မေ ၁၅ ၊ ၂၀၁၆
RFA (မြန်မာပိုင်း)
.
တိုင်းပြည်ဖံွ့ဖြိုးတိုးတက်ရေးနဲ့ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ကို တိုက်တွန်းလိုက်ပါတယ်။
.
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ ရန်ကုန်တိုင်း သာသနာရေးဝန်ကြီးဌာနရုံးမှာ ဒီနေ့ တွေ့ဆုံစဉ် ပြော ခဲ့တာဖြစ်တယ်လို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဒုတိယဥက္ကဌ ဦးညွန့်မောင်ရှိန် က ပြော ပါတယ်။
.
“မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဘာသာပေါင်းစုံ၊ ညူမျိုးပေါင်းစုံ သဟဇာတညီဖို့အတွက် ဒါအားလုံးဟာ စိတ်သစ်၊ လူသစ်၊ အသွင်သစ်နဲ့ ဒီဥစ္စာတွေအားလုံးကို ဒီမိုကရေစီအစိုးရရဲ့ အင်္ဂါရပ်တွေနဲ့အညီ အားလုံးကပူးပေါင်းဆောင်ရွက်မယ်၊ အခုက စလုပ်တာဆိုတော့ အရှိန်အဟုန်တော့ မရသေးဘူး၊ ဒါတွေအားလုံးကို စုပေါင်းဆောင်ရွက်သွားမယ်ဆိုရင် ဒီအခက်အခဲတွေ ဟာ ဘယ်တော့မှရှိနိုင်စရာအေကြာင်းတော့ မရှိတော့ဘူးပေါ့၊ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ပဲ အရေးကြီးတယ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟာ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးတွေ ဘယ်လိုပဲ ဘာသာယုံကြည်ကိုးကွယ်ရာတွေကို များပြားပေမယ့်လို့ အားလုံးကိုတစ်သဘောတည်းအမြင်နဲ့ တိုင်းပြည်ကောင်းစားရေးကို ဝိုင်းဝန်းလုပ်ကြဖို့ ဆိုတဲ့အကြောင်းတွေပြောတယ်ပေါ့”
.
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာ မြိုင်ကြီးငူဆရာတော်ရဲ့ လမ်းညွှန်ချက်နဲ့ စေတီတည်နေတဲ့ကိစ္စတွေ မိတ္ထီလာ၊ ဥက္ကံနဲ့ မန္တလေးမြို့တို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို) တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ပါတယ်။
.
ဒါ့အပြင် မိတ္ထီလာမြို့မှာ ပဋိပက္ခဖြစ်ပြီးနောက် ပိတ်ထားခဲ့တဲ့ ဗလီတွေကို ပြန်ဖွင့်ခွင့်ပေးဖို့လည်း တင်ပြခဲ့တယ်လို့ ဦးညွန့်မောင်ရှိန် က ပြောပါတယ်။
.
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုဟာ မန္တလေးမြို့မှာရှိတဲ့ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့တွေနဲ့လည်း ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က မန္တလေးမြို့မှာ တွေ့ဆုံခဲ့ပါတယ်။
.
http://www.rfa.org/burmese/news/thura-aungko-say-religious-05152016111528.html
Author: editor
-
ဘာသာပေါင်းစုံက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ဝန်ကြီးတိုက်တွန်း
-
ကမ္ဘာ့ကိုယ်ခံ ပညာပေါင်းစုံ ပြိုင်ပွဲသို့ မြန်မာပြည် အလွတ်တန်း ချန်ပီယံ ထွန်းထွန်းမင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်မည်
သတင်း – မောင်စိန်လွင်(မြန်မာ့အလင်း)
ရန်ကုန် မေ ၁၃
ရိုးရာလက်ဝှေ့လောက၏ မြန်မာပြည် အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်း တစ်ယောက် ယခင်က တစ်ကြိမ်တစ်ခါမှ သွားရောက်ယှဉ်ပြိုင် ထိုးသတ်ဖူးခြင်း မရှိသေးသည့် ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲသို့ ပထမဦးဆုံးအကြိမ် သွားရောက် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူ ဦးဝဏ္ဏ(မာဂျေ)ထံမှ သိရသည်။”ဒီပွဲကို ထွန်းထွန်းမင်း သွားရောက်ယှဉ်ပြိုင်ထိုးသတ်ဖြစ်အောင် စီစဉ်ဖြစ်တာ ကတော့ ဂျပန်က ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲရှိတယ်ဆိုပြီး လှမ်းဖိတ်တယ်။ မြန်မာနိုင်ငံက ထွန်းထွန်းမင်းအနေနဲ့ ဒီပွဲကို လာပြီးတော့ ယှဉ်ပြိုင်ထိုးသတ်မလား ပြောတော့ ကျွန်တော်က ထွန်းထွန်းမင်းကို မေးတယ်။ ဂျပန်ကတော့ ဖိတ်တယ်၊ မင်း သွားထိုးမလားမေးတော့ သွားထိုးမယ်ပြောတာနဲ့ စီစဉ်ဖြစ်သွားတာပါ။ တကယ် တော့ ဒီလို နိုင်ငံတကာက လာပြိုင်တဲ့ ကိုယ်ခံပညာပြိုင်ပွဲမှာ မြန်မာ့ရိုးရာ လက်ဝှေ့အနေနဲ့ ကမ္ဘာကို သိစေချင်လို့ သွားပြိုင်တာပါ။ ဟိုက ထိုးကြေးအဖြစ် ဒေါ်လာ ၂၂ဝဝ ပဲပေးတယ်။ ကျန်တဲ့ ဒေါ်လာ ၃ဝဝဝ လောက်နဲ့ ကုန်ကျစရိတ်တွေက ကျွန်တော်က အကုန်အကျခံရမှာဖြစ်တယ်။ ရိုးရာလက်ဝှေ့ကို ကမ္ဘာအထိ ပျံ့နှံ့စေ ချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ပါ”ဟု ဦးဆောင်စီစဉ်သူ ဦးဝဏ္ဏ(မာဂျေ)က ပြောသည်။
၎င်းသွားရောက်ယှဉ်ပြိုင်ထိုးသတ်မည့် ပြိုင်ပွဲသည် လေးကြိမ် မြောက်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် လက်ဝှေ့အမည်ခံဖြင့် ပထမဆုံးအကြိမ် သွားရောက်ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲသည် ဂန်လျူဂျီးမား(ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံ) ပြိုင်ပွဲဖြစ်သည်။ ပြိုင်ပွဲကို ဂျပန်နိုင်ငံ ဒုံးစီးတီးမြို့၌ လာမည့် ဇူလိုင် ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ လေးကြိမ်မြောက် ကျင်းပမည့် အဆိုပါ ကမ္ဘာ့ကိုယ်ခံပညာ ပေါင်းစုံပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် လက်ရှိအလွတ်တန်း ချန်ပီယံ ထွန်းထွန်းမင်းက လက်ဝှေ့ဖြင့် ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်ပြီး အိန္ဒိယမှ ချီလတ်၊ တောင်အာဖရိကမှ ဇူးဇူးနပန်း၊ မွန်ဂိုလီးယားမှ မွန်ဂိုနပန်းနှင့် မွန်ဂိုရက်စ်လင်း၊ ဘရာဇီးမှ ဂန်ပို၊ ရုရှားမှ စံပို၊ အစ္စရေးမှ ဂရက်မာဂ၊ အိမ်ရှင် ဂျပန်က ကာရာတေး ၊ ဂျူကျစ်စုနှင့် ရှောင်လင် စသည်ဖြင့် ကမ္ဘာ့ နိုင်ငံအများစုမှ မိမိနှစ်သက်အားသန်သည့် အားကစားနည်း ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ ယှဉ်ပြိုင် ထိုးသတ်ရာတွင် လည်း ကြိုးဝိုင်းမပါဘဲ အချင်း ၂၄ ပေပတ်လည် ရှိ စင်ပေါ်တွင် မတ်တတ်ရပ်၊ လဲ ကြိုက်သလို စိတ်ကြိုက် ယှဉ် ပြိုင်ထိုးသတ်နိုင်ပြီး အဆိုပါ စင်ပေါ်မှ အောက်သို့ သုံးကြိမ်ပြုတ် ကျခဲ့လျှင် အရှုံးပေးရမည်ဖြစ်သည်။
ပထမဆုံးအကြိမ် သွားရောက်ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာ ပြည် အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းအား ပွဲနှင့်ပတ်သက် ၍ ထိုးဖြစ်ခဲ့ပုံနှင့် ကြိုတင်ပြင်ဆင်ထားမှုအခြေအနေကို မေးမြန်း ရာ ”မြန်မာပြည်မှာ ပွဲမရှိလို့ သွားထိုးဖြစ်တာပါ။ လေ့ကျင့်မှုက တော့ နေ့စဉ်မပြတ် လေ့ကျင့်နေပါတယ်” ဟု ဆိုသည်။
ယင်းပြိုင်ပွဲတွင် အိမ်ရှင် ဂျပန်နိုင်ငံအနေဖြင့် ယှဉ်ပြိုင် ထိုးသတ်မည့် တွဲဆိုင်းအားလုံးထဲမှ ဂျပန်နိုင်ငံသားချင်း တွဲဆိုင်း တစ်ဆိုင်းသာပါဝင်ပြီး ကျန်တွဲဆိုင်းအားလုံးသည် နိုင်ငံတကာမှ လက်ဝှေ့ကျော်များနှင့် အိမ်ရှင် ဂျပန်လက်ဝှေ့ကျော်များ ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက် ထိုးသတ်မည့် ထွန်းထွန်းမင်းသည် အီတလီနိုင်ငံမှ ကမ္ဘာ့ကိုယ်ခံ ပညာပေါင်းစုံပြိုင်ပွဲ ချန်ပီယံလက်ဝှေ့ကျော် တစ်ဦးနှင့် ယှဉ်ပြိုင် ထိုးသတ်ရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စား လှယ်အဖွဲ့အနေဖြင့် ဇွန် ၂၉ ရက်တွင် မြန်မာနိုင်ငံမှ စတင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
၁၄၊ ၅ ၊ ၂၀၁၆ မြန်မာအလင်း
-
ဘာသာပေါင်းစုံ လမ်းလျောက်ပွဲ ခွင့်ပြုချက်ရသော်လည်း သက်ဆိုင်ရာသို့ တင်ထားသည့် လမ်းကြောင်း မရရှိ
မေ ၁၃ ၊ ၂၀၁၆
M-Media
မိုးစက်
မေလ ၁၄ ရက်နေ့တွင် ဘာသာပေါင်းစုံမှ လူငယ်များ လမ်းလျှောက်မည့် လမ်းကြောင်းအား သက်ဆိုင်ရာသို့ လျှောက်ထားရာတွင် မူလလျှောက်ထားတဲ့ လမ်းကြောင်းမရရှိဘဲ လမ်းကြောင်းပြောင်းရန် သက်ဆိုင်ရာမှ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။“ကျွန်တော်တို့သွားမယ့်လမ်းကြောင်းကို တစ်ပတ်ကြိုတင်ထားတယ်။ သူတို့ဘက်က မနေ့ကမှ အဲ့လမ်းကြောင်း မပေးဘူးဆိုပြီး ပြန်ပြောတာပါ။ ကျွန်တော်တို့ကတော့ မူလစီစဉ်ထားတဲ့ လမ်းကြောင်းမှာပဲ ဆက်လုပ်သွားမှာပါ” လို့ ပွဲကိုဦးဆောင်စီစဉ်သူတစ်ဦးက ဆိုပါတယ်။
အဆိုပါ လမ်းလျှောက်ပွဲကို ရန်ကုန်နိုင်ငံရေးသိပံ္ပကျောင်းသားများမှ ဦးဆောင်ကျင်းပမှာဖြစ်ပြီး “ချစ်ခြင်းနဲ့လှမ်းတဲ့ ခြေလှမ်းတွေ” ဟု လမ်းလျှောက်ပွဲကို ခေါင်းစဉ်ပေးထားပါတယ်။ ဘာသာပေါင်းစုံမှ လူငယ်များမှ စုပေါင်းလမ်းလျှောက်ကြမည့်အပြင် ဘာသာပေါင်းစုံမှ အကြီးအကဲများရဲ့ ဟောပြောပွဲများနှင့် ဂီတပညာရှင်တို့ရဲ့ ဖျော်ဖြေပွဲများပါ ပါဝင်မှာ ဖြစ်ပါတယ်။
-
ဘာသာပေါင်းစုံမှ လူငယ်တွေ ပါဝင်မယ့် စုပေါင်း လမ်းလျှောက်ပွဲ
မေ ၁၃၊ ၂၀၁၆
M-Media
မိုးစက်
ရန်ကုန်။ ။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလမှာ အစွန်းရောက်မှုများအား ရှုတ်ချပြီး၊ လူသားအားလုံး အသွင်တူတယ်ဆိုတာကို ပြသတဲ့အနေနဲ့ ဘာသာပေါင်းစုံမှ လူငယ်များမှ စုပေါင်းလမ်းလျှောက်ပွဲတစ်ခုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။“ကျွန်တော်တို့ နိုင်ငံသားတိုင်းဟာ ပြည်သူအချင်းချင်းပဲ၊ လူသားအားလုံး လူသားချင်းတူရင် အတူတကွနေထိုင်နိုင်တယ် ဆိုတာကို ကျွန်တော်တို့ ပြသချင်တာ ဖြစ်ပါတယ်။ အသွင်မတူပေမယ့် ကျွန်တော်တို့အားလုံးဟာ တူတူပဲဆိုတာကို ပြသ ချင်တာပါ” ဦးဆောင်ပြုလုပ်မည့် ရန်ကုန်နိုင်ငံရေးသိပ္ပံ မှ ကျောင်းသားတစ်ဦးက ဆိုပါတယ်။
အဆိုပါ လမ်းလျှောက်ပွဲကို ရန်ကုန်နိုင်ငံရေးသိပံ္ပ ကျောင်းသားများမှ ဦးဆောင်ကျင်းပမှာဖြစ်ပြီး “ချစ်ခြင်းနဲ့ လှမ်းတဲ့ ခြေလှမ်းတွေ” ဟု လမ်းလျှောက်ပွဲကို ခေါင်းစဉ်ပေးထားပါတယ်။ ဘာသာပေါင်းစုံမှ လူငယ်များမှ စုပေါင်းလမ်းလျှောက်ကြမည့်အပြင် ဘာသာပေါင်းစုံမှ အကြီးအကဲများရဲ့ ဟောပြောပွဲများနှင့် ဂီတပညာရှင်တို့ရဲ့ ဖျော်ဖြေပွဲများပါ ပါဝင်မှာ ဖြစ်ပါတယ်။
ထိုလမ်းလျှောက်ပွဲကို မေလ (၁၄) ရက်နေ့ ညနေ (၃) နာရီမှ (၇) နာရီအထိ ဗညားဒလလမ်းပေါ် ဘဟာအီရုံးချုပ်ရှေ့မှ စတင်ပြီး ဆူးလေ မဟာဗန္ဓုလပန်းခြံအထိ လျှောက်ကြမှာ ဖြစ်ပါတယ်။
ဘာသာပေါင်းစုံမှ ငြိမ်းချမ်းရေးကို လိုလားသူ မည်သူမဆို အဆိုပါ လမ်းလျှောက်ပွဲတွင် ပူးပေါင်းပါဝင်နိုင်ကြောင်းလည်း ဦးဆောင်သူ လူငယ်များမှ လူမှုကွန်ယက်စာမျက်နှာများ၊ မီဒီယာများမှ တစ်ဆင့် နှိုးဆော်ထားပါတယ်။
-
ပရဟိတဆို လက်မနှေးတဲ့ သမိုင်းဝင် မန္တလေးက မြင့်မြတ်ဖြူစင်
ချစ်ဆွေ ရေးသည်။
အနှိုင်းမဲ့မဂ္ဂဇင်း အတွဲ(၁) အမှတ် (၈)၊ ၂၀၁၆ မှ ကူးယူဖော်ပြပါသည်။
.
မြန်မာနိုင်ငံဟာ အလှူဒါနမှာ လက်မနှေးတဲ့ နိုင်ငံအဖြစ် ကမ္ဘာကပါ အသိအမှတ်ပြု ရတဲ့ နိုင်ငံဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလ (၁၀) ရက်က Charities Aid Foundation (CAF) အဖွဲ့ရဲ့ ခြောက်ကြိမ်မြောက် ကမ္ဘာအရက်ရောဆုံး နိုင်ငံများ စာရင်း ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံက နံပါတ် (၁) ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
.
ဒီလိုပဲ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုဖွားမြန်မာမွတ်စလင်များဟာလည်း အလှူဒါနနဲ့ ပရဟိတမှာ လက်မနှေးကြောင်း အကြိမ်ကြိမ်အခါခါပြသခွင့်ရခဲ့ပါတယ်။ ၂၀၀၈ နာဂစ်နဲ့ ၂၀၁၅ ရေဘေးအပါအ၀င် အခုနောက်ဆုံး မီးဘေးတွေထိအောင် လူမျိုးဘာသာ မခွဲခြားသလို၊ အာဃာတမထားဘဲ လက်မနှေးစတမ်း လှူဒါန်းခဲ့ကြတာ မြန်မာမွတ်စလင်တွေပါ။ မန္တလေးမြို့ အမြောက်တန်းဗလီ အစ္စလာမ် နိဗ္ဗာန်ဆော် အဖွဲ့ဆိုရင် ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်နေတာ နှစ်ပေါင်း (၈၀) လောက် ရှိနေပါပြီ။ မန္တလေးမီးကြီးတုန်းကလည်း အဲဒီအစ္စလာမ်နိဗ္ဗာန်ဆော်အဖွဲ့က အားတက်သရော ကူညီပေးခဲ့ကြောင်းကို မီးကြီးမှီခဲ့သူ မန္တလေးသူ၊ မန္တလေးသားတိုင်း သိပြီးဖြစ်ပါလိမ့်မယ်။
.
မန္တလေးမြို့မှာ ပရဟိတ (လူမှုကူညီရေး) လုပ်ငန်းတွေကို အသင်းအဖွဲ့အနေနဲ့ရော တစ်ဦးချင်းစီပါ နေရာ အနှံ့အပြားမှာ ကျယ်ကျယ်ပြန်ပြန့် လုပ်ကိုင်လာကြတာ တွေ့ရပါတယ်။ ပရဟိတဆိုရာမှာ နာရေးကူညီမှု၊ ကျန်းမာရေးကူညီမှု၊ သဘာဝဘေးအန္တရာယ် ကူညီမှု၊ ပညရေးကူညီမှု အစရှိတာတွေ ပါဝင်ပါတယ်။ တွင်ကျယ်လာတဲ့ ပရဟိတ လုပ်ငန်းတွေကြောင့် ရရှိလာတဲ့ ကောင်းမွန်တဲ့ အကျိုးဆက်တွေကို ပေးဆပ်သူရော ရယူသူတွေပါ ခံစားနေကြရပါပြီ။ ထိရောက်စွာ ကူညီလုပ်ဆောင်ပေးတဲ့ ပရဟိတအဖွဲ့တွေကြောင့် ပြည်သူလူထု၊ အထူးသဖြင့် ချို့တဲ့တဲ့ ပြည်သူတွေက ပိုပြီး အားကိုး လာကြတာတွေ့ရပါတယ်။
.
၂၀၀၉ ခုနှစ်လောက်က မန္တလေးမြို့မှာ လူမှုကူညီရေးအသင်း (၄၀) ခန့်သာ ရှိခဲ့ရာကနေ အခုဆိုရင် (၇၂) သင်း ရှိနေပြီ ဖြစ်ကြောင်း မန္တလေးလူထုနေရာ (Community Center) ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ အဲဒီထဲကမှ ချို့တဲ့တဲ့ ပြည်သူအများစု အားကိုးအားထားရာ ဖြစ်တဲ့ အစ္စလာမ်ဘာသာဝင်တွေ ဦးဆောင် ဖွင့်လှစ်ထားတဲ့ ၊ လူမျိုးဘာသာမခွဲခြားဘဲ ကူညီစောင့်ရှောက်မှုပေးနေတဲ့ မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ်အထူးကု ဆေးခန်းအကြောင်းကို ဖော်ပြလိုက်ရပါတယ်။ မြင့်မြတ်ဖြူစင်ကို ဦးဆောင်ပဲ့ကိုင်နေသူအများစုဟာ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်နေတာကို တွေ့ရပါတယ်။
.
မြင့်မြတ်ဖြူစင် ဆိုသည်မှာ
—————————-
မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ် အထူးကုဆေးခန်းကတော့ ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ (၂) ရက် က စတင်ပြီး တည်ထောင်ခဲ့ပါတယ်။ စစတည်ထောင်ချင်းမှာ ၀န်ထမ်းဦးရေ ၃၅ ယောက်နဲ့ စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်မှာတော့ ၅၄ ယောက် ရှိနေပါပြီ။ သောကြာနေ့ ပိတ်ရက်မှအပ နေ့စဉ် မနက် (၈) နာရီကနေ (၄) နာရီအထိ ပုံမှန်လည်ပတ်လျက်ရှိပါတယ်။ စတင် တည်ထောင်ခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာတင် လူနာဦးရေ ၄၄၂၈၀ ဦး ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ စုစုပေါင်း ၆၀၆၈၈ ဦး ရှိခဲ့တဲ့အတွက် ပြည်သူတွေရဲ့ အားကိုးယုံကြည်မှုဟာ နှစ် အနည်းငယ်အတွင်းမှာကို မြင့်တက်လာကြောင်း ပေါ်လွင်ပါတယ်။
.
“ဆေးရုံမှာ OPD (ပြင်ပလူနာဌာန) ပဲ လက်ခံတဲ့အတွက် စနေ၊ တနင်္ဂနွေ၊ တနင်္လာလို ရက်တွေက လူနာများတဲ့ ရက်တွေပေါ့။ အဲဒီလိုရက်တွေမှာ ပျဉ်းမျှ တစ်ရက်ကို သုံးရာကနေ လေးရာလောက်ထိ ရှိပါတယ်။ ကျန်တဲ့ရက်တွေကတော့ ၂၀၀ ပတ်ချာလည်လောက် ရှိပါတယ်။ ပျဉ်းမျှတစ်ပတ်လုံးကို ပြန်တွက်မယ်ဆိုရင်တော့ တစ်ရက်ကို ၂၀၀ နဲ့ ၂၅၀ ကြားမှာ ရှိပါတယ်။ ကျွန်တော်တို့ ဆေးခန်းက သောကြာတစ်ရက် ပိတ်ပါတယ်။ တစ်ပတ် ခြောက်ရက် ဖွင့်ပါတယ်” လို့ မြင့်မြတ်ဖြူစင်ဆေးခန်းရဲ့ အုပ်ချုပ်ရေးတာဝန်ခံ ဒေါက်တာကိုကိုအောင်က ပြောပါတယ်။
.
မြင့်မြတ်ဖြူစင်ဆေးခန်းမှာ ပင်တိုင်ဆရာဝန်အနေနဲ့ Medical Officer (MO) သုံးယောက်ရှိပါတယ်။ အဲဒီသုံးယောက်ထဲမှာ တစ်ယောက်ကတော့ အမျိုးသမီးလူနာတွေ ပြဖို့ အဆင်ပြေအောင် အမျိုးသမီး ဆရာဝန် တစ်ယောက်ခန့်ထားတာပါ။ ပင်တိုင် ဆရာဝန်တွေကတော့ မနက် (၉) နာရီကနေ ညနေ (၄) နာရီထိ ဂျူတီအပြည့်ဆင်းရပါတယ်။ အဲဒီ MO တွေက လူနာတွေကို ကြည့်ပြီးတော့မှ သက်ဆိုင်ရာ ဆရာဝန်ကြီးတွေဆီကို လွှဲပြောင်းပေးတဲ့ စနစ်ကို ကျင့်သုံးထားပါတယ်။ ဆေးခန်းမှာ အထူးကုဆရာဝန်ကြီးတွေအနေနဲ့ သမားတော်လေးဦး၊ ခွဲစိတ်ဆရာဝန် တစ်ဦး၊ ကလေးအထူးကု တစ်ဦး၊ သားဖွားမီးယပ် ပါရဂူတစ်ဦး၊ နှလုံးအထူးကုတစ်ဦး၊ အရိုးခွဲစိတ် တစ်ဦး၊ ကင်ဆာဗေဒ ကျွမ်းကျင်ဆရာဝန် တစ်ဦး တို့ ထိုင်ပါတယ်။
.
“ကျန်တဲ့ အထူးကုဌာနတွေ ကျွန်တော်တို့ဆီမှာ မရှိသေးတဲ့အတွက် လိုအပ်တာဆိုရင် (မန္တလေး) ဆေးရုံကြီးကို လွှဲပါတယ်။ X-Ray ဓာတ်မှန်၊ ECG ၊ Ultrasound ၊ Lab (ဓာတ်ခွဲခန်း) ဒါတွေပဲလုပ်နိုင်ပါသေးတယ်” လို့ ဒေါက်တာကိုကိုအောင် က ရှင်းပြပါတယ်။ “သမားတော်တွေကတော့ လူနာအကုန်လုံးနီးနီးကို ကြည့်ပါတယ်။ ဒါပေမဲ့လည်း ဥပမာ – နှလုံးနဲ့ပတ်သက်ပြီး တစ်သီးတစ်သန့်ကုရတော့မယ်ဆိုရင် ဆေးရုံကြီးကို လွှဲပေးတယ်။ တကယ်လို့ ကျောက်ကပ်၊ ဦးနှောက်နဲ့ အာရုံကြော၊ သွေးရောဂါ အစရှိတာတွေနဲ့ ပတ်သက်ရင် ဆေးရုံကြီးကို လွှဲပေးပါတယ်။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တာဆိုရင်လည်း စိတ်ရောဂါကု ဆေးရုံကြီးကို လွှဲပေးပါတယ်။ မြင့်မြတ်ဖြူစင်က အထူးကုဆရာဝန်ကြီးတွေက ဆေးရုံကြီးကို လွှဲပေးတာပါ။ ဘာလို့လဲဆိုရင် အဲဒီရောဂါတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆီမှာ အထူးကုပေးမဲ့ ဆရာဝန်ကြီးတွေ တစ်ယောက်ချင်းစီ မရှိသေးလို့ပါ” လို့ သူက ဆက်ပြောပါတယ်။
.
မြင့်မြတ်ဖြူစင် အုပ်ချုပ်မှုကော်မတီဝင် တစ်ယောက်ဖြစ်ပြီး ဆေးရုံကြီးကြပ်ရေး တာဝန်ယူထားတဲ့ ဦးထွန်းအောင် (Zu Zu – Maintance) က“နေ့စဉ် OPD ( ပြင်ပလူနာဌာန) ပြတဲ့ထဲမှာတော့ အစ္စလာမ်ဘာသာဝင်များတယ်၊ ဘာသာခြားနည်းတယ်။ အခုကျောက်ကပ် စဆေးဖို့ လုပ်လိုက်တာ တစ်နှစ်ပေါ့။ တစ်နှစ်ပြည့်သွားပြီ။ ဒီတစ်နှစ်လုံးမှာ ကျောက်ကပ်နဲ့ ပတ်သက်ပြီးတော့ ဘာသာခြားက တစ်လကို ၁၂၀ လောက်ရှိပါတယ်။ အစ္စလာမ်ဘာသာဝင်က တစ်လကို ၃၂ ယောက်လောက်ပဲရှိတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ ဘာသာခြားထဲမှာ လူဦးရေ စာရင်းအရလည်း ဘာသာခြားက ပိုများတဲ့အတွက်ကြောင့်ပါ။ သံဃာတွေ၊ မယ်သီလရှင်တွေဆိုရင် အဝေးတွေကပါ လာတယ်” လို့ ပြောပါတယ်။
.
မြင့်မြတ်ဖြူစင်ဆေးခန်းကို နယ်ပယ်အစုံက လူပေါင်းစုံလာရောက် ကုသကြပတယ်။ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးမိတ်၊ ရွှေဘို၊ ကန့်ဘလူ၊ မူဆယ်၊ တန့်ယန်း၊ တောင်ကြီး၊ အောင်ပန်း၊ တာချီလိတ်၊ တောင်ငူ အစရှိတဲ့ နေရာစုံက လူနာတွေ လာရောက်ကုသကြကြောင်း ဒေါက်တာကိုကိုအောင်က ရှင်းပြပါတယ်။
.
မန္တလေးမြို့အနီး ကန်သာယာမြို့သစ်ကနေ ကျောက်ကပ်လာဆေးတဲ့ အသက် (၆၀) အရွယ် ဝေဒနာရှင် ဦးမြင့်ဆွေက လွန်ခဲ့တဲ့ ဒီဇင်ဘလ ကတည်းက မြင့်မြတ်ဖြူစင်ဆေးခန်းမှာ တစ်ပတ်ကို နှစ်ကြိမ် ကျောက်ကပ်ဆေးနေရတာပါ။ ဦးမြင့်ဆွေရဲ့ ဇနီးဖြစ်သူ ဒေါ်တင်တင်ဝင်းက “အမျိုးသားက ကျောက်ကပ်ဆေးနေရတာ သုံးနှစ်ကျော်သွားပြီ။ အရင်တန်းက မန္တာဆေးရုံနဲ့ မန္တလေးဆေးရုံကြီးတို့မှာ ဆေးတယ်။ အခု ဒီကိုရောက်လာတယ်။မန္တလာမှာဆေးတုန်းက တစ်ခါဆေးရင် လေးသောင်းနဲ့ တစ်ပတ်ကို ရှစ်သောင်းကုန်တယ်။ ဆေးရုံကြီးမှာ တစ်ခါဆေးရင် တစ်သောင်းနှစ်ထောင့်ငါးရာ (၁၂၅၀၀) နဲ့ တစ်ပတ်ကို နှစ်သောင်းခွဲကုန်တယ်။ အခုမြင့်မြတ်ဖြူစင်မှာ ၂၀၁၅ ခုနှစ် ၁၂လ ပိုင်း ကမှ ရောက်တာ။ ဒီမှာက ကုန်ကျစရိတ် မရှိဘူး။ အဆင်ပြေတယ်” လို့ ပြောပါတယ်။ အခုလို အခမဲ့ ကုသခွင့်ရတာကြောင့် ၀မ်းသာကြောင်းလည်း သူက ပြောပါတယ်။
.
အလှူငွေ
————–
မြင့်မြတ်ဖြူစင်ရဲ့ ကော်မတီဝင် ဦးထွန်းအောင်က ဆေးခန်းကိုထောက်ပံ့နေသူတွေဟာ စီးပွားရေးသမားတွေ ဖြစ်ကြောင်း၊ ဆေးခန်းရဲ့ဘဏ္ဍာရေးကို ဒိုင်ခံထောက်ပံ့ပေးသူ ကိုးယောက်လောက်ရှိကြောင်း၊ အဆောက်အဦး ပြင်မယ်ဆိုရင်လည်း ဆေးရုံရန်ပုံငွေထဲက မသုံးကြောင်း၊ တစ်ခုခုလုပ်ချင်တယ်ဆိုရင် ကော်မတီအစည်းအဝေး ခေါ်ပြီး လုပ်ကြောင်း၊ အဲဒီမှာ ဘယ်သူတွေ အကုန်အကျခံမယ်ဆိုပြီး ဆုံးဖြတ်တဲ့ စနစ်နဲ့ သွားကြောင်း ပြောပါတယ်။
မြင့်မြတ်ဖြူစင်ရဲ့ ဇကားသ် (ဆင်းရဲသားဒါနကြေး) စိစစ်ရေး တာဝန်ခံ ဖြစ်သူ ဦးမျိုးချစ် (မဒီနာ – သံဆိုင်) က ပြည်တွင်းစေတနာရှင်တွေ ကူညီထောက်ပံ့ပေးတာကြောင့် ဆေးခန်းဟာ ရပ်တည်နိုင်တာဖြစ်ကြောင်း၊ နိုင်ငံခြား အကူအညီ၊ နိုင်ငံခြားအလှူငွေ၊ နိုင်ငံခြားပံ့ပိုးမှုကို လုံးဝမယူသလို ရလည်းမရကြောင်း၊ ကမ်းလှမ်းထားခြင်းလည်း မရှိကြောင်း ရှင်းလင်းပြောကြားပါတယ်။
.
မြင့်မြတ်ဖြူစင်ရဲ့ ဘဏ္ဍာရေးဟာ ဆင်းရဲသားဒါနကြေးနဲ့ လည်ပတ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေဟာ ဘဏ်တိုးငွေ ရယူသုံးစွဲပိုင်ခွင့် မရှိတာကြောင့် ဆင်းရဲသားတွေအနေနဲ့ ဆင်းရဲသားဒါနကြေးကို အားကိုးရပါတယ်။ဇကားသ်လို့ အာရဗီဘာသာစကားနဲ့ ခေါ်ဝေါ်ပြီး မြန်မာလို ဆင်းရဲသားဒါနကြေးလို့ အဓိပ္ပာယ်ရတဲ့ အလှူငွေဆိုတာ အစ္စလာမ်ဘာသာရဲ့ အဆုံးအမအရ တစ်နှစ်လုံးမှာ တစ်ကြိမ်၊ (မြန်မာပြည်ငွေကြေးတွက်ချက်မှုအရ) ငွေတစ်ရာကျပ်ကို နှစ်ကျပ်ခွဲနှုန်း မလှူမနေရ သတ်မှတ်ထားတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ပေါက်ဈေးအရ အစ္စလာမ်ဘာသာဝင်တစ်ယောက်လက်ထဲမှာ ငွေကျပ်လေးသိန်းအောက် မလျော့ဘဲ လေးသိန်းနဲ့ အထက် အလုံးလိုက် အရင်းလိုက် ရှိနေတယ်ဆိုရင် အဲဒီလူဟာ ဆင်းရဲသား ဒါနကြေး မစားထိုက်ပါဘူး။ သဘောက သူဆင်းရဲစာရင်းမ၀င်ပါဘူး။ ဒါ့အပြင် ငွေကျပ်လေးသိန်း သို့မဟုတ် အဲဒီထက်များတဲ့ ငွေကြေးပမာဏ တစ်ခု ပိုင်ဆိုင်သူဟာ သူ့လက်ထဲမှာ ရှိသလောက် ငွေကြေးရဲ့ တစ်ရာကို နှစ်ကျပ်ခွဲနှုန်းနဲ့ မလှူမနေရ တစ်နှစ်ကိုတစ်ကြိမ် ပြန်လှူရပါတယ်။ အကယ်လို့ လက်ထဲမှာ လေးသိန်းရှိပေမဲ့ အဲဒီငွေကြေးဟာ ရှိလိုက်မရှိလိုက် ငွေမမှန်ဘူးဆိုရင် ဆင်းရဲသားဒါနကြေး စားထိုက်ပါတယ်။ လေးသိန်းအောက်သာ ပိုင်ဆိုင်သူ တိုင်းဟာလည်း ဆင်းရဲသားဒါနကြေးကို စားထိုက်ပါတယ်။
.
“ဆင်းရဲသားဟုတ်မဟုတ်၊ ဆင်းရဲသား ဒါနကြေး စားထိုက်မထိုက်ကို အဓိက စစ်ဆေးရပါတယ်။ စားထိုက်တယ်ဆိုရင် ဆင်းရဲသားဒါနကြေးနဲ့ အလှူငွေနဲ့ ကုသပေးပြီးတော့ မစားထိုက်တဲ့လူဆိုရင်လည်း ကုသပေးပါတယ်။ တခြားစရိတ်မျှပေး ဆိုတဲ့ သက်သာတဲ့ လျှော့ဈေးနှုန်းထားနဲ့ အဓိက ထားပြီး ကုသပေးပါတယ်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ဘယ်သူပဲ ကုကု၊ သူ့အစီအစဉ်နဲ့သူ သူ့စနစ်နဲ့သူ အကုန်လုံးကို ကုသပေးလို့ ရပါတယ်” လို့ ဦးမျိုးချစ်က ပြောပါတယ်။
.
ဦးထွန်းအောင်ကလည်း အခုလိုရှင်းပြပါတယ်။ “လုံးဝဆင်းရဲတဲ့လူကိုပဲ သက်ဆိုင်ရာ ရပ်ရွာရဲ့ ထောက်ခံစာနဲ့ ကုပေးတယ်။ ပိုက်ဆံရှိရဲ့သားနဲ့ ညာပြီးလာဆေးတယ်လို့ မသင်္ကာဘူးဆိုရင် စုံစမ်းရေးအဖွဲ့တွေက လိုက်စုံစမ်းတယ်။ စုံစမ်းရေးအဖွဲ့တွေဖွဲ့ထားတယ်။ မိရင် အဲဒီလိုမျိုး မလုပ်ဖို့ တောင်းပန်တယ်။ မလုပ်ပါနဲ့၊ ဒါဆင်းရဲသားတွေ အတွက်ဖြစ်ပါတယ်ပေါ့။ ရိုးရိုးလာကုတဲ့ထဲမှာတော့ အဲဒီလို ဖြစ်တာတွေ ကြုံ တယ်၊ ကျောက်ကပ်မှာတော့ မကြုံသေးဘူး။ ရိုးရိုးလူနာတွေထဲမှာ ကြုံတာနဲ့ အဲဒီလို လိုက်စစ်ဆေးမှန်း သိတော့ အဲဒီလို လူတွေ မလာတော့ဘူး။ တစ်ချို့ဆိုလည်း ဆေးယူသွားပြီး ရောင်းစားတယ်။ စောစောပိုင်းတွေက ကြုံတာပေါ့။ အဲဒီလူတွေကိုလည်း လိုက်စုံစမ်းပြီး မလုပ်ဖို့ တောင်းပန်တယ်။ ကောင်းကောင်းမွန်မွန်ပဲ ပြောပြတယ်။ နောက်တော့ အဲဒီလိုလူတွေလည်း မလာရဲကြတော့ဘူး။ လူလည်း သန့်သွားတာပေါ့လေ” လို့ သူက ဆိုပါတယ်။
.
ဝန်ထမ်းခန့်အပ်မှု
——————-
မြင့်မြတ်ဖြူစင်မှာ လုပ်အားပေး ၀န်ထမ်းလုံးဝမခန့်ပါဘူး။ ၀န်ထမ်းခန့်ဖို့အတွက် ၀န်ထမ်းရွေးချယ်ရေးအဖွဲ့ သက်သက်ရှိပါတယ်။ ၀န်ထမ်းရွေးချယ်ရေးနဲ့ ကြီးကြပ်ပြီးတော့မှ ၀န်ထမ်းကိုခန့်ပါတယ်။ “ကျွန်တော်တို့ဆီက ၀န်ထမ်းမှန်သမျှ အကုန်လုံးသည် ဂျူတီအပြည့်နဲ့ လစာအပြည့်ပေးပြီးမှ ၀န်ထမ်းတွေကို ခန့်ပါတယ်” လို့ ဒေါက်တာ ကိုကိုအောင်က ရှင်းပြပါတယ်။ ဒါ့အပြင် ၀န်ထမ်းခန့်ရာမှာ အစ္စလာမ်ဘာသာဝင်တွေတင်မက မည်သည့်ဘာသာဝင်မဆို ဆေးခန်းနဲ့ သင့်တော်တဲ့ ၀န်ထမ်းမှန်သမျှကို ခန့်အပ်ပေးကြောင်း ဒေါက်တာကိုကိုအောင်က ပြောပါတယ်။
မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ် အထူးကုဆေးခန်းရဲ့ ကျောက်ကပ် ဌာနမှာ လုပ်သက် တစ်နှစ်ကျော် ရှိပြီ ဖြစ်တဲ့ သူနာပြုဆရာမ ဒေါ်ဇင်မာဖြိုးက သူ ဒီဆေးခန်းမှာ အလုပ်ဝင်ဖြစ်ပုံကို အခုလို ပြောပြပါတယ်။ “အစကတော့ Posting (အစိုးရအလုပ်) ၀င်မယ်လို့ စဉ်းစားထားတယ်။ ဒါပေမဲ့ နိုင်ငံရေးအခြေအနေနဲ့ဆိုတော့ အိမ်ကလည်း စိတ်မချတာနဲ့ အစိုးရအလုပ်ဆိုရင် နယ်တွေဘာတွေ ကျမှာ စိုးလို့ မလုပ်တော့ဘူး။ မြင့်မြတ်ဖြူစင်က အိမ်နဲ့လည်း နီးတာရယ်၊ ဟိဂျားဗ်လည်းဆောင်းပြီး ပရ်ဒါနဲ့နေရတော့ လုံခြုံမှုရှိတာရယ်ကြောင့် သဘောကျလို့ ဒီမှာ လုပ်ဖြစ်တာပါ” လို့ သူက ဆိုပါတယ်။ ဒေါ်ဇင်မာဖြိုးဟာ မြင့်မြတ်ဖြူစင်မှာ မလုပ်ခင်က မြတ်သုခ၊ တော်ဝင်နဲ့ မန္တလာဆေးရုံတို့မှာ တာဝန်ထမ်းဆောင်ဘူးတဲ့ သမ္ဘာရှိ ကျွမ်းကျင် သူနာပြုတစ်ယောက်လည်း ဖြစ်ပါတယ်။
.
ဆုရရှိမှု
———-
မြင့်မြတ်ဖြူစင်ဆေးခန်းကတော့ လက်တလောဆုနှစ်ဆု ရယူထားတယ်လို့ ဒေါက်တာကိုကိုအောင်က ပြောပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက အင်ဒိုနီးရှားနိုင်ငံမှာ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနဲ့ သွားရောက်ပြိုင်ဆိုင်ရာမှာ ငွေကြေးသုံးစွဲမှု အတိုင်းအတာ ဆိုင်ရာ စာတမ်းမှာ ဒုတိယဆု ရခဲ့ပါတယ်။ အဲဒီဆုဟာ အလှူငွေတွေနဲ့ မွတ်စလင်နဲ့ ဘာသာခြားတွေအပေါ် ဆေးဝါးကုသရာမှာ ဘယ်လိုအကျိုးရှိအောင် သုံးသလဲဆိုတဲ့ အချက်ပေါ်မှာ ကြည့်ပြီး ရခဲ့တာဖြစ်ကြောင်း သူက ရှင်းပြပါတယ်။
.
နောက်ထပ်ဆုတစ်ခုကတော့ ၂၀၁၅ ခုနှစ်အတွင်းက ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ လုပ်သွားတဲ့ အာရှဆေးရုံပေါင်း သုံးဆယ်ကျော် လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ HMA Hospital Award မှာ မြင့်မြတ်ဖြူစင်က CSR (Co-operative Social Responsibility) ခေါင်းစဉ်နဲပ ဆုရခဲ့ပါတယ်။ ပထမရွှေတံဆိပ်ကိုတော့ ဖိလစ်ပိုင်နိုင်ငံဆေးရုံက ရရှိသွားခဲ့ပါတယ်။ ကျန်သုံးဆုကတော့ Excellent ဖြစ်ပြီး မြင့်မြတ်ဖြူစင်က အဲဒီဆု တစ်ဆုရပါတယ်။
.
“မြန်မာနိုင်ငံအနေနဲ့ကတော့ မြင့်မြတ်ဖြူစင်နဲ့ မန္တလာတွဲထားတဲ့ ဆေးရုံတစ်ခုကပဲ ရပါတယ်။ တခြားဘယ်ဆေးရုံမှ မရဘူးလို့ သိရပါတယ်။ မြန်မာပြည်အနေနဲ့ကတော့ ကျွန်တော်တို့ပဲ ရတာပါ” လို့ ဒေါက်တာ ကိုကိုအောင်က ပြောပါတယ်။
.
အခက်အခဲ
————
မြင့်မြတ်ဖြူစင်ဆေးခန်းဟာ ဖွင့်ပြီးပြီးချင်း သုံးလလောက်မှာ ပိတ်လိုက်ရပါသေးတယ်။ အဲဒီတုန်းကတော့ အထူးကု ဆေးခန်း လိုင်စင်မရသေးလို့ ပိတ်လိုက်ရတာဖြစ်ပြီး လိုင်စင်မရှိဘဲ ဖွင့်ရင် ပြဿနာဖြစ်မှာ စိုးရိမ်တာကြောင့် တာဝန်ရှိလူကြီးတွေက လိုင်စင်တင်လိုက်ပြီး ဆေးခန်းကို သုံးလလောက် ပိတ်ထားခဲ့ပါတယ်။
.
လက်တလော လက်တွေ့ကျတဲ့ အခက်အခဲနဲ့ ပတ်သက်ပြီး ဒေါက်တာကိုကိုအောင်က အခုလို ပြောပါတယ်။ “ကျွန်တော်တို့ ဆေးခန်းကြီးက ကုသိုလ်ဖြစ်ဆေးခန်းဆိုတော့ အလှူငွေနဲ့ ရပ်တည်နေတာပါ။ အဲဒီအလှူငွေကလည်း ပြည်တွင်း (Local) ပါ။ နိုင်ငံခြားက အကူအညီတစ်ခုမှ မပါပါဘူး။ နိုင်ငံခြားကနေလည်း ဘာအထောက်အပံ့မှ မရပါဘူး။ အများပြည်သူရဲ့ အလှူငွေနဲ့ ရပ်တည်နေတာဆိုတော့ ဒီပုံစံအတိုင်း ရေရှည် တည်တံ့ နေဖို့ကတော့ အလှူငွေအခက်အခဲ ကျွန်တော်တို့မှာ ရှိပါတယ်။ ဒါကြောင့်လည်း မည်သူမဆို အလှူငွေနည်းများမဆို လာရောက်ပြီး လှူဒါန်းဖို့အတွက်လည်း ကျွန်တော်တို့က အမြဲတမ်း ဖိတ်ခေါ်နေရတာပါ လို့ ပြောပါတယ်” လို့ သူကဆိုပါတယ်။
.
“ပြည်တွင်းမှာနေထိုင်ကြတဲ့ လူမျိုးမရွေးဘာသာမရွေး ကျွန်တော်တို့ ဆေးခန်းလေးကို နည်းများမဆို လာပြီးတော့ လှူကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ အဲဒါမျိုးသာဆိုရင် ကျွန်တော်တို့ ပိုပြီးတော့ အဆင်ပြေမှာပါ” လို့ သူက ဆက်ပြောပါတယ်။
.
မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ် အထူးကုဆေးခန်း – ၇၄လမ်း၊ ၃၆x၃၇ကြား၊ စင်္ကြာနွယ်စဉ်ရပ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ (ဖုန်း ။ ၀၂ – ၇၇၂၁၁)
—–ဆက်စပ်သတင်းနှင့် ဆောင်းပါးများဖတ်ဖို့
————————-
မွတ်စလင်များရဲ့ မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ်ဆေးခန်း
http://www.m-mediagroup.com/news/53023
.
မြင့်မြတ်ဖြူစင် မွတ်စလင် ကုသိုလ်ဖြစ်ဆေးခန်း (၄)နှစ်ပြည့် အထိမ်းအမှတ် ကျောက်ကပ်တု သွေးသန့်စင်သည့် ဌာန ဖွင့်လှစ်
http://www.m-mediagroup.com/news/34754