News @ M-Media

Author: editor

  • ကွဲပြားခြင်းနဲ့ ခွဲခြားခြင်း (သို့မဟုတ်) ဦးကိုနီသို့ အမှတ်တရ

    ကွဲပြားခြင်းနဲ့ ခွဲခြားခြင်း (သို့မဟုတ်) ဦးကိုနီသို့ အမှတ်တရ

    ဒေါက်တာမြတ်ထူးရာဇတ် ရေးသည်။

    ၂၀၁၆ ခုနှစ် အာဇာနည်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး တွင် သူရဦးတင်ဦး၊ ဦးကိုနီတို့နှင့်အတူ

    ကျနော့်သူငယ်ချင်း ပေါ်ထွန်းရဲ့သား မင်္ဂလာဆောင်တာကို ကြားရတော့ ကျနော်တို့ ပေါ်ထွန်းတို့ငယ်စဉ်က ကြီးပြင်းလာခဲ့တဲ့ ရပ်ကွက်လေးကို သတိရမိပါတယ်။ အခု ပြန်သတိရမိတဲ့အခါ “ကွဲပြားခြားနား” တဲ့ မိသားစုများစွာ စုစည်းနေထိုင်ခဲ့တဲ့ ရပ်ကွက်ဖြစ်တာကို အမှတ်ပြုမိပါတယ်။ ဒီလိုကွဲပြားမှုတွေကို ငယ်ငယ်တုန်းက သတိမပြုမိတာကိုလည်း အခုမှ ဂရုပြုမိပါတယ်။
    .
    ကျနော် လူမှန်းသိစကနေပြီး ၇တန်းထိနေခဲ့တဲ့ ယောက်လမ်းရပ်ကွက်ဟာ ဗိုလ်ချုပ်ဈေး၊ သမ္မတ ရုပ်ရှင်ရုံ၊ မင်းမနိုင်၊ အရင် စစ်ရုံးချုပ်ကြီး၊ မျက်စိ နား နှာခေါင်းပြည်သူ့ဆေးရုံကြီး (အခု Max Myanmar)၊ အထက (၁) ဒဂုံကျောင်းတို့က ဝိုင်းရံထားတဲ့ ရပ်ကွက်ဖြစ်ပါတယ်။ ရပ်ကွက်မှာနေသူတွေရဲ့အခြေအနေတွေ ကွဲပြားကြပေမယ့် ခွဲခြားမှုတွေမရှိသလောက် နည်းခဲ့ တာတွေကို ကလေးတယောက်အနေနဲ့ အမှတ်ရမိတာလေးတွေကို ပြောပြပါရစေ။
    .
    ကျနော်တို့နေခဲ့တဲ့အိမ်က ၅၁ ဆင်းဒဝစ်လမ်း (အခု ဗိုလ်ရာညွန့်လမ်း)ဖြစ်ပါတယ်။ လမ်းမကြီးကနေ ကိုက် ၁၀၀ လောက် ရှိတဲ့လမ်းတိုလေးထဲမှာ ရှိတဲ့အိမ်ဖြစ်ပါတယ်။ ရှေးခေတ်က နှစ်ထပ်အိမ်ဖြစ်ပါတယ်။ လမ်းတိုလေးရဲ့အဆုံးမှာ ဆေးရုံအမှု ထမ်းတွေနေတဲ့ အိမ်ရာတိုက်ခန်းတွေရှိတဲ့ ဆေးရုံဝင်းရှိပါတယ်။ ပေါ်ထွန်းအပါအဝင် သူငယ်ချင်းတချို့က ဆေးရုံဝင်းထဲ မှာ နေခဲ့ကြပါတယ်။ ဆေးရုံဝင်းထဲမှာ တိုင်းရင်းသား၊ တိုင်းရင်းသူတော်တော်များများရှိပါတယ်။ ကရင်၊ ကချင်၊ ချင်း၊ ရှမ်း၊ ရခိုင်၊ ဗမာ၊ မွန် ဆရာမနဲ့ ဆရာဝန်မိသားစုတွေရှိတာကို မှတ်မိခဲ့ပါတယ်။
    .
    ဘေးက ပျဉ်ထောင်အိမ်မှာနေတဲ့မိသားစုက လမ်းထိပ်မှာ အကြော်ဆိုင်ဖွင့်ပါတယ်။ ဦးကြီးကရွှေတိဂုံစေတီတော်မြတ်ကြီးကို နေ့တိုင်း သွားရောက်ပူဇော်ကန်တော့ပါတယ်။ ကျနော်တို့ ကလေးတွေလည်း တခါတလေ လမ်းလျောက်လိုက်သွားတတ်ပါတယ်။ အဲဒီမိသားစုထဲက မိုးသူက ကျနော်တို့ အင်မတန်ခင်တဲ့သူငယ်ချင်းပါ။ ကစားချင်လွန်းလို့ မိုးသူ မြန်မြန်အလုပ်ပြီးအောင် အကြော်ဆိုင်မှာ သွားကူခဲ့တဲ့ နေ့တွေ ရှိခဲ့တာတွေကို သတိရမိပါတယ်။ သူတို့ မိသားစုကလည်း ကျနော်နဲ့ကျနော့်ညီ အောင်အောင်ကို သူတို့ရဲ့တူသားတွေလို ချစ်ခင်ဆက်ဆံတာကို အမှတ်ရမိပါတယ်။
    .
    အိမ်ရှေ့သုံးထပ်တိုက်အိမ်က ဦးတင်မြင့်ဟာ မဂိုလမ်းက ရွှေဆိုင်ပိုင်ရှင်ပါ။ ဒေဝါလီနေ့တွေမှာ ရပ်ကွက်ထဲ ကျနော်တို့ ကလေးတွေဟာ အင်မတန်အရသာရှိတဲ့ အချိုမုန့်တွေကို သူတို့အိမ်မှာ အဝစားခဲ့ရတာတွေကို သတိရမိပါတယ်။ သူ့သားတွေဟာ အင်ဂျင်နီယာ ဆေးကျောင်းသားတွေဖြစ်လို့ စာအများကြီး ဖတ်ရဖို့ လိုပေမယ့် ရပ်ကွက်လှုပ်ရှားမှုတိုင်းမှာ တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။
    .
    နှစ်အိမ်ကျော်ရဲ့ဝင်းထဲမှာ မုန့်ဟင်းခါးသည် အဒေါ်ကြီးနဲ့ အချဉ်ထုပ်သည် အဒေါ်ခင်တို့ မိသားစုတွေနေကြပါတယ်။ သူတို့ ဆိုင်တွေဟာ ကျနော်တို့ရဲ့အားထားရတဲ့ဆိုင်တွေပါပဲ။ တခါတလေ မုန့်ဖိုးကုန်သွားရင် နားလည်စွာနဲ့ စားခွင့်ပေးခဲ့ကြပါ တယ်။ သူတို့ရဲ့သားသမီးတွေဟာလည်း ကျနော်တို့ရဲ့ကစားဖော်သူငယ်ချင်းတွေပါ။ ဂေါ်လီရိုက်၊ ဂျင်ပေါက်၊ သရေကွင်း ပစ်၊ ဘော်လုံးကန်ရင်း ရန်ဖြစ်လိုက် ပြန်တဲ့လိုက်ပါပဲ။
    .
    လမ်းထိပ်က အိမ်နှစ်လုံးထဲက တလုံးမှာ ကျနော့်အမေရဲ့တဝမ်းကွဲအရီးလေးနဲ့ မိသားစုနေကြပါတယ်။ အရီးလေးဒေါ်နီရဲ့ ကွယ်လွန်သွားခဲ့တဲ့ခင်ပွန်းက ရခိုင်အမျိုးသားရှေ့နေဦးတင်မောင်ဖြစ်ပါတယ်။ သူတို့တိုက်တခြမ်းမှာ ဗုဒ္ဓဘာသာဝင် ရခိုင် မိသားတစုနေခဲ့ကြပါတယ်။ ဆရာဝန်ဖြစ်လာတဲ့ ကိုခင်ကျော်နဲ့ သူ့ညီ ကိုထွန်းကျော်တို့က ကျနော့်ရဲ့အဆုံးမသပ်တဲ့ မေး ခွန်းတွေကို စိတ်ရှည်စွာနဲ့ ဖြေကြားခဲ့တာတွေကို မှတ်မိနေဆဲပါ။
    .
    ကျနော်တို့ကလေးအဖွဲ့တွေက သင်္ကြန်၊ သီတင်းကျွတ်၊ ခရစ်စမတ်၊ ဒေဝါလီ၊ တရုပ်နှစ်သစ်ကူးနဲ့ အစ်ဒ်နေ့တွေကို ပျော်ရွှင် စွာ စောင့်မျှော်နေမိခဲ့တာတွေကို သတိရမိပါတယ်။ ခရစ်စမတ်သီချင်းလာဆိုတဲ့အဖွဲ့တွေကို ညနက်တဲ့အထိ စောင်ြ့ပီး နား ထောင်ခဲ့သလို မနက်အစောကြီး ထပြီး ဆွမ်းဆန်လောင်းခဲ့တဲ့နေ့တွေဟာ ကျနော်တို့ရဲ့ကလေးဘဝက ပျော်ရွှင်ခဲ့တဲ့နေ့ တွေပါပဲ။ အစ်ဒ်နေ့တွေမှာ အီဒီနဲ့ တရုတ်နှစ်ကူးမှာ အန်ပေါင်း (မုန့်ဖိုး) တွေကို ကျနော်တို့ကလေးတွေ ပုံမှန်ရခဲ့တဲ့ ရပ်ကွက်3လေးလည်းဖြစ်ခဲ့ပါတယ်။
    .
    ရပ်ကွက်ထဲက ကျနော်တို့အားလုံး ဒဂုံမြို့နယ် အစိုးရအထက်တန်းကျောင်း အမှတ် ၁ (အထက ၁ ဒဂုံ) (အရင် က English Methodist School) မှာ ကျောင်းတက်ခဲ့ကြပါတယ်။ နေထိုင်တဲ့ရပ်ကွက်ပေါ် မူတည်ပြီး ဘယ်ကျောင်းတက်ရမယ်ဆိုတာ ကို ဆုံးဖြတ်ခဲ့လို့ဖြစ်ပါတယ်။ ဝင်ငွေအဆင့်အတန်းနဲ့သာ ဆုံးဖြတ်ခဲ့ရင် ကျနော့်ရပ်ကွက်ထဲက သူငယ်ချင်း တော်တော်များ များက အထက (၁) ဒဂုံကို လာနိုင်ခြေ နည်းပါးပါတယ်။
    .
    ကျနော်တို့လမ်းတိုလေးရဲ့အပြင်ရပ်ကွက်ထဲမှာလည်း ကွဲပြားမှုတွေ ရှိနေခဲ့ပါတယ်။ ပြည့်စုံတဲ့ အမျိုးသားရုပ်ရှင်ပိုင်ရှင်ဝင်း (လေးစားရ တဲ့ရုပ်ရှင်မင်းသားဟောင်းကြီး ကိုကျော်သူရဲ့မိသားစု)၊ ဒေါက်တာရွှေတင်(နှလုံးအထူးကု ဆရာဝန်ကြီး)၊ စစ်အရာရှိအိမ်ရာ ဝင်း၊ ရှုမဝတိုက်တို့ ရှိခဲ့သလို လက်လုပ်လက်စားပေါင်းစုံ (ကြံရည်ဆိုင်၊ စာအုပ်အငှားဆိုင်၊ လက်ဖက်ရည်ဆိုင်) တွေလည်း နေထိုင်တည်ရှိခဲ့ပါတယ်။
    .
    ယောက်ျား ဖြစ်ပေမယ့် မိန်းကလေးဆန်ပြီး မိတ်ကပ်နှုတ်ခမ်းနီဆိုးတတ်တဲ့ ကိုချစ်တိုးနဲ့ မိန်းကလေးဖြစ်ပေမယ့် ဆံပင်တိုတို နဲ့ ပုဆိုးကို ယောက်ျားလို ဝတ်တတ်တဲ့ မခိုင်မာတို့လည်း ရပ်ကွက်ထဲမှာနေကြပါတယ်။ ဘာလို့ သူတို့ အဲဒီလို ဖြစ်နေတာလဲလို့ မေးကြည့်မိတော့ ကျနော်တို့ရဲ့ကရင်အဒေါ်က ”သူတို့ဘဝနဲ့ သူတို့နေတတ်သလို နေတာပဲ။ နင်တို့ကို ဘာဒုက္ခပေးလို့လဲ။ သူတို့နေတတ်သလို နေပါစေ” လို့ ဖြေလိုက်တာကို အခုထိ သတိရမိလိုက်ပါတယ်။
    .
    ကျနော်တို့ကလေးတသိုက်ကို ရပ်ကွက်ထဲက မိသားစုအားလုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြပါတယ်။ ဘယ်သူ့ ကလေးကိုမဆို သွန်သင်ဆုံးမခွင့် အားလုံးမှာ ရှိကြပါတယ်။ ခွဲခြားတာ မရှိခဲ့ပါဘူး။ ကျနော်တို့လမ်းထဲမှာ မဟုတ်တာတွေ လုပ်လာခဲ့ရင် အချဉ်ထုပ်သည် အဒေါ်ခင်ရဲ့ချက်ချင်း အဆူခံရတာတင်မက အိမ်မှာလည်း ထပ်ဆင့် အဆူခံရပါတယ်။ အဒေါ်ခင်က အိမ်ကို အကြောင်းကြားလိုက်လို့ပါ။
    .
    ကျနော်တို့ရဲ့ရပ်ကွက်လေးမှာ ကြီးပြင်းလာခဲ့ဘဝက ကွဲပြားတာကို ခွဲခြားစရာမလိုကြောင်းကို လက်တွေ့ကျကျနဲ့ တဖြည်းဖြည်းချင်း သင်ပေးလိုက်သလိုပါပဲ။ ဝင်ငွေ၊ ပညာ၊ အလုပ်၊ လူမျိုး၊ ဘာသာကွဲပြားနိုင်ပေမယ့် လူသားအဖြစ် ကွဲပြားမှုမရှိလို့ ခွဲခြားစရာမလိုတာကို မေတ္တာ၊ စေတနာတွေနဲ့ လက်တွေ့ပြသခဲ့တဲ့ လူမှုပတ်ဝန်းကျင်ကို အင်မတန်လေးစား ကျေးဇူးတင်မိ ပါတယ်။
    .
    အခု အချိန်မှာတော့ အရင်နှစ် ၄၀နဲ့ မတူတော့တာတွေကို သတိထားမိပါတယ်။ ကျနော်တို့နေခဲ့တဲ့ရပ်ကွက်လေး ပြောင်းလဲသွားသလို တိုင်းပြည်ကြီးကလည်း ပြောင်းလဲနေခဲ့ပါတယ်။ အဆင့်အတန်းကွဲပြားမှုတွေ အင်မတန်များလာခဲ့သလို လူ လူချင်း ခွဲခြားမှုတွေကလည်း မယုံနိုင်အောင် ပြန့်ပွားနေတာကို ကြားသိခဲ့ရပါတယ်။ ဥစ္စာ၊ အာဏာပြည့်စုံသူတွေရဲ့ကလေး တွေ တက်တဲ့ကျောင်းတွေကို လက်လုပ်လက်စားမိသားစုတွေရဲ့ကလေးတွေ ဘယ်လိုမှ မတက်နိုင်တာကိုလည်း ဝမ်းနည်းစွာ အမှတ်ပြုမိပါတယ်။
    .
    တချိန်တည်းမှာပဲ ကွဲပြားမှုတွေကို ပုံကြီးချဲ့ပြီး မုန်းတီးရက်စက်ရေးတွေကို ဆော်သြောနေတဲ့အဖွဲ့တွေရှိနေတာကိုလည်း သတိထားမိပါတယ်။ ကျနော်ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်ရဲ့ဗုဒ္ဓတရားတော်အောက်မှာ ကွဲပြားမှုတွေကို မေတ္တာနဲ့တုံ့ပြန် ခဲ့ကြတာတွေဟာ အခုခေတ်မှာ ရှားပါးလာသလို ခံစားမိပါတယ်။ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှုတွေဟာ မြန်မာ ပြည်သာမက ကမ္ဘာကြီးမှာပါ ကြုံတွေ့နေရတာကို ရင်နင့်စွာ ခံစားမိပါတယ်။
    .
    ဒီဆောင်းပါးရေးနေရင်း ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံလိုက်ရတာကို ဝမ်းနည်းကြေကွဲစွာနဲ့ ကြားသိခဲ့ရပါတယ်။ ဦးကိုနီကို ကျနော် ၈၈၈၈ လှုပ်ရှားမှုတုန်းက မတွေ့ခဲ့ရပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ရှင်းလင်းပြတ်သားတဲ့ တင် ပြမှုတွေကို လေးစားစွာ နားထောင်မှတ်သားခဲ့ပါတယ်။
    .
    လူကိုယ်တိုင် တွေ့ဆုံစကားပြောခွင့်ရခဲ့တဲ့အခါ ဦးကိုနီကို ပိုမို လေးစားလာမိပါတယ်။ သူ့ရဲ့တိုင်းပြည်ချစ်စိတ်၊ ဥပဒေရေး ရာကျွမ်းကျင်မှု၊ အမြှော်အမြင်ကြီးမှု၊ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လေးစားမှု၊ ဘာသာတိုင်းကို လေးစားနားလည်မှု နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခရာကျမှုကို ဦးစားပေးချက်တွေကို ပိုသိလာခဲ့ပါတယ်။
    .
    ဦးကိုနီ မြန်မာပြည်ကို ဘယ်လောက်ထိ ချစ်ခင်မြတ်နိုးပေမယ့် သူ့ရဲ့ဘာသာရေးကွဲပြားမှုကြောင့် လူတချို့တွေက ရက်စက်ရင့်သီးစွာ ခွဲခြား ဆက်ဆံခဲ့ကြတာတွေကို စိတ်မကောင်းစွာ ကြားသိမြင်တွေ့ခဲ့ရပါတယ်။ အကြောင်းကြောင်းကြောင့် နောက်ဆုံးအသက်ကို ပေးဆပ်ခဲ့ရတဲ့အခြေထိ ရောက်ခဲ့ရပါတယ်။
    .
    ဦးကိုနီဟာ တိုင်းပြည်ကို ကောင်းမွန်စေချင်လွန်းတဲ့ ချစ်စိတ်အပြည့်ရှိတဲ့ ရဲဝံ့တဲ့သူရဲကောင်းတယောက်ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ ကွဲပြားမှုတွေကို ကြောက်စိတ်မုန်းတီးစိတ်တွေဟာ ဗုဒ္ဓဘာသာရဲ့မေတ္တာကို အခြေခံတဲ့ သွန်သင်ဆုံးမ မှုတွေနဲ့ မကိုက်ညီဘူးလို့လည်း မြင်မိပါတယ်။ လူထုအများစုက ဦးကိုနီကျဆုံးသွားတာကို ဝမ်းနည်းကြေကွဲမှုတွေ လှိုက်လှိုက်လှဲလှဲဖော်ပြကြတာ တွေ့ရ ကြားရတော့ ရင်နင့်နေတဲ့ကြားက အားတက်မိပါတယ်။
    .
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုအောက်မှာ ကျနော်တို့ချစ်မြတ်နိုးတဲ့ မြန်မာပြည်ရဲ့အနာဂတ်အတွက် ကွဲပြားမှု တွေကို ရဲဝံ့တည်ငြိမ်စွာနဲ့ အသိအမှတ်ပြုလက်ခံပြီး တိုင်းပြည်ရှေ့ရေးကောင်းမွန်လာစေဖို့ ခွဲခြားနှိမ့်ချရက်စက်မှုတွေ မရှိ အောင် တပ်မတော်နဲ့ လုံခြုံရေးမိသားစုအပါအဝင် ပြည်သူအားလုံးက တားဆီးဦးဆောင်သွားနိုင်ကြပါစေလို့ လေးနက်စွာ မျှော်လင့်ဆုတောင်းလိုက်ပါရစေ။
    .
    (ဒေါက်တာမြတ်ထူးရာဇတ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်၏ မြေးတဦး ဖြစ်သည်)

    http://burma.irrawaddy.com/news/2017/01/31/129597.html

  • ဦးကိုနီ ကို လုပ်ကြံသူဟာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စိုင်လျားကျေးရွာ ဇာတိဖြစ်

    ဦးကိုနီ ကို လုပ်ကြံသူဟာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စိုင်လျားကျေးရွာ ဇာတိဖြစ်


    မန္တလေး။ ဇန်န၀ါရီ ၃၀။ ။တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကိုသေနတ်နဲ့ ပစ်ခဲ့သူဟာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စိုင်လျားကျေးရွာ ဇာတိဖြစ်တယ်လို့ သိရပါတယ်။

    “မနက်ကတော့ CID ။ ရဲ ။အုပ်ချုပ်ရေးမှုး စရဖ အဖွဲ့တွေ ရွာကိုလာတယ်။ သူတို့အိမ်ကိုသွားတယ်။ ဘာသာရေးအသင်းအဖွဲ့တွေ နိုင်ငံရေးအသင်းအဖွဲ့တွေနဲ့ ဆက်နွယ်မှု့ရှိမရှိမေးတယ်” လို့ စိုင်လျားကျေးရွာက ဒေသခံတဦးကပြောပါတယ်။

    ဦးကြည်လင်းလို့ အများကသိနေပေမယ့် သူ့ရဲ့ရွာမှာ သိကြတဲ့နာမည်ကတော့ ဦးဖိုးတူးဖြစ်ပါတယ်။ ကျေးရွာကနေ အသက် ၂၀ လောက်ကတည်းက ထွက်သွားခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကမှ ရွာကိုပြန်ရောက်လာတာလို့ သိရပါတယ်။

    “ရွာမှာနေတုန်းက အကောင်းပဲ တောင်သူလုပ်ငန်းကိုကောင်းကောင်းလုပ်တယ်။ တခါတလေတော့ ရွာကနေ ၄ ။၅ ရက်လောက်ပျောက်သွားတက်တယ်။သူရွာကထွက်သွားတာ ၅ လလောက်ပဲရှိသေးတယ်။” လို့ ဒေသခံရွာသားက ဦးကြည်လင်း ခေါ် ဦးဖိုးတူးအကြောင်း
    ကိုပြောပြပါတယ်။

    ဦးကြည်လင်းဟာ မွေးချင်း ၆ ယောက်မှာ အကြီးဆုံးဖြစ်ကာ ကျန်တဲ့မွေးခြင်း အားလုံးက ရွာမှာနေထိုင်ကြပါတယ်။ဖခင်ဖြစ်သူကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကဆုံးပါးခဲ့တာဖြစ်ပြီး အမေက တော့ အသက် ၈၃ နှစ်အရွယ်ရှိကာ မိသားစုနဲ့ အတူနေထိုင်တယ်လို့သိရပါတယ်။

    မနက်လာမေးကြတော့ သူ့မိသားစုဝင်တွေကလည်း သူရွာကနေထွက်သွားတော့ ဘာတွေလုပ်နေလဲဆိုတာ မသိဘူးလို့ ပြောတယ်။ ရွာမှာလည်း ၂ နှစ်လောက်ပဲ နေတာဆိုတော့ အိမ်ထောင်တော့ရွာမှာမရှိဘူး။ သူတို့မိသားစုက အပြင်နဲ့လည်း အဆက်ဆံနည်းတယ် ။ ကျနော် အသက်တောင် ၃၈ နှစ်ရှိပြီ ။ အရင်နှစ် သူရွာမှာ လာနေမှမြင်ဖူးတာ လို့ ဒေသခံ ရွာသားကပြောပါတယ်။

    ကုမုဒြာမှ ကူးယူဖော်ပြပါသည်။

    http://www.kumudranews.com/news/crime-and-trial-news/%E1%80%A5%E1%80%AE%E1%80%B8%E1%80%80%E1%80%AD%E1%80%AF%E1%80%94%E1%80%AE-%E1%80%80%E1%80%AD%E1%80%AF%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%82%80%E1%80%80%E1%80%B6%E1%80%9E%E1%80%B0%E1%80%9F%E1%80%AC/

  • နိုင်ငံရေးလုပ်ကြံ လူသတ်သမား

    နိုင်ငံရေးလုပ်ကြံ လူသတ်သမား


    ညိုထွန်းရေးသည်။
    .
    ကျနော်တို့ထဲက တချို့ က စဉ်းစားမိကြသည်မှာ လူသတ်သမားသည် ဦးကိုနီကို လုပ်ကြံချင်လျှင် တိတ်တိတ်လေး လုပ်ကြံ နိုင်သည့် နေရာတွေ၊ ချောင်းမြောင်းတိုက်ခိုက်နိုင်သည့် နည်းလမ်းတွေ အများကြီးရှိရက်သားနှင့် ဘာကြောင့်မို့လို့ အပြည်ပြည်ဆိုင်ရာလေဆိပ်လိုမျိုး လူအများစည်ကားသည့် နေရာတွင် လူရှေ့သူရှေ့ ဗြောင်သေနတ်ပစ်သည့် နည်းလမ်းကို ရွေးချယ်ခဲ့သလဲဆိုသည့် အချက်ဖြစ်သည်။ ဒါပေမယ့် သည်လိုမျိုး လူရှေ့သူရှေ့ ဗြောင်သေနတ်ပစ်သည် ဆိုသည်ကိုက နိုင်ငံရေးလုပ်ကြံမှုဖြစ်ကြောင်း အထင်ရှားဆုံး သက်သေ လက္ခဏာရပ်တွေထဲက တခု ဖြစ်သည်။

    ၁၈ရာစုနှစ်ကုန်ပိုင်းလောက်မှ စလို့ နောက်ဆုံး နှစ်ဆယ်ရာစု အိန္ဒိယဝန်ကြီးချုပ်များဖြစ်သည့် အင်ဒီရာဂန္ဓီ နှင့် ရာဂျစ်ဂန္ဓီတို့ လုပ်ကြံခံရမှုတို့အဆုံး၊ ၄င်းအမှုတို့တွင် ပါဝင်သည့် နိုင်ငံရေးလူသတ်သမားများ၏ စိတ်နေစိတ်ထား နှင့် လုပ်ကိုင်ပြုမူပုံ ပုံစံများကို အသေအချာ လေ့လာထားသည့် သုတေသနတခု ရှိသည်။ ၄င်းသုတေသနမှ အင်မတန်ခိုင်မာသော ရလဒ်များ ထွက်လာခဲ့သည်မှာ ပုဂ္ဂိုလ်ရေး ရန်ညိုးရန်စ နှင့် လုပ်ကြံသတ်ဖြတ်သော (ရိုက်သတ်လို့ မကုန်နိုင်အောင် အရေအတွက်ရှိသည့်) သာမန်ရိုးရိုး လူသတ်သမား နှင့် အနည်းငယ်မျှသာရှိသည့် နိုင်ငံရေး လူသတ်သမားတို့ဟာ စကတည်းက ယဉ်သကိုဆိုသလို ကွဲပြားကြသည်။ သာမန်ရိုးရိုး လူသတ်သမားသည် လူမသိသူမသိ သတ်ဖြတ်လို့ရသည့် နေရာမျိုးကို ရွေးချယ်၍ နိုင်ငံရေးလုပ်ကြံ လူသတ်သမားတို့သည်ကား လူစည်ကားသည့် နေရာ၊ လူအများမှ သူ့လုပ်ကြံမှုကို ပြောင်ပြောင်တင်းတင်း မြင်ရသည့် နေရာ၊ “လူဆူတဲ့နေရာ” ကို ရွေးသည်။ လူသန်းနှင့်ချီပြီး သူ၏ လုပ်ကြံသတ်ဖြတ်မှု မြင်ကွင်းကို မြင်ရလျှင် ပိုတောင်မှ သဘောကျသေးသည်။

    ဒုတိယတချက်မှာ သာမန်ရိုးရိုးလူသတ်သမားသည် လူကို တိတိကျကျ သိရှိသတ်မှတ်ထားပြီး သတ်ခြင်း ဖြစ်၍ နိုင်ငံရေးလုပ်ကြံလူသတ်သမားကျတော့ ထင်ရှားသည့်သူကို တမင်ရွေးပြီး သတ်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ယခုအမှုဟာ ဦးကိုနီလည်း ဖြစ်နိုင်သလို နိုင်ငံရေးအရထင်ရှားသည့် တခြားတယောက်လည်း ဖြစ်နိုင်သည်။ လူသတ်သမား၏ ရည်ရွယ်ချက်မှာ ဦးကိုနီကို သေစေလိုသည်ထက် ၄င်းနှင့် ၄င်း၏ နိုင်ငံရေးရည်ရွယ်ချက်ကို လူရှေ့သူရှေ့ ပြင်းပြင်းထန်ထန် ပေါက်ကွဲပြလိုခြင်းက အဓိက ဖြစ်သည်။ ဥပမာလင်ကွန်းကို လုပ်ကြံသတ်ဖြတ်သည့် ပြည်ထောင်စုမှ ခွဲထွက်ရေးထောက်ခံ လူသတ်သမားဟာ သမ္မတကြီးကို ဇာတ်ရုံ၏ ပွဲကြည့်စင်ပေါ်မှာ သတ်ဖြတ်ခြင်း ဖြစ်သလို ‘မင်းဆိုးမင်းညစ်တွေ အတွက် သင်ခန်းစာ’ ဟု အားလုံးကြားအောင် အော်ဟစ်ပြီးမှ ထွက်ပြေးသည်။ နိုင်ငံရေးလုပ်ကြံလူသတ်သမားတို့ဟာ “ရူးတိုးတိုး” ဟုဆိုကာ လူမသိသူမသိ သတ်ဖြတ်သည့် လူသတ်သမားမျိုး မဟုတ်။

    နောက်တချက် နိုင်ငံရေးလုပ်ကြံ လူသတ်သမားတို့ဟာ ပေါက်ကွဲပြင်းထန်သော နည်းလမ်းတို့ကို ရွေးချယ်ကာ သတ်ဖြတ်ပြခြင်းဖြစ်သည်။ လူအများ ခြောက်ခြားစေမှု အဖြစ်နိုင်ဆုံးသော နည်းလမ်းကို ရွေးချယ်လေသည်။ ဦးကိုနီကို အိမ်မှာ အိပ်နေတုန်း ခေါင်းအုံးဖြင့် ဖိသတ်သွားလျှင် ဒါဟာ နိုင်ငံရေးလုပ်ကြံမှု မဖြစ်နိုင်။ ခုလိုမျိုးခေါင်းကို သေနတ်ဖြင့်တေ့ကာ လူသိမျက်မြင်ပစ်ပြတာဟာ ပုဂ္ဂိုလ်ရေး၇န်ညှိုးလို့ မဟုတ်နိုင်၊ နိုင်ငံရေး လူသတ်သမားတို့၏ ပြင်းထန်ပေါက်ကွဲသော နည်းလမ်းကို ရွေးချယ်လေ့ရှိသည့် လက္ခဏာ စစ်စစ် ဖြစ်သည်။

    စတုတ္ထအချက် လူသတ်သမားနှင့်တကွ ၄င်း၏ ကျောထောက်နောက်ခံအုပ်စုတွင် နိုင်ငံရေးအရသော်လည်းကောင်း၊ ဘာသာရေးရည်ရွယ်ချက်အရသော်လည်းကောင်း လက်စားချေမှုကို ပြသရန်၊ ၄င်းတို့၏ ရူံးနိမ့်မှုကို ပြန်လည် ကယ်ဆယ်မြှင့်တင်ရန် ကြီးမားသော ရည်ရွယ်ချက် ရှိကြလေသည်။

    ပဉ္စမအချက် လုပ်ကြံသတ်ဖြတ်မည့်သူကို ရွေးချယ်ရာတွင် အသိအမှတ်ပြုမှုကို အင်မတန် ခံယူလိုသော လူကို တမင်ရွေးချယ်ကြသည်။ များသောအားဖြင့် ထိုသူမျိုးဟာ အသိအမှတ်ပြုခံချင်လွန်းတဲ့အတွက် ရာဇဝတ်မှုကို တမင်ပင် ကျုးလွန်ကြသည် ဆိုသူများဖြစ်သည်။ တနည်း လူ့ဘောင်မှ ကြဉ်ထားခံရသူ၊ မိသားစုနှင့် အဆင်မပြေ ၊ အသိုင်းအဝိုင်းမှ အသိအမှတ်ပြုခြင်း မခံရသူများဟာ နိုင်ငံရေးလုပ်ကြံလူသတ်သမား ဖြစ်လာဖို့ အဆင်ပြေဆုံး လူအမျိုးအစား ဖြစ်သည်။ သည်ပဉ္စမအချက်အရ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သောသူဟာ နိုင်ငံခြားသားလို့ ကျနော် မယူဆ၊ သူလိုကိုယ်လို မြန်မာနိုင်ငံသားတဦးသာ ဖြစ်မည်လို့ ယူဆသည်။ တရုတ်ဖြစ်ပေမယ့် ဘာသာရေး နိုင်ငံရေးအစွန်းရောက်နေသူတွေ များစွာ ရှိနိုင်သည်။ ကျနော် ပို့စ်တခုတွင် တင်ပြခဲ့သော ‘ငရဲကျမယ့်လူတွေ သတ်ဖြတ်တာ အပြစ်မရှိဘူး’ ဆိုသော အစွန်းရောက်နေသူ ကျနော့်သူငယ်ချင်းဟာ တရုတ်စင်စစ် မြန်မာနိုင်ငံသား ဖြစ်သည်။ သူ့တွင်လည်း ခုဖော်ပြသည့် ပဉ္စမအချက်မှ လက္ခဏာအားလုံး အပြည့်အစုံ ရှိလေသည်။ ကိုယ့် ရှားရှားပါးပါး သူငယ်ချင်းတွေထဲမှာပင် နိုင်ငံရေးလူသတ်သမား အရည်အချင်း ပြည့်မီရန် စံနုန်းတွေ ပြည့်စုံလေရာ တနိုင်ငံလုံးအတိုင်းအတာ နှင့်ဆိုသော် စပွန်ဆာလူတွေ မြှောက်ပေးလျှင် အသုံးချခံကာ တကယ် ပေါက်ကွဲလိုက်လုပ်မည့် သူသည် မရှားနိုင်ဟု ဆိုရမည်။

    ဆဌမအချက် သည် သတ္တမအချက် နှင့် ဆက်စပ်နေသည်။ ဆဌမအချက်ဟာ အလွန်ကို ထူးဆန်းသည်၊ လူသတ်သမားဟာ ပြေးလမ်းကို ကြိုရှာထားခြင်းမျိုး မရှိခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သတ္တမအချက် ဖြစ်သည့် ၄င်းဟာ သူ့ဘဝကို အရူံးပေးထားပြီး ဖြစ်ခြင်း ဖြစ်ပြီး သူသည် အကျဉ်းကျခံရခြင်း၊ ကြိုးပေးခံရခြင်းတို့ကို သူ့ဘဝပန်းတိုင်လမ်းဆုံး အဖြစ် သတ်မှတ်ထားပြီး ဖြစ်ခြင်း ဖြစ်သည်။

    ခုလောလောလတ်လတ် ဖြစ်ပွားခဲ့သော အမှုကိစ္စဟာ လက္ခဏာခုနှစ်ချက်လုံးနှင့် ကိုက်နိုင်ပါသည်။ ထိုသို့ ကိုက်နိုင်ခြင်းကို သက်သေခံခြင်း မှာလည်း လူသတ်သမားက ဦးကိုနီကို သေနတ်နှင့် ချိန်နေသော ဓာတ်ပုံ (နောက်ဆုံးစက္ကန့်) ဓာတ်ပုံဟာ တမဟုတ်ချင်း online Facebook ပေါ်လို့ တက်လာခြင်းဖြစ်သည်။ ထိုစဉ်က လုပ်စရာအလုပ်တွေ ညှပ်နေ၍ မကြည့်အား (ညိုအေးဟာ သူများနှင့် မတူ၊ စနေတနင်္ဂနွေ အလုပ်ပိုများသည်) ၊ ခုလေးတင် စစ်ဆေးကြည့်လိုက်သလောက် အချက်တော်တော်များများ တွေ့ရသည်

    https://www.facebook.com/photo.php?fbid=969239063209313&set=p.969239063209313&type=3

    (၁) ဓာတ်ပုံဟာ CCTV က ဖြတ်တောက်ထားတာလား လို့ ပထမဆုံး စဉ်းစားသည်။ မဟုတ်နိုင်၊ အဘယ်ကြောင့်ဆိုသော် CCTV ဆိုလျှင် ဒေါင့်တွေ အချိုးတွေဟာ တိကျစွာ သူ့နေရာနှင့်သူ ရှိရမည်။ ယခုပုံမှာ တိုင်ကြီးစောင်းနေသည်။ ဒါကြောင့် လူကရိုက်သော ဓာတ်ပုံအစစ် ဖြစ်သည်။

    (၂) ဓာတ်ပုံဟာ တယောက်ယောက်က ဦးကိုနီသူ့မြေးလေးကို ချီတာကို မှတ်တမ်းတင်ချင်လို့ လှမ်းရိုက်တာဟု ဆိုသူကဆိုသည်။ မဟုတ်နိုင်၊ အဲသလို ဦးကိုနီကို ချစ်ခင်လေးစားသူဟာ သူကြည်ညိုသော ပုဂ္ဂိုလ်ဟာ လူသတ်သမားကို လည်စင်းပေးနေရသည့် မြင်ကွင်းကို ရိုက်မိခဲ့လျှင်လည်း online ပေါ်ကို တင်စရာ အကြောင်းမရှိ။ နောက်ပြီး ကျောခိုင်းထားတာကို ရိုက်တာဖြစ်ရာ ဦးကိုနီကို တကယ် လေးစားသူဆိုလျှင် ဒါမျိုး ခွင့်မတောင်းဘဲ လုပ်စရာလည်း မရှိ။ အထင်ရှားဆုံးမှာ အချိန် နှစ်ခု ဖြစ်သည်၊ ဦးကိုနီကို သတ်တော့မယ့်ဆဲဆဲ မှတ်တမ်းတင်သလို သတ်ပြီးပြီးချင်း ပုံဟာ online ပေါ်ရောက်သည်။ ဒါမျိုး တဆက်တည်း ဖြစ်နိုင်ဖို့ဆိုတာ အမေရိကန် Magamillion မှ အမြင့်ဆုံးဆု Jackpot ပေါက်ဖို့ အခွင့်အရေး (၂၉၃ သန်းပုံ တပုံ) ဆိုတာမျိုးပဲ ဖြစ်လိမ့်မည်ဟု ညိုအေး ယူဆမိပါသည်။ တကယ်တော့ ၄င်း FB ပေါ် ချက်ချင်းတက်လာသော ဓာတ်ပုံဆိုတာဟာ နိုင်ငံရေးလုပ်ကြံသမားအုပ်စုဟာ ဖော်ပြခဲ့သည့် ခုနှစ်ချက်မှ ပထမဆုံးအချက် ‘လူသန်းချီ ကြည့်ရူနိုင်သော မြင်ကွင်း’ ကို ကြိုတင်ရွေးချယ်ထားခြင်း ဖြစ်သည်။

    (၃) ပုံပါအနေအထား အရ (ကားလမ်းကို ကြည့်ပါ) ပင့်ရိုက်ထားခြင်း ဖြစ်သည်။ အရပ်ပုသော လူများလားလို့ စဉ်းစားစရာ ဖြစ်သည်။ သို့သော် အဖြစ်နိုင်ဆုံးမှာ လုပ်ကြံအဖွဲ့မှ လူများသည် ကားထဲမှ လှမ်းရိုက်ခြင်း –– ကားပြူတင်းပေါက်မှ လက်ကိုင်ဖုန်းကို ထုတ်ပြီး ရိုက်ခြင်း ဟာ အဖြစ်နိုင်ဆုံး ဖြစ်သည်။ ပုံမငြိမ်ခြင်းဟာလည်း ကားဟာ ရွှေ့လျားနေသည် ဆိုသည့် ကောက်ချက်ကို အလေးသာစေသည်။ ကားထဲမှာဆိုတော့ လူတွေလဲ သတိထားမိဖို့ မလွယ်။ ကားလမ်းကြောင်းအရ လူသတ်သမားအဖွဲ့ကားဟာ လူသတ်သမားနှင့် ဝေးရာကို မောင်းနေသည်။ သို့သော်အနားမှာပဲ ရှိနေသေးသည်။ သည်တော့ သည်အချက်ကို ဆက်စပ်လျှင် ဖြစ်နိုင်သော အချက်တချက်ကို စဉ်းစားရန်မှာ လူသတ်သမားဟာ ကားပေါ်က အမြန် ဆင်းလျှောက်သွားကာ ဦးကိုနီကို ပစ်ခြင်း ဖြစ်ဖို့ များသည်။

    (သို့ဆိုလျှင် စဉ်းစားရန်မှာ လူသတ်အဖွဲ့ ကားသမားသည် ဦးကိုနီ လေယာဉ်ဆိုက်ပြီး အပြင်ထွက်လာချိန်ကို ဘယ်လို ချိန်ကိုက်ကာ မောင်းလာပါသနည်း။ သို့မဟုတ် လေဆိပ်ရှေ့ ၄င်းကားလမ်းမှာ ကားကို အချိန်ကြာကြာ ထိုးပြီး စောင့်လို့ ရသလား)

    ဘယ်လိုပဲ ဖြစ်ဖြစ် ဤကိစ္စသည် တမင်ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံတာ ဖြစ်သလို၊ လုပ်ကြံသောပုံကို ရည်ရွယ်ချက်ရှိရှိဖြင့် သန်းချီ ပရိသတ်မြင်စေရန် အတိအကျ ကြိုစီစဉ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဤသို့ ဗြောင်ဖြန့်ဝေမည့် အစီအစဉ်တို့ကို အတိအကျ သိသူတို့ဟာလည်း သိပ်မရှားနိုင်ဟု တွက်ရသည်။ ဖော်ပြခဲ့သော နိုင်ငံရေး လုပ်ကြံလူသတ်သမား၏ လက္ခဏာရေး ခုနှစ်ချက်ကို သိလျှင် ထိုမရှိမရှားကုန်သော သူတို့ကို ကျနော်တို့ ဆက်လက် အကဲခတ်နိုင်ရန်လည်း သိပ်မခက်လှပါ။

    M-Media စာဖတ်သူတွေ ဆင်ခြင်တွေးတောနိုင်ဖို့ စာရေးသူ ကိုညိုထွန်း၏ FB စာမျက်နှာမှ ကူးယူ၍ မျှဝေဖော်ပြခြင်းဖြစ်ပါသည်။

  • ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်

    ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်

    ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်