News @ M-Media

Author: M-Media

  • အခုချစ် အခုဆဲ ရွှေတို့ပွဲ (သရော်စာ)

    အခုချစ် အခုဆဲ ရွှေတို့ပွဲ (သရော်စာ)

    အောက်တိုဘာ၊ ၃၁၊ ၂၀၁၂

    ဝါလုံးရှည်အတီး /Facebook

    ဦးခင်ရီ။ ။ကျနော့်ဖက်က တရားဝင်ပြောရမယ်ဆိုရင်တော့ ရိုဟင်ဂျာဆိုတာက ကျနော်တို့ လူမျိုးထဲမှာ မပါဘူး။၁၉၈၂ ဥပဒေ သည် ၆ နှစ် ကြာ ရေး ဆွဲ ခဲ့ ခြင်း ကြောင့်၊ပညာရှင် များ စွာ ဖြင့် ရေး ဆွဲ ခဲ့ ခြင်း၊တိုင်း ပြည် ဒေ သ အ နှံ့ အ ပြား သို့ ချ ပြ ဆွေး နွေး ခဲ့ သောကြောင့်၊ယနေ့ခေတ် စါးလါ နေ သော လူ့အခွင့်အရေး။ ခလေးအခွင့်အရေး များနှင့် ကိုက်ညီမှု ၇ှိ နေ ပါ သော ကြောင့် လုံးဝ ပြင်ဆင်ဖို့မလိုအပ်ပါခင်မျာ။

    ပရိတ်သတ်များ။ ။ ကြိုက်တယ်။ အစိုးရဆိုတာ ဒီလိုပြတ်ပြတ်သားသား ဖြစ်နေရမယ်။ ဘယ်သူဘာပဲပြောပြော ကျွန်တော်တို့ကတော့ ဦးခင်ရီလို အမှန်တရားကိုရဲဝင့်စွာ ပြောကြားသူကို မလေးစားပဲ မနေနိုင်ဘူးဗျာ။ဦးခင်ရီနဲ့ အဖွဲ့သားများ ကျန်းမာ ချမ်းသာပါစေဗျာ။

    ဦးခင်ရီ။ ။ ဟုတ်ကဲ့ အခုလို အားပေးကြတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်ပြောချင်တာကတော့ ကျွန်တော်တို့နိုင်ငံမှာ ခိုးဝင်တဲ့ လူများ လုံးဝမရှိပါဘူးခင်မျာ။

    ပရိတ်သတ်များ။ ။ ဟ ဒီငမူး၊ မူးမူးရူးရူးနဲ့ ဘာတွေ လျှောက်ပြောနေပြန်ပြီလဲ မသိပါဘူး။ ဒီလို ကောင်တွေအုပ်ချုပ်လို့ကတော့ တိုင်းပြည်ပျက်ပါပြီကွာ။ ရုပ်ကိုက ကျက်သရေမရှိဘူး။
    _______________________________________________________________________________
    သမ္မတရုံးမှ မှူးဇော်။ ။ ဘင်္ဂလီလက်နက်ကိုင်များ ရေကြောင်းမှတဆင့် စက်လှေများဖြင့် ဝင်ရောက်ကာ စစ်တွေမြို့ အား လောင်ချာများဖြင့် ပစ်ခတ်သွားပါကြောင်း၊ ဆက်လက်၍ ကျူးကျော်လာသူ ဘင်္ဂလီများအား တပ်မတော်စစ်ကြောင်းများမှ ရှာဖွေကာ ချေမှုန်းဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းများ ရရှိထားပါသည်ခင်မျာ။

    ပရိသတ်များ။ ။ ။ အခုလို မှန်ကန်တိကျတဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီထုတ်ပြန်ကြေငြာပေးတဲ့ အတွက်အလွန် ကျေးဇူးတင်ပါတယ် ကိုမှူးဇော်ခင်မျာ။ နောက်ထပ်လည်း ဒီလို သတင်းတွေကို အမှန်အတိုင်း ထုတ်ပြန်ပေးပြီး တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ဆထက်ပိုးထမ်းဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပေးလိုက်ပါတယ်ခင်မျာ။

    သမ္မတရုံးမှ မှူးဇော်။ ။ ဟုတ်ကဲ့။ ရခိုင်ဒေသမှာရှိတဲ့ မွတ်စလင်တွေကို အတိုက်ခိုက်ခံ နေရခြင်းမှာ အမှန်ပင်ဖြစ်ကြောင်းကို သမ္မတကြီး ဦးသိန်းစိန်မှ ဝန်ခံပြောကြားလိုက်ပြီဖြစ်ပါတယ်ခင်များ။

    ပရိတ်သတ်များ။ ဟေ့ရောင် သောက်ရူး မှူးဇော်။မင်းကိုမင်းဘာထင်နေလဲကွ ဟေ။ မင်းဒီလိုပြောလိုက်တဲ့ စကားရဲ့ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့အကျိုးကို မင်းနားမလည်ဘူးလားကွ။ ဟင် သူတောင်းစား။ မင်းလို ဘာမှ သောက်ဆင့် မရှိ ပြောရေးဆိုခွင့်မရှိတဲ့ကောင်ဆီကလာတဲ့ သတင်းကို တို့ကတော့ ဘယ်လိုမှ မယုံဘူးဟေ့။ဒီကောင် အလကားကောင်ပါကွာ။ သောက်ရှက်လဲ တစက်မှရှိမဲ့ပုံ မပေါ်ပါဘူး။

    နောက်ထပ် အလှည့်ကျသူ တယောက်ကတော့??????????????

  • စစ်မှန်သည့် နိုင်ငံကြိးသား စိတ်ဓါတ်

    စစ်မှန်သည့် နိုင်ငံကြိးသား စိတ်ဓါတ်

    အောက်တိုဘာ၊ ၃၁၊ ၂၀၁၂
    Ko Navana/FaceBook
    ဒုတိယကမ္ဘာစစ်ကြီး ဖြစ်တော့.. အင်္ဂလန်နဲ့ဂျာမဏီ.. သဲသဲမဲမဲ တိုက်တယ်..။ အထူးသဖြင့်.. ဝေဟင်ကနေ.. လေယာဉ်တွေနဲ့ သူ့ဖက်ကိုယ့်ဖက် မြို့ကြီးတွေကို အပြိုင်အဆိုင် ဗုံးကြဲတယ်..။ အင်္ဂလန်ဖက်ခြမ်းက လန်ဒန်မြို့ ကြီး.. ဂျာမန်တွေရဲ့  ဗုံးဒဏ်အောက်မှာ.. ဖွတ်ဖွတ်ကြေရသလို- ဘာလင်၊ မြူးနစ်အစရှိတဲ့ ဂျာမန်မြို့ ကြီးတွေလည်း.. အထိနာရရှာတယ်..။ ဒါပေမယ့်.. အဲသလောက် သဲကြီးမဲကြီး တိုက်ခိုက်နေတဲ့ကြား မှာပဲ.. အင်္ဂလန် နဲ့ ဂျာမဏီ သဘောတူညီချက်တစ်ခု ထားရှိတယ်..။

    ဂျာမန်တွေက.. အောက်စဖို့ နဲ့ ကိန်းဗရစ် ကို လုံးဝ ဗုံးမကြဲဘူး..။ အပြန်အလှန်အားဖြင့်.. ဟိုက်ဒဲလ်ဘတ် နဲ့ ဂေါ့တင်ဂျင် ဆိုတဲ့ ဂျာမန်မြို့ ကြီးနှစ်မြို့ ကိုလည်း အင်္ဂလိပ်က ဗုံးမကြဲရဘူး..။

    အဲဒီ သဘောတူညီချက်ကို နှစ်ဦးနှစ်ဖက် အပြည့်အ၀ လိုက်နာကြတယ်..။ စစ်မက်ဆိုတာ.. မရှိစကောင်းတာမှန်ပေမယ့်.. မရှောင်သာလို့ ဖြစ်ကြရပြီဆိုသော်မှ- တဖက်နဲ့တဖက် အပြန်အလှန်တန်ဘိုးထားကြတာ ဟာ.. သိပ်လေးစားစရာကောင်းတဲ့ လူ့ယဉ်ကျေးမှုတစ်ခုလို့ မြင်မိတယ်..။

    ငယ်တုံးက.. ” နိုင်ငံကြီးသား ပီသကြ ” ဆိုတဲ့စကားကို ယောင်တောင်ပေါင်တောင် ကြားမိတော့.. နိုင်ငံကြီးသားဆိုတာ- နိုင်ငံအကြီးကြီးက လူတွေလို့ ထင်ခဲ့တယ်..။ နောက်မှ.. နိုင်ငံကြီးသားဆိုတာ.. မြေဧရိယာကျယ်ဝန်းတာနဲ့မဆိုင်ဘဲ.. စိတ်ဓါတ်ရေးရာ ကျယ်ဝန်းတာနဲ့ဆိုင်မှန်း သိလာရတယ်..။

    ဒုတိယကမ္ဘာစစ်ကြီး ပြီးခါနီး.. မြန်မာနိုင်ငံထဲက ဂျပန်တွေကို.. အင်္ဂလိပ်ဦးဆောင်တဲ့မဟာမိတ်တပ်တွေက ပြန်တိုက်ထုတ်ဖို့ အိန္ဒိယမှာ.. အစည်းအဝေးလုပ်တယ်..။ အဲဒီ အစည်းအဝေးမှာ.. တစ်ယောက်က ထ-အကြံပေးတယ်..။ ” ဖက်ဆစ်ဂျပန်တွေက.. မြန်မာလူမျိုးတွေ အထွတ်အမြတ်ထားတဲ့.. ရွှေတိဂုံစေတီတော်ထဲက ဌာပနာတွေဖောက်သွားတယ် ” လို့ သတင်းလွှင့်လိုက်ရင် မကောင်းဘူးလားတဲ့..။ ဒီဖက်ခေတ်အထိ.. မကြာမကြာ ကြားရလေ့ရှိတဲ့.. မန္တလေး မဟာမြတ်မုနိ ဘုရားကြီး ဗိုက်ဖောက်ခံရတယ် ဆိုတာမျိုးပေါ့..။

    အဲသလို သတင်းမျိုးဟာ.. ဗုဒ္ဓဘာသာမြန်မာလူမျိုးများအတွက် ဆတ်ဆတ်ထိမခံ-နာနာကြည်းကြည်း ဖြစ်မယ်ဆိုတာ သေချာသိလို့.. အကြံပေးသူက အညှာထကိုင်တာပဲ..။ ဒါပေမယ့်.. အဲဒီအကြံကို ကျန်သူတွေက ” အောက်တန်းကျတဲ့ အကြံ ” အဖြစ် သတ်မှတ်ပြီး.. အဲဒီအဆိုကို ပယ်ချခဲ့ကြတယ်..။ ရန်သူဖြစ်ပစေ.. စိတ်ဓါတ်ရေးရာ-ကျယ်ဝန်းတာကို လေးစားဦးညွှတ်အတုယူသင့်တယ်..။ မိတ်ဆွေ ဖြစ်ပစေ.. စိတ်ဓါတ်ရေးရာ-ကျဉ်းမြောင်းရင်.. မထောက်ခံသင့်ဘူး..။

    အဲဒါဟာ.. နိုင်ငံကြီးသား ပီသတာပါပဲ..။

    ဒီနေ့ 7 days News မှာ.. ဘင်္ဂလားဒေ့ရှ်က.. အဖျက်အဆီးခံရတဲ့ ဗုဒ္ဓသာသနိကအဆောက်အဦတွေကို ၀န်ကြီးချုပ်ကိုယ်တိုင်.. ပြန်လည်တည်ဆောက်ပေးမယ်လို့ အာမခံတဲ့ သတင်း ဖတ်ရတယ်..။ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ဟာ.. မွတ်ဆလင်ဖြစ်ပေမယ့်.. အစိုးရဟာ.. မွတ်ဆလင်မဟုတ်ဘူးဆိုတာကို အဲဒီသတင်းက.. သက်သေပြလိုက်တာပဲ..။

    ဟိုးလွန်ခဲ့တဲ့.. လေးငါးလလောက်က.. မြန်မာနိုင်ငံအလယ်ပိုင်းကျောက်ပန်းတောင်းမြို့ မှာ.. ဗလီလို့ ထင်မြင်ယူဆရတဲ့.. မွတ်ဆလင်နေအိမ်တစ်လုံးကို.. မြို့ ခံ လူထုက.. စက်ကိရိယာစုံစုံလင်လင်နဲ့ ၀ိုင်းဝန်းဖြိုဖျက်ပစ်ခဲ့တယ်..။ တွေ့မြင်နေကျ ဗလီတွေရဲ့ ဗိသုကာ လက်ရာမျိုး.. အဲဒီအိမ်မှာ.. မရှိနေတာတော့ သေချာတယ်..။ သို့သော်.. ဒေါသထွက်-မခံမရပ်နိုင်ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်လူအများကို ဖျောင်းဖျ ပေးနေတဲ့ မြို့ ခံ ဆရာတော်ကြီးကိုယ်တိုင် အိမ်အတွင်းဝင်သေချာစစ်ဆေးပြီး အဲဒီအိမ်ဟာ.. ဗလီအင်္ဂါရပ်များနဲ့ ညီညွတ်ကိုက်ညီကြောင်း သုံးသပ်ဆုံးဖြတ်ပေးခဲ့တယ်လို့ သိရတယ်..။

    အကျိုးဆက်ကတော့.. ၀ိုင်းဝန်းဖြိုဖျက်ပွဲကို.. တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့.. စိတ်ကြိုက်လုပ်ဆောင်ခွင့် ရခဲ့တယ်..။

    နိုင်ငံတော် ဥပဒေအရ.. ကျောက်ပန်းတောင်းမှာ.. ဗလီဆောက်ခွင့် ရှိချင်မှ ရှိမယ်..။ မရှိဘူးပဲထား..။ ဗလီလို့ ထင်မြင်ယူဆရတဲ့ အိမ်တစ်လုံးကို.. ဥပဒေပ- စိတ်ကြိုက်ဖြိုဖျက်လို့တော့.. ဘယ်ဖြစ်မလဲ..။ ဥပဒေ ရှိရင်.. ဥပဒေအတိုင်း.. စစ်ဆေး၊အတည်ပြုပြီး ဆောင်ရွက်သင့်တာ ဆောင်ရွက်ကြရမှာပေါ့..။

    အုပ်ချုပ်သူ.. အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်ကလည်း.. အခုလိုမျိုး ဥပဒေပ စိတ်ကြိုက်ဖြိုဖျက်တာကို.. ရေငုံနှုတ်ပိတ်မနေသင့်ဘူး..။ အစိုးရအဖွဲ့ဝင်- လူကြီးမင်းများဟာ.. ဗုဒ္ဓဘာသာဝင် သူတော်စင်များ ဖြစ်သည့်တိုင်.. အစိုးရဟာ.. ဗုဒ္ဓဘာသာအစိုးရ ဖြစ်လို့မရဘူး..။ နိုင်ငံတော်အစိုးရဆိုတာ.. နိုင်ငံတော်ထဲက.. ပြည်သူအားလုံးကို ကိုယ်စားပြုတာမို့.. အင်အားကြီးတဲ့ လူမျိုးတစ်မျိုး-ဘာသာတစ်ခုကို ကွက်ပြီး ကိုယ်စားပြုလိုက်လို့ မရဘူး..။

    ဒီလိုတွေ ပြောလို့.. မွတ်ဆလင်တွေမှန်တယ်လို့ ဇွတ်ကြေငြာနေတာ-ဇွတ်ထောက်ခံနေတာ မဟုတ်ဘူး..။ ကိုယ်က အင်အားကြီးလို့ နိုင်စားတော့.. ကိုယ်အင်အားနည်းတဲ့နေရာတွေမှာ.. ပြန်ပြီး နိုင်စားခံရမှာတွေ သိနေလို့.. ပြောနေရတာပဲ။ မင်းတို့က.. ဒီလိုလား။ ငါတို့က ဒီလိုကွ နဲ့ အပြန်အလှန်ဖျက်ဆီးနေကြလို့ကတော့.. ထွက်ပေါက်မမြင်ထင်ရာတိုးဝှေ့ပြီး အားလုံးအလဲလဲအပြိုပြို နဲ့ ကျဉ်းမြောင်းတဲ့စိတ်ဓါတ်တွေကို မြေတောင်မြှောက်ပေးသလို ဖြစ်နေကြမှာပဲ..။

    ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ… စစ်ဖြစ်တာတောင် စည်းနဲ့ကမ်းနဲ့ ဖြစ်တယ်။ မယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကတော့.. ယဉ်ကျေးအောင်သွန်သင်ပေးတယ်လို့တဖွဖွအာမခံနေတဲ့ ဘာသာတရားတွေကို ဦးထိပ်ပန်ဆင်ပြီး.. အဲဒီဘာသာတရားတွေကြောင့်ပဲ.. စည်းမဲ့ကမ်းမဲ့-ပရမ်းပတာ ရန်ပွဲတွေဆင်နွဲကြတယ်..။

    ကိုယ်က နိုင်စားလိုက်ရတော့.. ပျော်တယ်..။ ကိုယ့်အနိုင်စား ခံရတော့.. ခံပြင်းဒေါသထွက်တယ်ဆိုတာ.. မယဉ်ကျေးတဲ့အဖွဲ့အစည်းရဲ့  သရုပ်သကန်ပဲ..။ လောကမှာ.. ကိုယ်ကအမြဲနိုင်စားရတယ် ဆိုတာ.. ဘယ်တုံးကမှ မရှိသလို-ဘယ်တော့မှလည်း ရှိလာမှာ မဟုတ်ဘူး..။ ခံရသူဟာ.. ချက်ခြင်းအခွင့်မသာတောင်မှ.. အချိန်ယူ-အင်အားစု-နိုင်ချေပေါ်တာနဲ့ ပြန်ချမှာမို့.. တချိန်ချိန်၊ တနေရာရာမှာ.. ပြန်ပေးဆပ်ရဖို့ ရှိတယ်..။

    ဒီလိုပြောလို့.. သူတို့လုပ်သမျှ ကျုပ်တို့က ငြိမ်ခံနေရမှာလား လို့ စောဒက တက်ချင်စရာရှိတယ်..။ ကိုယ်က အင်အားကြီးနေပြီး ကိုယ့်ဖက်က.. သဘောထားကြီးရင် အင်အားနည်းသူအနေနဲ့ အလိုလို နောက်ဆုတ်သွားမှာပဲ..။ သူ့ဖက်က ဆိုးလာသည့်တိုင်.. အခြေအနေအရပ်ရပ်ကို ထောက်ချင့်ပြီး မှန်မှန်ကန်ကန် တုန့်ပြန်နိုင်ဖို့ သိပ်အရေးကြီးပါတယ်..။ နို့မို့ဆိုလို့ကတော့.. ဆင်လည်း ဆင်အထာ-ဆိတ်လည်း ဆိတ်အထာ နဲ့.. အပြန်အလှန်ဖျက်ဆီးနိုင်တာမို့.. နှစ်ဦးနှစ်ဖက် အထိနာဖို့ပဲ ရှိပါတယ်..။

    မြောက်ကိုရီးယားက.. မကြာခင်က.. တောင်ကိုရီးယား စစ်သဘောင်္တစ်စီးကို နှစ်မြုပ်ပစ်လိုက်တယ်..။ နယ်စပ်ကနေ အမြှောက်နဲ့လည်း မကြာမကြာ လှမ်းပစ်လေ့ရှိတယ်..။ တကယ်တမ်း စစ်တိုက်ရင်.. မြောက်ကိုရီးယား သေချာပေါက်နိုင်မယ်လို့ ပြောမရသလို- တောင်ကိုရီးယားရှုံးမယ်လို့လည်း ကံသေကံမ မဆိုနိုင်ပါဘူး..။ သို့သော်.. ဖြစ်ပေါ်လာနိုင်ဖွယ် အကျိုးဆက်အရပ်ရပ်ကို ထောက်ချင့်ပြီး.. မင်းတစ်စီး-ငါတစ်စီး ပြန်မြုပ်၊ မင်းတစ်ချက်.. ငါတစ်ချက် ပြန်ပစ်.. တောင်ကိုရီးယားမလုပ်ဘူး..။

    တဖက်က အဆိုးနဲ့ပြုမူရန်စလာသည့်တိုင်.. အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်ပြီး.. ရှောင်သင့်ရှောင်-ရှားသင့်ရှား တာဟာ.. သူရဲဘောနည်းတာ-ကြောက်တာမဟုတ်ဘူး..။ အမျှော်အမြင်ကြီးတာသာ ဖြစ်တယ်..။

    ဆိုတော့.. မြန်မာပြည်သူအများ.. ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လမ်းရာမှာ.. အင်အားကြီးသူ-ကြီးသူအလျှောက်၊ အင်အားနည်းသူ-နည်းသူအလျှောက်.. လူမျိုးရေး-ဘာသာရေး စိတ်နေစိတ်ဓါတ်ကျယ်ဝန်းသူများ ဖြစ်ပါမှ.. မြန်ပြည်တလွှား-ငြိမ်းချမ်းသာယာတဲ့ အနာဂါတ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း..။

    မူရင်း ရေးသားသူ  …  Ko Navana

    မူရင်းလင့်ခ် …     http://www.facebook.com/ko.navana/posts/4825296471937

  • “ရခိုင်ပြဿနာ ငြိမ်းချမ်းရန် လုပ်သင့်လုပ်ထိုက်သည့် အချက်များ”

    “ရခိုင်ပြဿနာ ငြိမ်းချမ်းရန် လုပ်သင့်လုပ်ထိုက်သည့် အချက်များ”

    အောက်တိုဘာ၊ ၃၁၊ ၂၀၁၂

    Aung Kyaw Moe /FaceBook

    ပဋိပက္ခ မီးလျှံ အတွင်း က လူသား တွေ မှာ ဒုစရိုက်ပယောဂ တွေ ပူးကပ် ခံ နေကြရပြီ။
    ကိုယ့် စိတ် ကိုယ် မပိုင် တော့ ကိုယ် နှလုံးသား ကိုယ် မပိုင်တော့ လုပ်မိလုပ်ရာ ရက် စက်မှု တွေ လုပ်ကြတယ်။ ဒီ တစ်ခါ တော့ နှစ်ဖက် စလုံး အကြီးအကျယ် အထိ နာ ကြပါတယ်။ အစ္စလာမ်ဘာသာဝင် တွေ လဲ အများကြီး ရက်စက်မှု သတ်ဖြတ်မှု တွေ ခံ ရသလို ရခိုင် တွေ လဲ အများကြီးသေကြေပျက်စီးပါတယ်။ ဒီ ရူးသွပ်မိုက်မဲမှု တွေ ကို အားလုံး ရပ်တန်းက ရပ်သင့် ကြ ပါပြီ။ မိစ္ဆာပယောဂ အမှောင်ဓါတ်တွေ ကို မေတ္တာ တရား ကသာ ကုစား ပေးနိုင် ပါလိမ့်မယ်။

    အခု ကိစ္စ မှာ လဲ စဖြစ် ကတည်း က အစိုးရ+ဘုန်းကြီး+လူမှုအဖွဲ့အစည်း တွေ က ၀င်ရောက် ဖြန်ဖြေ ပေးရင် ဒီလောက် မဆိုးဝါးနိုင်ပါဘူး။

    ရှင်းရှင်းပြောရ ရင် စစ်တကောင်းဘင်္ဂလီ တွေ ထဲ မှာ မြန်မာ့မြေမှာ နှစ် ရာချီ နေလာတဲ့ မျိုးရိုးစဉ်ဆက် ရှိသူတွေ ရှိနေတယ်။ ဒီလူတွေ ကို နိုင်ငံသား အဖြစ် သတ်မှတ်ပေးဖို့ လို တယ်..နိုင်ငံသား အခွင့်အရေးတွေ အားလုံးပေးဖို့ လိုတယ်..။ မွတ်စလင်တွေ များ လာရင် တို့ ဗုဒ္ဓဘာသာတော့ ပျက် တော့ မဟဲ့ ဆိုတဲ့ စိုးရိမ်စိတ် နဲ့ အမှန်တရား ကို မျက်ကွယ်ပြုပြီး ဆန္ဒဂတိ ဘယာဂတိတွေ နဲ့ ဆုံးဖြတ်ကြရင် တော့ အလွဲကြီးလွဲ လို့ အမှားကြီး မှားလိမ့်မယ်။

    လုပ်သင့်လုပ်ထိုက်တဲ့ အဆင့်တွေ ကို ပြောမယ်။

    (၁) အခြေအနေတွေ ကို ငြိမ်ဝပ်ပိပြားအောင် ချက်ချင်းထိန်းသိမ်းရမယ်။ လိုအပ်ရင် အင်အားသုံးရမယ်။ စစ်တပ် က အရပ်ဖက် အုပ်ချုပ်ရေး နဲ့ ညှိနှိုင်းဆောင်ရွက် ရမယ်။ ပဋိပက္ခဖြစ်နေတဲ့ လူမျိုးစု တွေ ကို သီးခြားခွဲထားရမယ်။ လူနည်းစုတွေ ကို စစ်တပ် က အကာအကွယ် ပေးထားရမယ်။

    (၂) နိုင်ငံသား ဥပဒေ ကို အမျှတဆုံး ဖြစ်အောင် ပြန်လည်ပြဋ္ဌာန်းရမယ်။ နိုင်ငံတကာ က သမိုင်းပညာရှင်တွေ ဥပဒေပညာရှင်တွေ အကူအညီကိုယူရမယ်။ နိုင်ငံသား ဥပဒေ ဟာ အမျိုးဘာသာသာသနာ ဆိုတာ ကို ကျဉ်းမြောင်းစွာ အခြေမခံပဲ လူမျိုးအားလုံး ဘာသာဝင်အားလုံး အခွင့်အရေးအညီအမျှ ပါဝင်နိုင်တဲ့ မျှတတဲ့ ဥပဒေ ဖြစ်ဖို့ လို တယ်။

    (၃) အစိုးရ+ဘုန်းကြီး+လူမှုအဖွဲ့အစည်း တွေ ကိုယ်တိုင်ဦးဆောင်ပြီးတော့ ဘင်္ဂလီ ရခိုင် ကမန် မခွဲခြားပဲ လူသားချင်းစာနာမှု အကူအညီတွေ ကို အညီအမျှ ပေးကြရမယ်။ ဗုဒ္ဓဘာသာ ဆရာတော် တွေ ဦးဆောင်ပြီး လုပ်ကြရမယ်။ လူထု ကို ငြိမ်းချမ်းရေး နဲ့ မေတ္တာ တရား တွေ ဟောရမယ်။ ဗုဒ္ဓဘာသာဝင် တွေ ဟာ ဗြဟ္မစိုရ်တရား နဲ့ နေသူတွေ ဖြစ်ကြောင်း ကို ပြရမယ်။

    (၄) နိုင်ငံသားဥပဒေ အရ နိုင်ငံသားဖြစ်ထိုက်သူ နဲ့ နိုင်ငံသားမဟုတ်သူ တွေ ကို ခွဲထုတ်ရမယ်။ အစိုးရ+ဘုန်းကြီး+လူမှုအဖွဲ့အစည်း တွေ သာ မက နိုင်ငံတကာ ယူအန် အိုင်အန်ဂျီအို အဖွဲ့ပေါင်းစုံး ပူးပေါင်း ပါဝင်ရမယ်။ ပွင့်လင်းမြင်သာရှိရမယ်။

    (၅) နိုင်ငံသားဥပဒေ အရ နိုင်ငံသားဖြစ်ထိုက်သူ တွေ ကို နိုင်ငံသား အခွင့်အရေး အလုံစုံပေးရ မယ်။ မြန်မာနိုင်ငံ အတွင်း မည်သည့် နေရာ မှာ မဆို နေထိုင်ခွင့် ပေးရမယ်။

    (၆) နိုင်ငံသားမဟုတ်သူ တွေ ကို ဒုက္ခသည်တွေ အဖြစ်သတ်မှတ်ပြီး စခန်းတွေ ဖွင့်ထားရမယ်။ နိုင်ငံတကာ ယူအန် အိုင်အန်ဂျီအို အဖွဲ့ပေါင်းစုံ အကူအညီ နဲ့ ယာယီ စောင့်ရှောက်ထားရမယ်.။ တတိယနိုင်ငံတွေ သွားလိုက စီစဉ်ပေးရမယ်။ နိုင်ငံသား ဖြစ်လိုသူတွေ ကို လဲ လိုအပ်တဲ့ အဆင့်ဆင့်သင်တန်းပေးလို့ နိုင်ငံသားဖြစ်မှု အဆင့်ဆင့် လုပ်ရမယ်။

    (၇) အလားတူ အဖြစ်မျိုး တွေ ထပ်မဖြစ်အောင် ဒီမိုကရေစီစနစ် ကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ ကို ပြဋ္ဌာန်းရမယ်။ အစွန်းရောက် မျိုးချစ်ကွန်ယက်တွေ ကို ဖော်ထုတ် အရေးယူရမယ်။

    (၈) မြန်မာ ကလေး တွေ ကို ဒီမိုကရေစီစနစ် ကို ကာကွယ်စောင့်ရှောက်တဲ့ သူတွေ ဖြစ်လာအောင် Liberal Education တွေ ပေးနိုင်ဖို့ နှစ်ရှည် ပညာရေးစီမံချက် တွေ ချမှတ်လုပ်ဆောင် ကြရမယ်။

    ဒီအချက်တွေ ကို မလုပ်ဆောင်ချင်ကြရင်တော့ သွေးခင်းသောလမ်း ကို လျှောက်လို့မျက်လည်ပင်လယ်ဝေကြဖို့ ပဲ ရှိတယ်လို့ ထင်တယ်။

    တစ်ချို့ ကတော့ လူနည်းစုတွေ ကို အုံနဲ့ ကျင်းနဲ့ ဖိချင် ကြတယ်။ တကယ်တော့ ဒီကိစ္စမျိုး က စပရင်လိုပဲ။ များများဖိလေ များများကြွလေပဲ။ ဥပဒေချိုးဖေါက်သူ ဆို ရင် ဘယ်သူ ဖြစ်ဖြစ် အရေးယူရမှာ ပဲ ဖြစ်တယ်။ ဘင်္ဂလီ မို့ ပိုဖိရမှာ မဟုတ်သလို ရခိုင်မို့ အရေးမယူရဘူး လို့ လဲ မဟုတ်ပြန်ဘူး။

    တစ်ချိုကကျတော့လဲ မလေးရှား တို့ ဆော်ဒီတို့ နောက်ဆုံး အီရန် တို့ ဆို တာ တွေ ကို လက်ညိုးထိုးပြပြီး သူတို့ ဆီ မှာ ရော ဒီမိုကရေစီ ပေးလို့လားဆို တာ မျိုး တွေ ထောက်ပြတယ်။ စဉ်းစားကြည့် ပါ.. ဒီနိုင်ငံတွေ က ပွင့် လင်းလွတ်လပ်သော လူ့ အဖွဲ့ အစည်းတွေ မဟုတ်ကြလို့ ကိုယ်တို့ နမူနာ ယူရမဲ့ Ideal တွေ မဟုတ်ပါဘူး။

    သူတို့ ဆီ မှာ တင်းကျပ်တာ တွေ ဖိနှိပ်တာ တွေ ကို လိုက် အတုခိုးပြီး လုပ်နေဖို့ မဟုတ်ဘူး။
    ကိုယ်တို့ တကယ်သွားကြမှာ က ဘာသာရေး အမျိုးသားရေးဇောင်းပေးတဲ့ တိုင်းပြည်မျိုး မဟုတ်တဲ့ အတွက်ပဲ။ ဒီလို သွားနေရင် လဲ တို့ ဆီ က ပြည်တွင်းစစ်မီး က ဘယ်တော့ မှ ငြိမ်းမှာ မဟုတ်ဘူး။

    ကိုယ်တို့ လုပ်ရမှာ က ဒီအချက် တွေပဲ။

    (၁) ဥပဒေအုပ်စိုးမှု Rule of Law ကို ဖော်ဆောင်ရမယ်။
    (၂) ဒီမိုကရေစီ နဲ့ လစ်ဘရယ်ယဉ်ကျေးမှု တန်ဖိုး တွေ ကို မြှင့်တင်ပေးရမယ်။
    (၃) တိုင်းပြည် စီးပွားရေး တိုးတက်မှု နဲ့ တစ်ဦးချင်းဝင်ငွေမြင့်တက်အောင် လုပ်ရမယ်။
    (၄) နိုင်ငံတွင်း မှာ ရှိတဲ့ ဘာသာယဉ်ကျေးမှု အားလုံး လွတ်လပ်စွာ ဖွံ့ဖြိုးခွင့် ပေးရမယ်။
    (၅) Modernization ကို အရှိန်အဟုန်နဲ့ လုပ်ရမယ်။

    မျိုးချစ်မျိုးနှစ်တို့ ရေ…မင်းတို့ ပြောတဲ့ ((ဘာသာဝင်နဲ့..ဘာသာဝင်မဟုတ်တဲ့..သူတွေကိုခွဲခြားတဲ့….လူ့အခွင့်အရေး..(ဘာသာရေး၊စီးပွားရေး) အခွင့်အရေး..တန်းတူမရဘူးဆိုတဲ့.)) စိတ်ကူး က တော့ တော်တော် နံ တဲ့ စိတ်ကူးပဲ ကွ။ ရေနာနာ ဆေးပလိုက်ပါ။ ဒီ အတွက် နဲ့ ဒီလောက် စတေးခံခဲ့ ရတယ် ဆို ရင် တော့က မထိုက်တန် တော့ ပါဘူး။

    ဒီလို တိုင်းပြည်မျိုးကတော့ တို့ အားလုံးမျှော်လင့် ခဲ့ တဲ့ ပွင့်လင်းလွတ်လပ်တရားမျှတသော လစ်ဘရယ်ဒီမိုကရက်တစ် ပြည်ထောင်စု ကြီး မဟုတ်လို့ ပဲ။

    ဘာသာရေး နဲ့ လူမျိုးရေး ကို ရှေ့တန်းတင်လွန်းသူတွေ ဟာ ဒီလို ပွင့်လင်းလွတ်လပ်တရားမျှတ သော ပြည်ထောင်စု ကြီး ရဲ့ ရန်သူ …..ဒီမိုကရေစီ ရဲ့ ရန်သူ တွေ ပဲ မို့ သတိလေးထားစေချင် ပါတယ် မျိုးချစ်မျိုးနှစ်တို့ ရေ။

     

    Source : Aung Kyaw Moe /FaceBook

  • အာဆီယံ၏ ရခိုင်အရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက်အား မြန်မာပယ်ချ

    အာဆီယံ၏ ရခိုင်အရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက်အား မြန်မာပယ်ချ

    အောက်တိုဘာ ၃၀၊ ၂၀၁၂

    M-Media

    ကွာလာလန်ပူ

    source: www.channelnewsasia.com/stories/afp_asiapacific/view/1234343/1/.html

    အာဆီယံအထွေအထွေအတွင်းရေးမှူး ဆူရင်ပစ်ဆူဝမ်

    အာဆီယံမှ ကြောက်မက်ဖွယ်ရခိုင်အဓိကရုဏ်းအား အဆုံးသတ်ရေးရည်သန်ပြီး မြန်မာအစိုးရအား ဆွေးနွေးညှိနှိုင်းရန် ကမ်းလှမ်းခဲ့ကြောင်း၊ ယင်းကမ်းလှမ်းမှုကို မြန်မာအစိုးရဘက်မှ ငြင်းဆန်ပယ်ချလိုက်ကြောင်း စီအင်အေသတင်းတစ်ရပ်အရ သိရှိရပါသည်။

    အာဆီယံအထွေအထွေအတွင်းရေးမှူး ဆူရင်ပစ်ဆူဝမ်က သူ့အနေဖြင့် မြန်မာအသွင်းပြောင်းအစိုးရ၊ ကုလသမဂ္ဂနှင့် အာဆီယံတို့ပါဝင်သည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အကြံပြုတင်ပြခဲ့ကြောင်း၊ သို့အားဖြင့် ဒေသတွင်းစုစည်းညီညွတ်မှုကို ပိုမိုစေနိုင်မည့်အကြောင်း ပြောဆိုခဲ့သည်။သို့သော် မြန်မာအစိုးရက ရခိုင်ပြည်နယ်တွင်း သွေးထွက်သံယိုမှုများအား အဆုံးသတ်အရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချက်လိုက်ကြောင်း ဆူရင်က ပြောကြားခဲ့သည်။”မြန်မာကတော့ ဒါသူတို့ပြည်တွင်းရေးလို့ ပြောပါတယ်၊ ဒါပေမယ့် သူတို့ဂရုတစိုက်မရှိမှတော့ ဒီပြည်တွင်းရေးက နောက်တစ်နေ့မှာ ကျွန်တော်တို့အရေး လည်း ဖြစ်သွားနိုင်တယ်လေ။” ဟု ဆူရင်က ကွာလာလန်ပူတွင်ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲအပြီး မီဒီယာများကို ပြောကြားခဲ့သည်။

    ထိုသတင်းဖော်ပြချက်အပြီးတွင် စီအင်အေက မြန်မာနိုင်ငံ၌ ရိုဟင်ဂျာပေါင်း ၈ သိန်းရှိနေပြီး ၄င်းတို့ကို တရားမ၀င်အခြေချနေသူများအဖြစ် မြန်မာအများစုကရော ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကပါ သတ်မှတ်ထားကြောင်း၊ သို့သော်ကုလသမဂ္ဂကမူ ၄င်းရိုဟင်ဂျာများကို ကမ္ဘာပေါ်၌ ညှင်းပမ်းနှိပ်စက်မှုအခံရဆုံး ဒုက္ခသည်များစာရင်းဝင်အဖြစ်  သတ်မှတ်စဉ်းစားကြောင်း ဖော်ပြပါရှိပါသည်။

  • ဘယ်တော့ အရေးယူမလဲ

    အောက်တိုဘာ၊ ၃၁၊ ၂၀၁၂
    M-Media
    ရေးသူ- ဌေးလွင်ဦး

    ရခိုင်နယ်အတွင်း ဖြစ်စဉ်တွေကို ကမ္ဘာက အကြမ်းဖက်မှုများလို့ သတ်မှတ်လိုက်ပါပြီ။ အကြမ်းဖက်မှု တိုင်းမှာ အကြမ်းဖက်ခေါင်းဆောင်ဆိုတာ ရှိနေပါတယ်။

    မြန်မာအစိုးရဘက်ကတော့- နောက်ကွယ်က ကြိုးကိုင်လှုံ့ဆော်သူတွေကို ပြည်သူတွေအနေနဲ့ ဖေါ်ပေး ဘို့ လိုအပ်တယ်လို့ အောက်တိုဘာ ၂၆ ရက်နေ့က ပြောဆိုလိုက်ပြီး-။ အောက်တိုဘာ ၂၇ ရက်နေ့ သတင်းမှာ တော့-

     

    ဒုတိယဗိုလ်ချူပ်ကြီးသိန်းဌေးက နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ပထမအဆင့် လတ်တလောကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဒုတိယအဆင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင် ဆောင် ရွက်ပေး မည် ဖြစ်ကြောင်း၊ ယခုဖြစ် ပွားလျက်ရှိသည့် ပဋိပက္ခဖြစ်စဉ်များကို အချိန် ယူပြီး ဖြေရှင်းဆောင် ရွက် ပေး သွားရန် လိုအပ်ကြောင်းနှင့် ပြည်သူလူထုကလည်း ဝိုင်းဝန်းပါဝင်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြား သည်။- လို့ ပြောဆိုသွားပါတယ်။

    “ပဋိပက္ခများကို အချိန်ယူ ဖြေရှင်းရမယ်၊” ဆိုတဲ့ စကားလုံးကို မြန်မာခေါင်းဆောင်တိုင်းက သုံးစွဲ ပြောဆိုနေခဲ့ တာ ဂျွန်လဆန်းပိုင်း တောင်ကုတ်မြို့ ရုပ်ပျက်ဆင်းပျက် အကြမ်းဖက် လူသတ်မှုကြီးကတည်းကပါပဲ။

    ဒီလို အချိန်ဆွဲနေမှုဟာ လုံးဝ မရိုးသားတဲ့ စိတ်သဘောကို ဖေါ်ပြနေကြောင်းလည်း ကမ္ဘာက သိနေပါတယ်။ ဘယ်ထိ အချိန်ဆွဲမှာလဲပေါ့။- မွတ်ဆလင်တွေကို မျိုးဖြုတ်သတ်ဖြတ်လိုက် ပြီးမှ နောက်က လိုက်ပြီး ဖြေရှင်း ချင်ဟန်ပြ- ဒုက္ခသည်စခန်းကို ပို့လိုက်၊ ရာဇ၀တ်ကောင်တွေ အရေးယူပေးပါမယ် ပြောပြီး အချိန်ဆွဲလိုက်-၊ နည်းနည်းငြိမ်သွားရင် ကျန်နေတဲ့ နေရာများရှိ မွတ်ဆလင်များကို ရှင်းလိုက်-၊ ဒီလိုပဲ ဖြေသိမ့်လိုက်- အကြိမ် ပေါင်းလည်း များခဲ့ပါပြီ။

    မြန်မာနိုင်ငံ အစိုးရ တစ်ရပ်အနေနဲ့ ရာဇ၀တ်ကောင်များ၊ လှုံ့ဆော်နေသူများကို ဖမ်းချင်ရင် နေ့ချင်းညချင်း ဖမ်းလို့ ရပါတယ်။ အစိုးရမှာ သတင်းပေးတွေ ထောက်လှမ်းရေးတွေအပြည့်ရှိနေကြောင်းလည်း လူတိုင်းသိနေ ပါတယ်။ ရပ်ကွက်တစ်ကွက်ချင်း၊ ရွာတစ်ရွာချင်းစီမှာ- ဘယ်နေ့- လူဘယ်လောက် ရပ်ကွက်က ထွက်သွား တယ်၊ ဘယ်နေ့မှာ ရပ်ကွက်ထဲကို (ရွာထဲကို) လူစိမ်းဘယ်လောက် ရောက်လာတယ် ဆိုတာ မှတ်တမ်းတင်တဲ့ “ထူးခြားဖြစ်စဉ်- မှတ်တမ်း” ပြည်ထဲရေးဌာနကို နေ့စဉ်ပို့နေရတာပဲ။ ရွာတစ်ရွာမှာ လူစိမ်းတစ်ယောက် ရောက် လာတိုင်း၊ အဲ့ဒီလူစိမ်းဟာ အသားအရောင်၊ မျက်နှာအနေအထားက အစ ဘယ်လိုပုံစံဖြစ်သလဲ၊ ဘယ်အိမ်မှာ တည်းခိုသလဲ ဆိုတဲ့  report ရှိနေပါလျှက်- တောင်ကုတ်မြို့ကို ရောက်လာပြီး အကြမ်းဖက်သူတွေ၊ နောက်ဆုံး ဖြစ်ရပ်တွေမှာ သေချာစုစည်းထားတဲ့ (well organized) လူပေါင်း လေးသောင်းက အကြမ်းဖက်လိုက်တာကို မသိလိုက်ဘူး ဆိုတဲ့ စကားက ကမ္ဘာအလယ်မှာ ရယ်စရာ ဖြစ်နေပါတယ်။

    သေချာစုစည်းထားတဲ့ well organized အကြမ်းဖက် သောင်းကျန်းသူ လေးသောင်းအစုအဝေးကြီးကို တစ် ကယ် မသိလိုက်ဘူး ဆိုရင်လဲ-  လုံခြုံရေးအတွက် အဲ့လောက် ညံ့ဖျင်းတဲ့ အစိုးရမျိုးကို ဘယ်လိုလူထုက အား ကိုးနိုင် မလဲ။ မတော်လို့ အဲ့ဒီ အင်အားစုကြီးက ခွဲထွက်ရေး အင်အားစုကြီး ဖြစ်နေခဲ့မယ် ဆိုရင်- ဘယ်လိုလုပ် မလဲ။- တိုင်းပြည်ကွဲသွားရပြီးမှ- အဲကွာ ငါတို့ အသိနောက်ကျသွားတယ်လို့ ပြောမလား။

    နောက်ကွယ်က နံပါတ် (၁) လက်သည်ကို မဖမ်းမိသေးရင်တောင်- အခင်းဖြစ်ပွားရာ ဒေသက မြို့နယ်တာဝန် ရှိသူ၊ ရပ်ကွက်တာဝန်ရှိသူများကို ဖမ်းလိုက်ရင် အမှုက တစ်နေ့ထဲမှာ ပေါ်သွားမှာပါ။ အစိုးရက တစ်ကယ်ပဲ မသိတာလား- မသိဟန်ဆောင်တာလား– ဆိုတာတော့ သမိုင်းမှာ ရှင်းကို ရှင်းရတော့မှာပါ။

    မွတ်ဆလင် မုန်းတီးရေးမျိုးစေ့ကို ပေါ်ပေါ်တင်တင် ထုတ်ဖေါ်လှုံ့ဆော်နေတဲ့ အကြမ်းဖက်မျိုးစေ့ချ ခေါင်းဆောင် များကိုလဲ တစ်ကယ်မသိတာပဲလား။ သို့မဟုတ် မွေးထားတာလား ဆိုတာလဲ ဆက်လက် ဖြစ်နေတဲ့ မေးခွန်းများ ပါ။

    အစိုးရဘက်က ပြုပြင်ပြောင်းလဲရေးကို အကြောင်းပြပြီး- သွေးအေးအေးနဲ့ ရာဇ၀တ်ကောင်များကို ဆက်လက် ကာကွယ်ပေးနေခြင်းဟာ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းစဉ်ကို စေတနာကောင်းကောင်းနဲ့ ချီတက်နေခြင်း မဟုတ် ဘူး ဆိုတာ ကမ္ဘာက မြင်လာပါပြီ။ အကယ်၍ အစိုးက ဒီမိုကရေစီလမ်းစဉ်မှာ စေတနာ မရှိခဲ့ရင်–၊ ငါတို့ဘက်က လည်း မြန်မာအစိုးရများ ပြောနေတဲ့ ဒီမိုကရေစီ ဆိုတာကို ခုံမင်နေမှာ မဟုတ်သလို မျက်နှာထောက်နေမှာ လည်း မဟုတ်တော့ဘူး ဆိုတာတော့ ရှင်းရှင်းလင်းလင်း သိနေစချင်တယ်။

    ဒီမိုကရေစီကို တစ်ကယ် ဆောင်ရွက်လိုရင်၊ တိုင်းပြည်ခေါင်းဆောင်များ ကမ္ဘာ့ခုံရုံး တရားခွင်ကို တက်ရမယ့် အထဲမှာ မပါချင်ရင်၊ တိုင်းပြည်စီးပွားရေး တစ်ကယ်ပွင့်ချင်ရင်၊ လူထုအကျိုးကို တစ်ကယ်သယ်ပိုးချင်ရင်- အကြမ်းဖက် မျိုးဖြုတ်မှုများကို ချက်ချင်း ချွင်းချက်မရှိ ရပ်တန့်အောင်လုပ်ပါ။ လူမျိုးချင်းကြား အမုန်းပွားမှု လှုံ့ဆော်သူများကို ချက်ချင်း ဖမ်းဆီး အရေးယူပါ။ ကမ္ဘာ့အကူအညီများကို ချက်ချင်းဝင်ခွင့်ပြုပါ။ အကူအညီ ၀င်ရောက်ခွင့်များအား ဆန့်ကျင်သူများကို ချက်ချင်း အရေးယူပေးပါ။

    ငါတို့ကတော့ အချိန်မဆွဲဘူး- လောလောဆယ်- ကမ္ဘာ့ရှေ့နေများ law farm သုံးခုမှာတော့- ဦးအေးမောင်၊ ၀ီရသူ၊ ဦးခင်ညွှန့်နဲ့ အစိုးရပိုင်းမှ တစ်ချို့ အတွက် အမှုအပ်ထားပြီ ဆိုတာလောက်ပဲ အသိပေးပါရစေ။ တိုင်းပြည်ကို တစ်ကယ် ပြောင်းလဲပေးမယ် ဆိုတဲ့ ပုဂ္ဂိုလ်များ မပါစေလိုပါ။ ဒါပေမယ့် အဲ့ဒီ ပုဂ္ဂိုလ်များကလည်း သူတို့ရဲ့ စေတနာအမှန်ကို မဆိုင်းမတွ ထုတ်ဖေါ်ဘို့တော့ လိုအပ်ပါတယ်။ အရာတိုင်းမှာ အချိန်သတ်မှတ်ချက် ဆိုတာ ရှိနေပါတယ်။

    တရားခံကို ရုံးကိုတင်မယ်၊ တရားခံမှာ တရားခံအခွင့်အရေး အပြည့်အ၀ရှိပါတယ်။ ရှေ့နေငှားခွင့် ဖြေရှင်းခွင့် အားလုံးပေါ့-။ ကမ္ဘာ့ခုံရုံးက ဆင့်ခေါ်လို့ မထိမဲ့မြင် ပြုရင်–၊ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာလည်း စောင့် ကြည့်ပါ။ ရာဇ၀တ်ကောင်များ ပြေးမလွတ်စေရဘူး။

    မြန်မာအစိုးရကလည်း- သက်ဆိုင်ရာ ရာဇ၀တ်ကောင်များကို ဖမ်းပါ။ အရေးယူပါ- လို့ ထပ်ဆင့်ပြောလိုပါတယ်၊ တရားခံတွေကို စာရင်းထုတ်ပြန်ပါ။ လူသိရှင်ကြား ရုံးထုတ်ပါ။ တရားခံအခွင့်အရေးကို အပြည့်အ၀ပေးပါ-လို့ ဆက်လက်မေတ္တာရပ်ခံပါတယ်။ လူမသိရှင်မကြား တရားခံဘယ်လောက် ဖမ်းလိုက်ပါပြီ။ ထောင်ချလိုက်ပါပြီ ဆိုတာတော့- လူထုက ယုံကြည်မှာ မဟုတ်သလို- တရားခံမှာ တရားခံအစစ် မဟုတ်ခဲ့ရင်လည်း သူ့ခမြာ တစ်ဘက်သတ်နစ်နာနေပါဦးမယ်။ သူ့ကိုလည်း ရှေ့နေငှားခွင့် ဖြေရှင်းခွင့်ပေးပါ။- ဒါမှ တရားခံအစစ်က ပေါ်လာ ပါမယ်။

    ငါတို့ဘက်ကတော့ တရားခံ တစ်ယောက်ချင်းကို အမှုတွဲပြီးတာနဲ့ ထုတ်ပြန်မှာပဲ။ တစ်ကယ် တရားခံအစစ် မဟုတ်ခဲ့ရင် သူတို့မှာလည်း လွတ်လမ်းရှိနေပါတယ်။ မတရားသဖြင့် ဘာကိုမှ မလုပ်ဘူးလို့ ကတိပေးနိုင်တယ်။ ရုံးတင်ထားတဲ့ အထောက်အထားတွေကို မဟုတ်ကြောင်း သေချာအောင်တော့ ဖြေရှင်းနိုင်ရမှာပေါ့။

    မြန်မာမွတ်ဆလင်များကို လျှော့မတွက်ပါနဲ့–၊ အထင်လည်း မသေးပါနဲ့- ကမ္ဘာ့ဥပဒေကို ကိုင်ပြီး အမြန်ဆုံး လုပ်နိုင်စွမ်းရှိတယ်၊ ပေါက်မြောက်တယ်၊ ပညာတတ်တယ်- ဆိုတာတော့ အသိပေးပါရစေ။

     

    ဌေးလွင်ဦး

    မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့

     

    (ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။)