်လိုက်၊  တက်ခုန်လိုက်နဲ့ပေါ့။ သူဟာ အစ္စလာမ်ဘာသာဝင် တစ်ယောက် ဖြစ်နေလို့ဆိုတဲ့ အမုန်းစိတ်လည်း ပါခဲ့တယ်ဆိုတာ ဝန်ခံရပါလိမ့်မယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေကြားမှာ အမျိုးပျောက်မှာ စိုးကြောက်စရာ  ဆိုတဲ့ စာအုပ်ကပျံ့နှံ့နေပြီး ကျောင်းသားတွေအကြားမှာ ကုလားမုန်းတီးရေး ခံယူချက်တွေ ဖြစ်ပေါ်လာတယ်။ နောက်ဆုံးရလဒ်အနေနဲ့ ကျွန်တော်အရမ်းကြိုက်တဲ့ ဒန်ပေါက်ကိုတောင် ငါးနှစ်လောက် မစားဘဲ နေဖြစ်သွားခဲ့တယ်။
    .
    ကျွန်တော့်မှာရှိနေတဲ့ ကုလားမုန်းတီးရေးအမြင်ကို စပြီးပြောင်းသွားစေခဲ့တာက ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေး ကာလအတွင်းမှာပါ။ ရွှေဝါရောင်တော်လှန်ရေးကို သံဃာတော်တွေနဲ့ ကျောင်းသား လူငယ်တွေ ဦးဆောင်ကြတော့ တက္ကသိုလ်ဘွဲ့ရပြီးခါစ ကျွန်တော်လည်း ဝင်ပါခဲ့တယ်။ နေအရမ်းပူချိန် ကတ္တရာလမ်းပေါ်တွေမှာ သံဃာတော်ပေါင်းများစွာက လောကကောင်းကျိုးအတွက် မေတ္တာပွားရွတ်ဖတ် လမ်းလျှောက်နေကြရင်း ဖိနပ်မပါတဲ့သံဃာတွေကို ရန်ကုန်မြို့ ဆူးလေဘုရားနားမှာ ဗလီဆင်းလာတဲ့ အစ္စလာမ် ဘာသာဝင်တွေက သူတို့စီးလာတဲ့ ဖိနပ်တွေချွတ်ပေး၊  ရေဘူးဝေပေးကြတာကို မြင်တော့ ကျွန်တော့်စိတ်ထဲမှာ မူဆလင်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ် ငါတို့နိုင်ငံသားတွေ အားလုံးဟာ စနစ်ဆိုးကြီးတစ်ခုရဲ့ ဒဏ်ကို အတူတူ မျှဝေခံစားနေရသူတွေပါလားဆိုပြီး စတင်နားလည်လာတယ်။
    .
    ရွှေဝါရောင်အရေးအခင်းကြီးပြီးတော့ ကျွန်တော် နိုင်ငံရေးလှုပ်ရှားမှုတွေထဲ စိတ်ရောက်သွားမှာစိုးလို့ဆိုပြီး အမေက စင်္ကာပူကို လွှတ်လိုက်တယ်။ လူမျိုးစုံ၊  သာဘာစုံတဲ့ စင်္ကာပူနိုင်ငံက ကျွန်တော့်မှာ လက်ကျန်ရှိနေတဲ့ မူဆလင် မုန်းတီးရေးစိတ်တွေကို လျှော်ဖွတ်ပေးနိုင်ခဲ့တယ်။ စင်္ကာပူမှာ မူလတန်း ကတည်းက သူတို့နိုင်ငံမှာ နေထိုင်ကြတဲ့ အဓိကလူမျိုးသုံးမျိုးဖြစ်တဲ့ တရုတ်၊  မလေး၊  တမီးလ်တို့ရဲ့ မတူကွဲပြားတဲ့ ယဉ်ကျေးမှု၊  ဓလေ့ထုံးတမ်းစဉ်လာတွေအကြောင်း သင်ပေးတယ်၊ လုပ်ငန်းခွင် ရောက်သွားရင်လည်း ဘယ်ဘာသာဝင်ပဲဖြစ်ပါစေ၊ အလုပ်လုပ်တာတော်ရင် သူနဲ့ထိုက်တန်တဲ့နေရာ ရတယ်။ ကုမ္ပဏီတစ်ခုရဲ့ ဌာနခွဲတစ်ခုမှာ ကျွန်တော်အလုပ်ဝင်တော့   ကျွန်တော့်ထက် ရာထူးကြီးသူတွေ အကုန်လုံးက အိန္ဒိယနိုင်ငံလာတဲ့ ဟိန္ဒူဘာသာဝင် တမီးလ်လူမျိုးတွေ၊  ကျွန်တော့်ထက် ရာထူးငယ်သူတွေ အကုန်လုံးက  ဘင်္ဂလားဒေ့ရှ်ကလာတဲ့ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီတွေ။ လုပ်ငန်းခွင်ထဲမှာ အားလုံးနဲ့ စကားပြောဆိုရင်းနဲ့ပဲ ဘာသာ၊  လူမျိုးဆိုတာတွေထက်စာရင် လူကောင်းနဲ့လူဆိုးဆိုပြီး ခွဲခြား မြင်တတ်လာတယ်။ ဒီမိုကရေစီနိုင်ငံ မဟုတ်တဲ့ စင်္ကာပူလိုနိုင်ငံမှာ သုံးနှစ်လောက်နေရင်းနဲ့ ဗဟုလူ့အဖွဲ့အစည်း ဆိုတာကို နားလည် သဘောပေါက်လာတယ်။
    .
    ၂ဝ၁ဝ မှာ မြန်မာနိုင်ငံကို ပြန်ရောက်လာပြီး နောက်တစ်နှစ်မှာ စိတ်တူသဘောတူ မိတ်ဆွေတွေနဲ့ လူငယ် အဖွဲ့အစည်းလေးတစ်ခု ပူးပေါင်းတည်ထောင်ဖြစ်ခဲ့တယ်။ အဖွဲ့ထဲမှာ ခရစ်ယာန်၊  မူဆလင်၊ ခရစ်ယာန် ကနေ ဗုဒ္ဓဘာသာ ပြောင်းလာတဲ့ သူငယ်ချင်းသုံးယောက်လည်း ပါတဲ့အတွက် ဘာသာရေးဆိုင်ရာ အယူအဆရေးရာတွေကို လူငယ်တွေရဲ့ အမြင်နဲ့ ချိန်ထိုးပြီး လေ့လာခွင့်ရခဲ့တယ်။ ဒီလိုမိတ်ဆွေတွေ ရှိတာကြောင့်လည်း ကျွန်တော့်မှာစွဲကပ်နေတဲ့ ငါ့လူမျိုး၊ ငါ့ဘာသာမှ ပိုကောင်းတယ်၊ ပိုမြင့်မြတ်တယ် ဆိုတဲ့ အယူအဆတွေပျောက်ပြီး မတူညီတဲ့အယူအဆတွေကို နားလည် လက်ခံနိုင်သူတစ်ယောက် ဖြစ်လာစေခဲ့တာပါ။ လူချင်းအတူတူ ကိုးကွယ်ယုံကြည်ရာ ဘာသာအယူဝါဒ မတူတာနဲ့တင် ရန်သူဖြစ်စရာ မဟုတ်ဘူးဆိုတာ ဆင်ခြင်မိလာတယ်။
    .
    ဘာသာတရားတိုင်းက လူသားတွေအပေါ် ချစ်ခြင်းမေတ္တာထားဖို့ ဟောကြားခဲ့တာချည်းပါပဲ။ ဒါပေမယ့် လူသားတွေက ဘာသာတရားကို ကိုယ်လိုချင်တဲ့ ပုံစံ အဖြစ် ပြန်ပြောင်းကြပြီးတော့ သူ့ရဲ့ တကယ့် အနှစ်သာရကို ဖျက်ဆီးပစ်ကြတာပါ။ လူအများအပြားဟာ ဗုဒ္ဓရဲ့စကားထက် ဘုန်းကြီးတွေရဲ့ စကားကို ပိုအလေးထားကြတယ်။ အလ္လာဟ်ရဲ့စကားထက်စာရင် မော်လီဆပ်တွေကို ပိုယုံကြတယ်။ ဘာသာရေးတွေဟာ ဘာသာရေး ခေါင်းဆောင်တချို့အသုံးချတာကို ခံနေကြရတယ်။
    .
    မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေဟာ ဘာသာရေး ကိုင်းရှိုင်းသူတွေက စခဲ့ကြတာမဟုတ်ဘဲ ဘာသာရေးအရေခြုံပြီး လူမျိုးရေးခွဲခြားမှုတွေ လုပ်ချင်တဲ့ လူတစ်စုက စတင်ခဲ့တာလို့ ပြောလို့ရတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ မဟာဗမာဝါဒနဲ့ ဗုဒ္ဓဘာသာသည်သာ ကမ္ဘာမှာ အကောင်းဆုံးဘာသာ ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုဟာ အစွန်းရောက်မျိုးချစ်စိတ်ဓာတ်တွေ ဖြစ်ပေါ်လာတဲ့ ဓာတ်ခံတွေပါပဲ။ လူတွေရဲ့စိတ်ထဲမှာ ရှိနေတဲ့ အဲ့ဒီအခံစိတ်ဟာ ကျွန်တော် အပေါ်မှာပြောခဲ့တဲ့ အမျိုးပျောက်မှာ စိုးကြောက်စရာလို စာအုပ်မျိုးနဲ့ ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်လိုက်တဲ့အခါ မူဆလင်ဆန့်ကျင်ရေး၊ ဘာသာခြား ဆန့်ကျင်ရေး စိတ်ဓာတ်တွေအဖြစ် ရှင်သန်ထကြွလာကြတယ်။
    .
    အစွန်းရောက် အမျိုးသားရေးဝါဒီတွေ ခေါင်းထောင်လာတာဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အနှောင့်အယှက်ကြီးကြီးမားမားဖြစ်စေတယ်။ ဒီမိုကရေစီစံနစ်အရ မတူကွဲပြားမှုတွေကို လက်ခံပြီး တရား ဥပဒေအောက်မှာ အားလုံးတန်းတူညီမျှ အခွင့်အရေးရှိကြဖို့လိုတယ်။ အခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ သဘောထား တင်းမာတဲ့ ဘုန်းကြီးတချို့က ခရစ်ယာန်၊ အစ္စလာမ် အစရှိတဲ့ ဘာသာခြားတွေအပေါ် အနိုင်ကျင့်တာမျိုးကို ဥပဒေကြောင်းအရ ရှင်းလင်းကိုင်တွယ်ဖို့ လိုတယ်။ ဥပမာအားဖြင့် နှစ်ဆန်း တစ်ရက်နေ့က ရွှေတိဂုံဘုရားနားမှာ ဈေးလာရောင်းတဲ့ မူဆလင်တချို့ကို ဘုန်းကြီးတစ်စုက ရိုက်နှက် ခြိမ်းခြောက်ပြီး ပစ္စည်းသိမ်း နှင်ထုတ်လိုက်ရာမှာ ရဲတွေက ဘုန်းကြီးတွေမို့လို့ သာသနာရေး ဌာနကနေ ကိုင်တွယ်ဆောင်ရွက်ရမယ့်ကိစ္စဆိုပြီး လက်ရှောင်ကြတာမျိုးပေါ့။ ဥပဒေဆိုတာ စံသတ်မှတ်မှု တစ်မျိုးတည်းပဲ ဖြစ်ရပါမယ်၊ ဘုန်းတော်ကြီးတွေမို့လို့ မကိုင်တွယ်ရဲဘူးဆိုရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို မေးခွန်းထုတ်စရာရှိလာပါပြီ။
    .
    ပြီးခဲ့တဲ့နှစ်ပါတ်လောက်က အိန္ဒိယမှာ ဒလိုင်းလားမားနဲ့ ကမ္ဘာ့ ပဋိပက္ခနိုင်ငံ ၁၃ ခုက  လူငယ် သုံးဆယ်နီးပါး တွေ့ဆုံကြတဲ့ပွဲကို ကျွန်တော် သွားတက်ဖြစ်ခဲ့တယ်။ အဲ့ဒီပွဲကို တက်ကြတာ ဆီးရီးယား၊  အာဖဂန်နစ္စတန်၊  ဆိုမာလီ၊  အီရတ်၊  ကင်ညာ၊  ဆူဒန်၊  ဆူဒန် စတဲ့နိုင်ငံတွေမှာ ဘာသာရေးကိုအခြေခံပြီး လူ့အဖွဲ့အစည်းအတွင်းမှာ ငြိမ်းချမ်းရေးတည်ဆောက်နေကြတဲ့လူငယ်တွေ၊ ဗုဒ္ဓဘာသာဝင်ဆိုလို့ ကျွန်တော်နဲ့ နောက်ထပ်တစ်ယောက်ပဲ ပါတယ်၊ ခရစ်ယာန်နဲ့ အစ္စလာမ်တွေ များတယ်။ အဲ့ဒီပွဲမှာ ချစ်ခြင်းမေတ္တာနဲ့ လူသားဆန်မှုအကြောင်းတွေကို အချင်းချင်း ဖလှယ်ဖြစ်ကြတယ်။ အမှန်တရားအတွက် လုပ်တယ် ဆိုရာမှာ ဘာသာရေး၊ လူမျိုးရေးတွေမပါဘဲ အမှန်တရား သီးသန့်အတွက် တိုက်ပွဲဝင်နေတဲ့ ဘာသာပေါင်းစုံက လူငယ်တွေရှိနေတယ်ဆိုတာ သိခဲ့ရတယ်။ ဒါ့အပြင် အစ္စလာမ်နိုင်ငံတွေမှာ မြန်မာနဲ့ ပတ်သက်ရင် လူနည်းစုမူဆလင်တွေကို ဖိနှိပ်ပြီး ရိုဟင်ဂျာတွေကို သတ်ဖြတ်နေတယ်ဆိုတဲ့ သတင်းတွေချည်းပဲ ကြားနေရတယ်ဆိုတာကိုလည်း သိလာရတယ်။
    .
    ကမ္ဘာက ဒီလိုမြင်နေတဲ့အမြင်တွေကို ကျွန်တော်တို့တွေ ဘယ်လိုပြောင်းပေးနိုင်မလဲ။ အစ္စလာမ်အပါအဝင် တခြားဘာသာရေးတွေကို ဖိနှိပ်ချုပ်ချယ်ပြီး ဗုဒ္ဓဘာသာ သာသနာကို ကာကွယ်မြှင့်တင်ပါတယ်ဆိုတဲ့ လူတစ်စုကြောင့် ကျွန်တော်တို့နိုင်ငံကို ကမ္ဘာက ဒီလိုမြင်နေကြတယ်။ ဗုဒ္ဓဟောတဲ့ တရားအတိုင်း မကျင့်ကြံကြတဲ့သူတွေများပြားလာ၊ မတရားမှုတွေကို နှုတ်ဆိတ်နေကြတဲ့သူတွေ များပြားနေတာကြောင့် အဓမ္မဝါဒီသမားတွေ လုပ်ချင်ရာလုပ်လို့ရခဲ့တာ။ ၂ဝဝဝ ပြည့်နှစ် ကုလသမဂ္ဂ ငြိမ်းချမ်းရေးညီလာခံမှာ ဆရာကြီး ဦးဂိုအင်ကာပြောသွားတဲ့ “မိမိတို့ ကိုးကွယ်တဲ့ ဘာသာကို ချီးမွမ်းပြီး အခြားဘာသာတွေကို နှိမ်ချတဲ့သူတွေဟာ မိမိတို့ဘာသာကို မြှောက်စားတယ်လို့ ထင်မြင်ပေမယ့် သူတို့ရဲ့လုပ်ဆောင်မှုတွေဟာ သူတို့ဘာသာကို အကျည်းတန် အရုပ်ဆိုးအောင် လုပ်ဆောင်နေခြင်းပါပဲ” ဆိုတဲ့စကားကို ကျွန်တော်တို့ သတိပြုကြဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့ရင်ထဲမှာ ရန်လိုမှု၊  မုန်းတီးမှုတွေ ပြည့်နှက်နေရင် ကျွန်တော်တို့နဲ့ထိစပ်သမျှ အရာရာဟာ ငြိမ်းချမ်းနိုင်မှာမဟုတ်ပါဘူး။  ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် တရားမရှိရင် လူ့အဖွဲ့အစည်းမှာ ပြဿနာတွေ ဖြစ်နေဦးမှာပဲ။ ကျွန်တော်တို့မြန်မာပြည်သူတွေ တစ်ယောက်စီတိုင်း မှားမှန် ဆုံးဖြတ်နိုင်တဲ့ ဉာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာ ပိုမိုပြည့်စုံလာမှသာလျှင် ကျွန်တော်တို့လိုချင်တဲ့ ငြိမ်းချမ်းသာယာတဲ့ လူ့ဘောင်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။     ။
    .
    သက်ဆွေဝင်းသည် ရန်ကုန်မြို့အခြေစိုက် Center for Youth and Social Harmony ခေါ် လူငယ်နှင့် လူမှုသဟဇာတဖြစ်ရေးအဖွဲ့ကို ပူးတွဲတည်ထောင်သူ၊ ဒါရိုက်တာဖြစ်သည်။

  • မဟာသရေစည်သူ ပင်လုံ ဦးဖေခင် (နိုင်ငံဂုဏ်ရည် ပထမဆင့်) ၏ ၁၀၄ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားပြုလုပ်

    မဟာသရေစည်သူ ပင်လုံ ဦးဖေခင် (နိုင်ငံဂုဏ်ရည် ပထမဆင့်) ၏ ၁၀၄ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားပြုလုပ်

    မေ ၂၂ ၊ ၂၀၁၆
    M-Media
    သီဟ
    .13240047_1700332010240036_8154889419842722320_n
    ၁၉၄၇ ခုနှစ် ပင်လုံစာချူပ် ချူပ်ဆိုချိန် အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ဦးဖေခင်၏ ၁၀၄ နှစ် မြောက် အထိမ်းအမှတ် အခမ်းအနားတရပ်ကို မေလ ၂၁ ရက်နေ့ မနက် ၁၀ နာရီမှာ ရန်ကုန်မြို့ Orchid Hotel Yangon မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
    .
    မဟာသရေစည်သူ ပင်လုံ ဦးဖေခင် (နိုင်ငံဂုဏ်ရည် ပထမဆင့် နှင့် အငြိမ်းစားသံအမတ်ကြီးဟောင်း)၏ အထုပ္ပတ္တိ ကို အခမ်းအနားမှုး ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း ရန်ကုန်တက္ကသိုလ်) မှ ဖတ်ကြားခဲ့ပါတယ်။
    .
    အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်နာယက သူရဦးတင်ဦး တက်ရောက် အမှတ်တရ စကားပြောကြားပေးခဲ့ပါတယ်။ အဲဒီနောက် စာရေးဆရာ ချစ်ဦးညို နှင့် စာရေးဆရာမ မသီတာ(စမ်းချောင်း) တို့မှ ဟောပြောခဲ့ပြီး နေ့လည် ၁၂ နာရီခွဲမှာ အခမ်းအနားကို ပြီးဆုံးခဲ့ကြောင်း သိရှိရပါတယ်။
    .
    ဗမာမွတ်စလင်မ် ကွန်ဂရက် (ဗ.မ.က) ဒုဥက္ကဌ ဖြစ်သူ ဦးဖေခင်ဟာ ဗိုလ်ချူပ်အောင်ဆန်းရဲ့ တာဝန်ပေးချက်အရ ၁၉၄၆ ခုနှစ်၊ ရွှေတိဂုံအလယ်ပစ္စယံမှာ ကျင်းပတဲ့ ဖဆပလညီလာခံမှာ “ပြည်နယ်/ပြည်မ ပူးပေါင်းရေး” (အဆို အမှတ် – ၇ ) အဆိုတင်သွင်းခဲ့သူဖြစ်ပါတယ်။
    .
    ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ်ချုပ်ဆိုရာမှာ ဖေဖော်ဝါရီ (၁၁) ရက်နေ့အထိ မသေချာ လိပ်ခဲတည်းလည်း ဖြစ်ပြီး၊ ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန်ပြန်ဖို့လေယာဉ်ပျံ စီစဉ်ခိုင်းနေတဲ့အခြေအနေမှာ ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်အောင် ညှိနိုင်းဆောင်ရွက်ခဲ့ကြတဲ့ အဓိကပုဂ္ဂိုလ်တွေထဲမှာ ဦးဖေခင်ဟာ တစ်ဦး အပါအ၀င်ဖြစ်ပါတယ်။
    .
    ဒါအပြင် ၊ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး ကော်မတီဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။
    .
    Photo Credit- ကိုတင်ရွှေ ၊ ဦးမောင်မောင်မြင့် FB
    .
    ပင်လုံဦးဖေခင် အကြောင်း ဆောင်းပါးများ ဖတ်ရန်
    ————————————