News @ M-Media

Author: editor

  • အထက (၃)သင်္ဃန်းကျွန်း ကျောင်းအုပ်၏ လူမျိုးရေးခွဲခြားမှု ပညာရေးဝန်ကြီး သိစေလို (ပြည်သူ့အသံကဏ္ဍ)

    အထက (၃)သင်္ဃန်းကျွန်း ကျောင်းအုပ်၏ လူမျိုးရေးခွဲခြားမှု ပညာရေးဝန်ကြီး သိစေလို (ပြည်သူ့အသံကဏ္ဍ)

    နိုဝင်ဘာ ၃၀ ၊ ၂၀၁၆
    stop-racism
    အထက (၃ )သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးသည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် အငြိမ်းစားယူသွားသည့် တပ်မတော်ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးလှဌေးဝင်း တက္ကသိုလ် ဝင်တန်းအောင်မြင်ခဲ့သော  အထက်တန်းကျောင်း တစ်ကျောင်းဖြစ်သည်။

    ထိုကျောင်းတွင် ဗုဒ္ဓဘာသာဝင်ကျောင်းသားကျောင်းသူများ ၃၀ ရာခိုင်နှုန်းကျော်ရှိပြီး ခရစ်ယာန်၊အစ္စလာမ် ၊ဟိန္ဒူ ဘာသာဝင် ကျောင်းသား/သူများ ၇၀ ရာခိုင်နှုန်းခန့်ရှိပါသည။

    မတူကွဲပြားသော ဘာသာဝင် ကျောင်းသား;သူများ  အေးအတူ ပူအမျှ  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာခဲ့သော အစဉ်အလာ ရှိသည့်ကျောင်းဖြစ်ပါသည်။

    လက်ရှိကျောင်းအုပ် ဆရာကြီး ဦးတင်မောင်အေးသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၁၀ နာရီ အချိန်တွင် ကျောင်းသားကျောင်းသူများ အား Assembly လုပ်ရန် ကွင်းပြင်၌ စုဝေးနေစဉ် ကျောင်းသားကျောင်းသူများအား “အစိုးရကျောင်းဖြစ်လို့ ‘ငါ ‘မင်းတို့ကို ကျောင်းလက်ခံထားတာ။ ငါ့ ကိုယ်ပိုင်ကျောင်းဆိုရင်  ကုလားတွေကို လုံးဝ လက်မခံဖူး “ဟု ရိုင်းပြစွာ ပြောဆိုခဲ့ကြောင်း ပြောခဲ့ပါသည်။

    ထို့ပြင် ၂၉ ရက် နိုဝင်ဘာ မနက်ခင်းကျောင်းတက်ချိန်တွင်လည်း  နေပူကြီးထဲတွင် ကျောင်းသားကျောင်းသူများအား အပြစ်ပေးသည့်အနေဖြင့် မနက်ကျောင်းတက်ချိန်မှ ၁၀ နာရီအထိ နေပူထဲ အချောက်လှန်းထားသည့်ဖြစ်ရပ်လည်း ရှိခဲ့ပါသည်။

    ဘာသာပေါင်းစုံ ယဉ်ကျေးမှု့ပေါင်းစုံ ရှိနေသည့် မြန်မာနိုင်ငံတွင် နိုင်ငံဝန်ထမ်း ကျောင်းအုပ်ဆရာကြီးဆိုသူမှ ဗုဒ္ဓဘာသာဝင်မဟုတ်သော အခြား ဘာသာဝင်များကို ရောသမမွှေကာ “ကုလား”ဟု သုံးနှုန်းပြောဆိုခြင်းသည် ဆရာကြီး၏ ယုတ်ရင်းကြမ်းတမ်းသော အမူအယာနှင့် ခွဲခြားဆက်ဆံသည့်စိတ်ဓာတ်ကို ပြနေပါသည်။

    ထိုသို့သော ကျောင်းအုပ်ဆရာကြီးများသည် ယနေ့ခေတ် ပညာရေးလောကတွင် ရှိနေခြင်းသည် ပညာရေးဝန်ထမ်းဆရာ ဆရာမများအားလုံးအတွက် ဂုဏ်သိက္ခာကျဆင်းပါကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး သိစေရန် တင်ပြအပ်ပါသည်

    **M-Media ၏ ပြည်သူ့အသံ ကဏ္ဍ သို့ “နေမင်း” မှ  ပေးပို့သော ပေးစာဖြစ်ပါသည်။

  • ရခိုင်ပြည်က ရိုဟင်ဂျာအရေး ကူညီဖြေရှင်းပေးဖို့ အင်ဒိုနီးရှားအစိုးရကို တောင်းဆို

    ရခိုင်ပြည်က ရိုဟင်ဂျာအရေး ကူညီဖြေရှင်းပေးဖို့ အင်ဒိုနီးရှားအစိုးရကို တောင်းဆို

    နိုဝင်ဘာ ၃၀ ၊ ၂၀၁၆

    2016_11_25_16590_1480050988-_large
    ရိုဟင်ဂျာ မွတ်စလင်မ်တွေကို ညှင်းပမ်းဖိနှိပ်မှုတွေ ရပ်တန့်ဖို့ ဂျာကာတာက မြန်မာသံရုံးကို လူထောင်ချီပြိးတော့ နိုဝင်ဘာ ၂၅ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဓါတ်ပုံ-(JP/Safrin La Batu)

    မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ဖိနှိပ်မှုတွေ ဆိုးရွားနေဆဲဖြစ်တဲ့ အတွက် စစ်တပ်နောက်ခံပြု ဖိနှိပ်ညှင်းပမ်းမှုတွေ ရပ်တန့်စေရေး ရင်ဆိုင်ဖြေရှင်းပေးဖို့ လူအခွင့်ရေးလှုပ်ရှားသူတစ်ဦးက အင်ဒိုနီးရှားအစိုးရကို တောင်းဆိုလိုက်ပါတယ်။

    အင်ဒိုနီးရှားအစိုးရအနေနဲ့ ရိုဟင်ဂျာပြဿနာကို ပါဝင်ကူညီဖြေရှင်းပေးဖို့ လိုအပ်ပြီး မြန်မာအစိုးရရဲ့ တင်ပြချက်တွေကိုပဲ အာရုံစိုက် မနေသင့်ဘူးလို့ မြန်မာ့လူ့အခွင့်ရေး ကွန်ရက်(BHRN) အမှူဆောင် ဒါရိုက်တာ ဦးကျော်ဝင်းက ပြောဆိုပါတယ်။

    “အင်ဒိုနီးရှားအစိုးရအနေနဲ့ မြန်မာအစိုးရကို တိုက်ရိုက် ဆက်သွယ်ပြီး ဒီကိစ္စတွေကို တင်ပြဖို့နဲ့ ရိုဟင်ဂျာတွေအပေါ်မှာ အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ဖို့ ပြောသင့်ပါတယ်”လို့ ဦးကျော်ဝင်းက ဂျာကာတာပို့စ်ကို သောကြာနေ့က ပြောဆိုလိုက်ပါတယ်။

    ကမ္ဘာ့မွတ်စလင်လူဦးရေ အများဆုံး တိုင်းပြည်ဖြစ်တဲ့ အင်ဒိုနီးရှားအနေနဲ့ လူသားချင်း စာနာထောက်မှုပြဿနာလို့ အများစုကရှုမြင်ထားတဲ့ ဒီကိစ္စတွေကို ဖြေရှင်းရာမှာ အာဆီယံနိုင်ငံများအကြား ၀င်ရောက် မစွက်ဖက်ရေးမူဝါဒကြောင့် အဟန့်အတား မဖြစ်သင့်ဘူးလို့ သူက ဆက်လက်ပြောဆိုပါတယ်။

    “ဒီကိစ္စနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရဆီက ဘာအသံမှမကြားရဘူးလို့ ကျနော်တို့ ခံစားရတယ်၊ မြန်မာစစ်တပ်ရဲ့ ပြောဆိုချက်တွေ ကိုပဲ အာရုံစိုက်နေတာက အဆိုးဆုံးပါပဲ” လို့ ဦးကျော်ဝင်းက ဆိုပါတယ်။

    ရိုဟင်ဂျာလူမျိုးတွေဟာ သူတို့အိမ် သူတို့ ကိုယ်တိုင်မီးရှို့ပြီး စွန့်ခွာထွက်ပြေးကြတယ်လို့  သတင်းမှားတွေကို မကြာခဏဆိုသလို  ထုတ်ပြန်လေ့ရှိတယ်လို့လည်း သူက ထောက်ပြပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး Retno LP Marsudi ကတော့ အင်ဒိုနီးရှားအနေနဲ့ ရခိုင်ပြည်နယ်အရေး လက်တွေ့မြေပြင် အခြေအနေမှန်များကို လေ့လာရာမှာ နိုင်ငံတကာသံတမန်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အဆင်သင့်ဖြစ်နေတယ်လို့ အစောပိုင်းမှာ ပြောဆိုထားပါတယ်။

    အင်ဒိုနီးရှား အာဏာပိုင်တွေအနေနဲ့ မြေပြင်က သတင်းမှန်တွေပေးနိုင်မယ့် အဖွဲ့အစည်းတွေနဲ့သာ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ဦးကျော်ဝင်းက ဆိုပါတယ်။

    Ref : Jakarta Post

  • “သမိုင်းကော်မရှင်ကို ဦးစီးမည့် ဝန်ကြီးမင်း  မှတ်ကျောက်တင်ခံရစေဖို့ ပြည်သူ့အသံများ နားထောင်ကြည့်စေလို”

    “သမိုင်းကော်မရှင်ကို ဦးစီးမည့် ဝန်ကြီးမင်း မှတ်ကျောက်တင်ခံရစေဖို့ ပြည်သူ့အသံများ နားထောင်ကြည့်စေလို”

    နိုဝင်ဘာ ၂၇ ၊ ၂၀၁၆
    M-Media
    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ် R.I.T ) ရေးသည်။

    wordlech1-50

    မြန်မာနိုင်ငံတွင် တစ်ချိန်က ကျောင်းသင်ဘာသာရပ်ဖြစ်သည့် သမိုင်းဘာသာရပ်ကို “ရာဇဝင်” ဟုခေါ်ခဲ့ကြသည်။ History သမိုင်း ဟူသည့် Greek ဂရိဘာသာစကားမှ ဆင်းသက်လာသည်ကို တွေ့ရသည်။  မြန်မာလို အဓိပ္ပါယ်ဖွင့်ဆိုရလျှင်
    (၁) စူးစမ်းလေ့လာခြင်း အားဖြင့်ရရှိသည့် ဗဟုသုတဟူ၍လည်းကောင်း
    (၂)အတိတ်ကာလကဖြစ်ခဲ့သည့် ဖြစ်ရပ်များကို လေ့လာမှုဟူ၍လည်းကောင်း ဆိုလိုသည်ကိုလေ့လာမိသည်။

    မြန်မာနိုင်ငံတွင် မြန်မာ့သမိုင်းကို အုပ်ချုပ်ရေးအာဏာကိုထိန်းချုပ်ထားနိုင်သူတို့က လူကြီးလုပ် လက်ဝါးကြီးအုပ် နာယကလုပ် တစ်သွေးတစ်သံ တစ်မိန့်ဖြင့် အမိန့်ပေးလမ်းညွှန်ကာ ကျောင်းသင်ရိုးဖတ်စာအုပ်များတွင် အတင်းအဓမ္မ

    ထည့်သွင်းသင်ကြားစေသည့် အလေ့အထသည် ၁၉၆၂ခု မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်သော  တော်လှန်ရေးကောင်စီ အစိုးရ လက်ထက်တွင် အသက်ဝင်ထင်ရှားလာခဲ့သည်။ ဥပမာပြရလျှင် ရောင်စုံသောင်းကျန်းသူများက ပုန်ကန်ထကြွ၍လည်းကောင်း တိုင်းရင်းသားများက ပြည်နယ်ခွဲထွက်ရန် တောင်းဆိုကြ၍ လည်းကောင်း တိုင်းပြည်ပြိုကွဲမည့်အရေးကို တပ်မတော်မှမလွှဲသာ မရှောင်သာ အာဏာသိမ်းခဲ့ရပါသည်ဆိုသော အကြောင်းပြချက်ကို မြန်မာ့သမိုင်း သင်ရိုး များတွင် ထည့်သွင်းစေကာ စာမေးပွဲများတွင် အမြဲလိုလို စစ်မေးခဲ့သောကြောင့် ကျောင်းသားကျောင်းသူများ သမိုင်းမှန် ဖြစ်ရပ်မှန်များနှင့် အလှမ်းဝေးခဲ့ရပါသည်။

    မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ဥက္ကဋ္ဌကြီး ဦးနေဝင်း၏ တစ်ပါတီအာဏာရှင်စနစ်ကြောင့် တရုတ်နွယ်ဖွားမုန်း၊ အိန္ဒယနွယ်ဖွားမုန်း မူဝါဒကို လက်ကိုင်ထားကာ လူမျိုးရေးခွဲခြားမူဝါဒများကြောင့် မြန်မာ့နည်း မြန်မာ့ဟန်  ဆိုရှယ်လစ် လမ်းစဉ်ကြောင့်လည်းကောင်းအပေါ်ဖား အောက်ဖိ ခိုင်းတာလုပ် ခံမပြောနဲ့ ခုံပြုတ်သွားမယ် (ခ.ခ.ခ) ခသုံးလုံးစနစ်ကြောင့် တစ်ချိန်က အရှေ့တောင် အာရှတွင် စင်္ကာပူထက်သာခဲ့သော မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး LDC ( Least Developed Country ) စာရင်းဝင် နိုင်ငံဖြစ်သွားခဲ့ရသည့် သမိုင်းကို ယနေ့ လူငယ်ကျောင်းသားများ သင်ယူခွင့်မရကြသေးသည်ကို လေ့လာမိသည်။

    နောက်ဆွဲတွဲ ရလာဒ်အနေဖြင့် ၂၆ နှစ်ကြာအုပ်ချုပ်ခဲ့သော “မဆလ” တစ်ပါတီအာဏာရှင် စနစ်ကို ရွံ့ရှာမုန်းတီးနေသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူလူထုကြီးသည်ရှစ်လေးလုံး (၈.၈.၈၈) ဒီမိုကရေစီ အရေးတော်ပုံကြီးကို ဆင်နွှဲခဲ့ကြသောကြောင့်  သမ္မတ(၃)ဦး နှုတ်ထွက်သွားခဲ့ရသည်။ နောက်ဆုံးကန့်လန့်ကာ နောက်ကွယ်မှ ဦးနေဝင်း၏ အမိန့်ပေး လမ်းညွှန်မှုဖြင့် ဗိုလ်ချုပ်ကြီးစောမောင် ခေါင်းဆောင်သော ၁၉၈၈ခု စက်တင်ဘာလ ၁၈ရက်နေ့တွင် အာဏာလွှဲပြောင်းခဲ့ရသည့်သမိုင်းကို ၁၉၈၈ခု  နောက်ပိုင်းလူငယ်များသည် မျက်ခြေပြတ်ခဲ့ရသည်။ ထို့အပြင် နိုင်ငံခြားမီဒီယာတစ်ခုနှင့် ဗိုလ်ချုပ်ကြီးစောမောင်၏ အင်တာဗျူးတွေ့ဆုံပွဲတွင် “ကျနော် မြန်မာပြည်ကိုကယ်တင်ခဲ့ပါတယ် ( I saved Burma ) ဟုပြောခဲ့သော စကားသည် မည်၍မည်မျှ မှန်ကန်ကြောင်းကို  ပြည်တွင်းပြည်ပ နိုင်ငံရေးသုတေသီများ၊သမိုင်းသုတေသီများ၊ ဝေဖန်ဆန်းစစ်ခဲ့ပြီးဖြစ်သည်။

    ထို့ကြောင့်လည်း မြန်မာနိုင်ငံ၏ မြန်မာ့သမိုင်းကိုတို့ကို လေ့လာကြည့်လျှင် သမိုင်းပညာရှင်တို့၏ ပကတိတွေ့ရှိချက် အမှန်တရားများအတိုင်း ဖော်ထုတ်ရေးသားခြင်းများ မလုပ်ကြဘဲ အုပ်ချုပ်ရေးပိုင်းမှ အာဏာ ရှိသူတို့၏ ထိန်းချုပ်မှုပုံစံ အမျိုးမျိုးအောက်တွင် ကြိုးဆွဲရာ ကခဲ့ကြ ရ မီးစဉ်ကြည့်ကခဲ့ရသည့် ပုံစံတို့ဖြင့် မြန်မာ့သမိုင်းကို ရေးသားခဲ့ကြောင်း ကမ္ဘာကျော် သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာ အက်ဒွက်ဂျွန်ဆင်ဟုဒ်က ဝေဖန်ထောက်ပြခဲ့ဖူးသည်ကို တင်ပြလိုပါသည်။ “နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခဲ့ဖူးသူများ၊  နစ်နာခဲ့ဖူးသူများ” အတွက်မြန်မာ့သမိုင်းပါ အချို့အချက်အလက်များသည် “ဟာဒရ ရွှင်ဆေး” ပြက်လုံးတစ်ခု သဖွယ် ဖြစ်နေလိမ့်မည်ဟု မိမိယုံကြည်ကြောင်း သမိုင်းပါရဂူကြီးက သုံးသပ်ထားပါသည်။

    သမိုင်းနှင့်ပတ်သက်၍ စာရေးသူ သတိထားမိသော အချက်တစ်ချက်ကို တင်ပြလိုပါသည်။ ယင်းမှာ မြန်မာနိုင်ငံတွင် တစ်ချိန်က နေတစ်ဆူ လတစ်ပါး ကျော်ကြားခဲ့သော မြန်မာ့သမိုင်းကို အရှိအတိုင်းဒဲ့ဒိုးဝေဖန် ပြောဆိုတတ်သူ သမိုင်းပါရဂူ ဆရာကြီးဒေါက်တာ သန်းထွန်းကို စာရေး ဆရာကြီး မောင်သာရက “ဆရာကြီးခင်ဗျား သမိုင်းကိုဘာကြောင့် သင်ယူလေ့လာရပါသလဲ” ဟုမေးမြန်းရာ ဒေါက်တာသန်းထွန်းက လိုတိုရှင်း “ မ ‘အ’ အောင်လို့သင်ရတာပါ” ဟု ဖြေကြားခဲ့သည်ကို မှတ်သားဖူးပါသည်။

    ယနေ့ပညာရေးစနစ်အရ တက္ကသိုလ်ဝင်တန်းတွင် သိပ္ပံတွဲများ၊ ဝိပ္ပံတွဲများကို အဓိက လေ့လာသူများလာသောကြောင့် ဝိဇ္ဇာတွဲတွင် ပါသော သမိုင်းဘာသာရပ်ကို မသင်ကြားသူများပြား လာသည်။ ထို့ကြောင့် တက္ကသိုလ်ပညာရေးတွင် လူစိတ်ဝင်စားမှု့  အနည်းဆုံး ဘာသာရပ်သည်“သမိုင်း” ဖြစ်လာသည်။ လူငယ်အမြောက်အမြားသမိုင်းနှင့် မျက်ခြေပျက်လာသည်။ သမိုင်းဗဟုသုတ နည်းပါးလာကြသည်။ သီပေါမင်း ပါတော်မူခဲ့သည့်အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့၊  ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် ရက်စွဲ၊အမျိုးသားနေ့ စသည်တို့ကို မသိသူ လူငယ်ကျောင်းသားများ ဒုနဲ့ဒေး ဖြစ်လာသည်။

    “သမိုင်းကို မသိရလေအောင် တမင်တကာများ သွယ်ဝိုက်လုပ်ဆောင် ဖန်တီးသေလား လို့တောင်သံသယ ဝင်မိတယ်” ဟုသမိုင်းသုတေသီတစ်ဦးက DVB အသံလွှင့်ဌာနတစ်ခုတွင် ပြောဆိုခဲ့ကြောင်း စာရေးသူနားထောင်ဖူးပါသည်။

    “သမိုင်းကို အာဏာရသူ၊ စစ်ပွဲအောင်နိုင်သူ တွေက ရေးကြသည်”ဟု ၁၇ ရာစုပြင်သစ် ပြည်၏ စစ်ခေါင်းဆောင် နပိုလီယံက ပြောကြားခဲ့ဖူးသည့် အယူအဆကို အာဏာရှင်များ ခါးတွင်းတွေ့နှစ်သက်ကာ အကောင်အထည်ဖော်လေ့ရှိကြသည်။

    “သမိုင်းတု၊သမိုင်းလိမ်၊ သမိုင်းမှား၊ဝါဒဖြန့်သမိုင်း”များကို လေ့လာကြီးပြင်းခဲ့ရသူများသည် “လူ- အ” များနှင့်တူပေသည်။

    ထို့ကြောင့်လည်း အောက်တိုဘာလ ၂၉ ရက်၊ ၂၀၁၆ခုက ရန်ကုန်မြို့ အမျိုးသားစာကြည့် တိုက်မှာ ပြုလုပ်ခဲ့တဲ့ သမိုင်း ပညာရှင်တွေနဲ့တွေ့ဆုံပွဲမှာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကိုကိုက သမိုင်းမှတ်တမ်းတွေ ရေးသားပြုစုဖို့  လိုအပ်ကြောင်း အောက်ပါ အတိုင်းပြောဆိုခဲ့ပါသည်။ “ အရင် စစ်အစိုးရလက်ထက်က ပြုစုခဲ့တဲ့ မှတ်တမ်းတွေဟာ ပြီးပြည့် စုံတဲ့ သမိုင်းမှတ်တမ်းတွေ မဟုတ်ပဲ ဘုန်းတော်ဘွဲ့ မှတ်တမ်းတွေသာဖြစ်ကြောင်းနဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့လိုလားချက် ဖြစ်တဲ့  ဒီမိုကရေစီနှင့်ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် မှန်ကန်တဲ့ သမိုင်းမှတ်တမ်းကို ရေးသားဖို့လိုတယ်လို့ပြောပါတယ်။ မှန်ကန်တဲ့ သမိုင်း ကြောင်းကို ရေးသားပြုစုတာဟာ လက်စားချေလိုမှု အာဃာတနဲ့လုပ်တာ မဟုတ်ဘူးလို့ပြောလို ပါတယ်။ အတိတ်က  ရေးထားတဲ့သမိုင်းတွေက နိုင်ငံတော်ကို တည်ဆောက်ခဲ့တဲ့ တည်ဆောက် ပြုပြင်တဲ့ ခေတ်စကားနဲ့ပြောရရင် ဘုန်းတော်ဘွဲ့မှတ်တမ်းများသာ ဖြစ်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ ရာဇဝင်လည်းမကျပါဘူး။ သမိုင်းလည်းမဟုတ်ပါဘူး။ အဲ့ဒီမှာ တိုင်းရင်းသား

    ပြည်သူတွေရဲ့  ခံစားချက်များ၊ လိုလားချက်များ၊ နောက် လူမှု့စီးပွားရေးနှင့် သမိုင်းမှတ်တမ်း မှတ်ရာများ မပါရှိပါဘူး။ အထူးသဖြင့် တိုင်းရင်းသားပြည်သူတွေ လွတ်လပ်ရေးရပြီးချိန်ကစ ပြီးတော့ တောက်လျှောက်တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီအရေး စစ်မှန်တဲ့  ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အကြောင်းအရာများလည်း မပါရှိခဲ့ပါဘူး။ ပြည့်စုံ မှန်ကန်တဲ့ မြန်မာသမိုင်းပြုစု ရေးသား ထုတ်ဝေရေးအတွက် သမ္မတ ဦးထင်ကျော် အစိုးရ လက်ထက်မှာ မြန်မာသမိုင်း အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

    မြန်မာသမိုင်းကို ရေးသားပြုစုတဲ့အခါ သမိုင်းပညာရှင်တွေက ဖြစ်ရပ်မှန် အတိုင်း ရဲရဲဝံ့ဝံ့ ဖော်ထုတ်ရေးသားဖို့လိုပြီး အဲ့ဒီလိုရေးသားမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက် တွဲ အကျိုးသက်ရောက်မှု့တွေကို တာဝန်ယူနိုင်တယ်။ ဒါ့အပြင် လွတ်လပ်ရေးကြိုးပမ်းမှု့သမိုင်းကို ရေးသားတဲ့အခါမှာ စတုတ္ထမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မှေးမှိန်နေ တဲ့ အခန်းကဏ္ဍကို မှန်ကန်စွာ ဖော်ထုတ်ဖို့လိုတယ်။ ၁၉၆၂ ခုနှစ်က နိုင်ငံတော်အာဏာကို တပ်မတော်က သိမ်းယူခဲ့တာဟာ တိုင်းပြည်ချောက်ထဲကျဖို့လက်တစ်လုံး  အလိုကြောင့်လို့  ရေးသားဖော်ပြခဲ့တာရှိကြောင်း။ တကယ်ပဲတိုင်းပြည်ချောက်ထဲကျမယ့် အခြေအနေတွေရှိခဲ့ သလားဆိုတာကို အမှန်အတိုင်း ဖော်ထုတ်ရေးသားဖို့လိုကြောင်း။ အလားတူ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပါတီကအနိုင်ရခဲ့ပေမယ့် တပ်မတော်က  နိုင်ငံတော်လိုအပ်ချက်ကြောင့်ဆိုပြီး အာဏာသိမ်းခဲ့ကြောင်းနှင့်နှစ်ပေါင်း ၂၀ ကျော် စစ်အစိုးရက အုပ်ချုပ်ခဲ့တဲ့အတွက် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းထဲ ဝင်ခဲ့သလို မြန်မာနိုင်ငံသား ၄သန်းကျော်ဟာလည်း နိုင်ငံတကာထွက်ပြီး ဆင်းရဲ ဒုက္ခမျိုးစုံ ခံစားနေရတဲ့ အခြေအနေမှန်တွေကို အမှန်အတိုင်း ရေးသားဖို့လိုတယ်။ အဲဒီဖြစ်မှန် ရပ်တွေကို ရဲရဲဝံ့ဝံ့ ရေးဖို့တိုက်တွန်းရတာဟာ နောက်ထပ်အာဏာရှင်တွေ ပြန်ပေါ်မလာဖို့အတွက် သမိုင်းမှတ်တမ်းပြုစုဖို့ လိုအပ်တာကြောင့်ဖြစ်ပြီး ထက်မြတ်တဲ့  သမိုင်းပညာရှင်တွေ ပေါ်ထွက် လာဖို့အတွက် ရည်ရွယ်တယ်။ အဲ့ဒီမြန်မာသမိုင်းပြုစုရေးရာမှာ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ သမိုင်းမတင်မှီခေတ်၊ ပဒေသရာဇ်ခေတ်၊ လွတ်လပ်ရေးကြိုးပမ်းမှုခေတ်၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်း၊ယနေ့ခေတ်ဆိုပြီး သက်ဆိုင်ရာခေတ်အလိုက် ကျွမ်းကျင်တဲ့သမိုင်းပညာရှင်တွေက ဦးစီးရေးသားကြမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

    သမိုင်းကော်မရှင် ဥက္ကဋ္ဌတစ်ဦးအနေဖြင့် တာဝန်ယူလုပ်ဆောင်ရမည့် ဝန်ကြီးမင်းသည် မြန်မာ့သမိုင်း ဖြစ်ရပ်မှန်များကို မော်ကွန်း တင်စေလိုဟန်ရှိသည်။ မှတ်ကျောက်တင်ခံစေလိုဟန် ရှိသည်ကို ပြည်သူလူထုကြီးက သတိပြုမိပါသည်။ သမိုင်းမှတ်တမ်းများကို

    ပြုစုရေးသားတင်ပြကြ မည့်၊တည်းဖြတ်ကြမည့် ပညာရှင်များသည် ပုဂ္ဂိုလ်စွဲ၊ အတ္တစွဲ၊ဆရာစွဲ၊ လူမျိုးရေး၊ဘာသာရေး၊ ကျဉ်းမြောင်းသည့် ဝါဒစွဲများများကို အတတ်နိုင်ဆုံး ကင်းရှင်းဖို့လိုအပ်ပါလိမ့်မည်။

    ထို့ကြောင့်လည်း သမိုင်းကော်မရှင် ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဝန်ကြီးမင်းသည် မြန်မာ သမိုင်း ရာဇဝင်တွင်မည့် ကြီးလေးသော တာဝန်ရပ်ကြီးတစ်ရပ်ကိုယူထားရသည်ဟု ပြည်သူလူထု ကြီးက နားလည်ထားပါသည်။ ဝန်ကြီးမင်း၏စေတနာမှန်မည်။  လုပ်ရပ်မှန်မည်ဆိုလျှင် Hero ဟီးရိုး ဖြစ်မည်။ သို့မဟုတ်ပါက zero ဇီးရိုးဖြစ်သွားပေလိမ့်မည်။ သမိုင်းသေသွား ပေလိမ့်မည်။ သို့ဖြစ်ရာ ဝန်ကြီးမင်းသည် တာဝန်ယူမှု့၊ တာဝန်သိမှု့၊ တာဝန်ခံမှု အပြည့်အဝ ရှိရပေလိမ့်မည်။

    စစ်အာဏာရှင်စနစ်အောက် နှစ်၅၀ကျော် နေခဲ့ရသည့် မြန်မာပြည်သူလူထုကြီးသည် ယခုလို NLD ဦးဆောင်သည့် အရပ်သားအစိုးရလက်ထက်တွင် မိမိတို့ရဲ့ ရင်တွင်းဖြစ် ခံစားချက် သမိုင်းအဖြစ်အပျက် မှတ်တမ်းများကို ဝန်ကြီးမင်း၏ မြန်မာ့သမိုင်း  စာမျက်နှာတွင် ထည့်သွင်းဖော် ပြစေလိုပါသည်။ ယင်းတို့မှာ
    ၁။ ၁၉၆၂ မတ်လ ၂ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော စစ်အစိုးရသည် ပါလီမန် ဒီမိုကရေစီ စနစ်ကို ဖျက်သိမ်းခဲ့သည်။ ပြည်သူလူထုရွေးကောက် တင်မြှောက်ထားသော အစိုးရ တစ်ရပ်ကို လက်နက်အားကိုး အာဏာသိမ်းခဲ့ရသည့်ဖြစ်ရပ်များ။

    ၂။ ၁၉၆၂ ခု ဇူလိုင်လ (၇) ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးအတွက် သန္ဓေတည်ခဲ့သော သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး အပ်တိုတစ်ချောင်းမျှ မရှိသော ဆန္ဒပြတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို  ရက်ရက်စက် စက်သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်း အကြမ်းဖက် သတ်ဖြတ်ဖမ်းဆီးထောင်ချခဲ့သည့်ဖြစ်ရပ်များ။

    ဆက်လက်ဖော်ပြပါမည်။

  • စစ်ဘေးရှောင်များကူဖို့ ရန်ပုံငွေရှာ ဈေးရောင်းပွဲ မြန်မာမွတ်စလင်မ် အရပ်ဘက် အဖွဲများ ပါဝင်ရောင်းချ

    စစ်ဘေးရှောင်များကူဖို့ ရန်ပုံငွေရှာ ဈေးရောင်းပွဲ မြန်မာမွတ်စလင်မ် အရပ်ဘက် အဖွဲများ ပါဝင်ရောင်းချ

    နိုဝင်ဘာ ၂၆ ၊ ၂၀၁၆
    M-Media
    သတင်း-နေသစ်ထွန်း
    15232146_10206257268271157_3193615147808051060_n
    ရန်ကုန်မြို့ ပြည်သူရင်ပြင်၌  ကချင်နှင့် ရှမ်းပြည်နယ် စစ်ဘေးရှောင် ပြည်သူများထံ ပံ့ပိုးကူညီရေး ရန်ပုံငွေရှာ ဈေးရောင်းပွဲတော် တွင် မြန်မာမွတ်စလင်အရပ်ဘက် လူမှူအဖွဲ့အစည်း ၉ ဖွဲ့ စုပေါင်း၍  ဆိုင်ခန်းဖွင့်လှစ်ရောင်းချခဲ့သည်။

    ” ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှ ဖြစ်ပွားနေတဲ့ စစ်ပွဲ ပဋိပက္ခတွေချုပ်ငြိမ်းစေဖို့ စစ်ဘေး ပဋိပက္ခသင့်ပြည်သူတွေ နဲ့တသားထည်းထပ်တူ ခံစားနာကျင်နေကြောင်းကို ဖော်ပြနိုင်ဖို့ နဲ့ ပြည်တွင်းစစ် ပဋိပက္ခတွေ အမြန်ဆုံး ရပ်ဆိုင်းစေဖို့ ရည်ရွယ်ပြီး အခုလို ဆိုင်ခန်း ဖွင့်လှစ်ရောင်းချတာပါ.။ ရောင်းချငွေ အားလုံးကို ဈေးရောင်းပွဲတော် စီမံမှုကော်မတီက တဆင့် စစ်ဘေးသင့် ပြည်သူတွေထံ လှူဒါန်းသွားပါမယ် ” လို ဆိုင်ခန်း တာဝန်ခံ မဒါလီမြင့်ပြောပါသည်။

    ယင်းဈေးရောင်းပွဲတော်တွင် Social Alliance, OEJM, သစ္စာကွန်ရက်, MMSN, အလင်းစက်ဝန်း,  ရွေးလက်ယာ အင်စတီကျူ,Thirty Stars. Equal စသော လူမှုအဖွဲ့အစည်း ၉ ဖွဲ့မှ စုပေါင်း ဆိုင်ခန်းဖွင့်လှစ်ခဲ့သည်။  ယင်းရန်ပုံငွေ ဈေးရောင်းပွဲတော်ကို စမ်းချောင်း မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့က ဦးစီးကျင်းပခဲ့ခြင်း ဖြစ်သည်

    15230784_10206257269231181_4894756668741923576_n

  • မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းနှင့် မွတ်စလင် အဘွားများ သုခရိပ်သာသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အလှူငွေများ ပေးအပ်လှူဒါန်း

    မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းနှင့် မွတ်စလင် အဘွားများ သုခရိပ်သာသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အလှူငွေများ ပေးအပ်လှူဒါန်း

    13532835_1030447270416472_6556049299254283666_n

    ရန်ကုန် နိုဝင်ဘာ ၂၄

    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် သံတမန်လမ်းရှိ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော် မေရီ ချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းသို့ အလှူငွေကျပ် သိန်း သုံးဆယ် ပေးအပ်လှူဒါန်းခဲ့သည်။

    အခမ်းအနားတွင် မေရီချက်(ပ်) မင်း နားမကြားသော ကလေး များကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်သိန်းက ကြိုဆိုနှုတ်ခွန်း ဆက်စကားနှင့် ကျောင်းသမိုင်း အကျဉ်းချုပ်ကို ရှင်းလင်းပြောကြားသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမှာစကား ပြောကြားသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးက အလှူငွေများ ပေးအပ် လှူဒါန်းပြီး ကျောင်းအုပ်ဆရာမကြီးက ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျောင်းအတွင်း နားမကြား သောကလေးများ လက်တွေ့သင်ကြားနေမှု များ၊ ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးမှုအစီအစဉ်များကို လှည့်လည် ကြည့်ရှုသည်။

    မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းသည် နားမကြား သောကလေးများကို ပညာသင်ကြားပေးရန်နှင့် ပညာသင်ကြားပေးမည့် ဆရာ ဆရာမများ မွေးထုတ်ပေးရန် ရည်ရွယ်လျက် ၁၉၂ဝ ခုနစ်တွင် ဗြိတိသျှအမျိုးသမီး Ms. Mary Chapman က ဖွင့်လှစ်ပေးခဲ့သည်။ ယခုပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ ၃၇ဝ ကျော် ပညာသင်ကြားလျက်ရှိသည်။

    ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သင်္ဃန်းကျွန်းမြို့နယ် သုခလမ်းရှိ ကျိုလီယာမွတ်စလင် သာသနာ့ရန်ပုံငွေအဖွဲ့မှ ဦးစီးဖွင့်လှစ်ထားသည့် အဘွားများ သုခရိပ်သာသို့ အလှူငွေကျပ် သိန်းနှစ်ဆယ် ပေးအပ်လှူဒါန်းသည်။

    (သတင်းစဉ်) MOI