News @ M-Media

Author: M-Media

  • မဟာတမန်တော်နေ့ အခမ်းအနား ကျောက်ဆည်ခရိုင်မှာ ကျင်းပပြုလုပ်

    မဟာတမန်တော်နေ့ အခမ်းအနား ကျောက်ဆည်ခရိုင်မှာ ကျင်းပပြုလုပ်

    ဇန်နဝါရီ ၁၉ ၊ ၂၀၁၅
    M-Media
    သတင်း/ဓါတ်ပုံ- မောင်ကောင်းမြတ် (M-Media CJ)
    10867010_380271808800267_1249277565_n
    ၁၄၈၉ ကြိမ်မြောက် တမန်တော်နေ့ အထိမ်းအမှတ် အခမ်းအနား တရပ်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက် တနင်္ဂနွေနေ့ န့မနက်၉း၃၀ မှ ၁၁း၃၀ ထိ ကျောက်ဆည်မြို့ မြင်းစိုင်း ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

    အဆိုပါ အခမ်းအနားကို  ကျောက်ဆည်ခရိုင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ နှင့် ခရိုင် အစ္စလာမ် သာသနာရေးရာ ကောင်စီတို့မှ ပူးပေါင်း ကျင်းပခဲ့တာဖြစ်ပါတယ်။

    အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အစ္စလာမ်သာသနာရေးရာကောင်စီ ဓမ္မသတ်မှုး မောင်လာနာ မုဟမ္မဒ် အမီန်း  ကျမ်းတော်မြတ်ကုရ်အာန်၏ မုက္ခပါဌ်တော်များကို ရွတ်ဖတ် သရစ္ဈယ် ၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်တစ်ပါးမှ သြဝါဒချီးမြှင့်ပေးခဲ့ပါတယ်။

    အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်ဥက္ကဌနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး ဗဟိုအမှု့ဆောင်အဖွဲ့ ဒုတိယဥက္ကဌ အလ်ဟာ့ဂ်ျ ဦးညွန့်မောင်ရှိန်မှ နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပါတယ်။
    10933363_380271845466930_1452987769_n
    အဲဒီနောက် မန္တလေးတိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဌ သီဟသုဓမ္မ မဏိဇောတဓရ ဦးကျော်ဝင်း၊ ကျောက်ဆည် ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှုး ဦးမြင့်နိုင်၊ ကျောက်ဆည်ခရိုင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ဥက္ကဌ ဆရာကြီးဦးကျော်မောင်၊ ကျောက်ဆည်ခရိုင် သာသနာရေး ဦးစီးဌာနခရိုင်သာသနာရေးဦးစီးမှုး ဦးအောင်ခိုင်တို့မှ အသီးသီး အမှာစကားများ ပြောကြားခဲ့ပါတယ်။

    အဲဒီနောက်မှာတော့ ကျောက်ဆည်မြို့နယ် အိုလမာသာသနာ့ ပညာရှင်များ ဒုဥက္ကဌမှမြန်မာနိုင်ငံငြိမ်းချမ်းရေး အတွက် ဆုမွန်ကောင်းတောင်းပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိပါတယ်။

    အဆိုပါ တမန်တော်နေ့ အခမ်းအနားသို့ ဧည့်ပရိတ်သတ်(၂၅၀)ခန့် တက်ရောက်ခဲ့ပြီး ဧည့်ပရိတ်သတ်များကို ကြက်သား ဒံပေါက်ထမင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိပါတယ်။

    10937590_380271235466991_606103181_n

  • တရုတ်၏ သြဇာလက်တံ နှင့် မြန်မာ့လူထု၏ ပဲ့တင်သံ

    တရုတ်၏ သြဇာလက်တံ နှင့် မြန်မာ့လူထု၏ ပဲ့တင်သံ

    ဇန်နဝါရီ ၁၈ ၊ ၂၀၁၅
    M-Media
    Myanmarprotestsnormal
    မြန်မာ့အခင်းအကျင်းသစ်ကို အလိုတော်သွင်းနိုင်ရန် ဘေဂျင်းက ရေကုန်ရေခမ်း ကြိုးစားနေဆဲ ………။

    လွန်ခဲ့သောလအနည်းငယ်အတွင်း  မြန်မာနိုင်ငံရှိ တရုတ်ကျောထောက်နောက်ခံပြု အခြေခံအဆောက်အဦ ပရောဂျက်များကို ပြည်တွင်း ဆန့်ကျင်မှုမြင့်တက်လာခြင်းက ဘေဂျင်း၏သြဇာ သက်ရောက်ချက်အပေါ် ထပ်မံ၍ အနုစိပ် သုံးသပ်ချက်များ ဖြစ်လာစေသည်။

    တရုတ်စစ်တပ် ကျောထောက် နောက်ခံပိုင် ကုမ္ပဏီ နှင့် မြန်မာစစ်အစိုးရ လက်ထပ်ကတည်းက သဘောတူချူပ်ဆိုထားသည့် ဖက်စပ် လုပ်ငန်းတစ်ခု ဖြစ်သော မြန်မာ အနောက်မြောက်ပိုင်းရှိ လက်ပံတောင်းကြေးနီ သတ္ထုတွင်းစီမံကိန်း၌ ပြီးခဲ့သည့်လက ပြဿနာ တဖန် ဖြစ်လာပြန်၏။ စီမံကိန်း နယ်မြေတွင် ခြံစည်းရိုး ခတ်ခြင်းကို ဒါဇင်နှင့်ချီသော ရွာသူ ရွာသားများမှ ပိတ်ဆို့တားဆီးခဲ့ပြီးနောက် သတ္ထုတွင်းအနီး ဆန္ဒပြကန့်ကွက်နေသူများကို မြန်မာရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ရာ အမျိုးသမီး တစ်ဦး သေဆုံး၍ အခြားကျေးလက်နေ ကိုးဦး ဒဏ်ရာရရှိခဲ့သည်။ တရုတ်နိုင်ငံမှ ယင်းဖြစ်ရပ်အပေါ် ၀မ်းနည်းစကားဆိုလိုက်သလို ရန်ကုန်မြို့ရှိ တရုတ်သံရုံးပြင်ပ အပါအ၀င် အခင်းဖြစ်ရာဒေသနှင့် ပြည်တွင်းအခြားဒေသများ၌ ကန့်ကွက်ဆန္ဒပြမှုများ ရှေ့ဆက်နေသည်။

    ဆန္ဒထုတ်ဖော်သူ ကျေးလက်နေများနှင့် ဗုဒ္ဓဘာသာဝင်ရဟန်းတော်များအား မြန်မာ ရဲတပ်ဖွဲ့က မီးစုန်းဓာတ်ပါ မီးခိုးဗုံးသုံး၍ ဖြိုခွဲပြီး လူအမြောက်အများ ထိခိုက် ဒဏ်ရာရခဲ့သဖြင့် လက်ပံတောင်းစီမံကိန်းမှာ ၂၀၁၂ ခုနှစ်တွင် နိုင်ငံတကာအတွက် သတိထားစရာ ဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ ဒေသခံများ၊ လှုပ်ရှားတက်ကြွသူများတို့သည် လေထုညစ်ညမ်းမှု၊ ဒေသခံလုပ်သားခနှိမ်မှု၊ အဓမ္မနေရာရွှေ့ပြောင်းမှု၊ တရားမ၀င် မြေသိမ်းမှုများပေါ် အရေးဆိုကာ စီမံကိန်းရပ်တန့်ရေးအတွက် ဆက်လက်ကန့်ကွက်ခဲ့ကြသည်။

    “မြန်မာနိုင်ငံအနောက်မြောက်ပိုင်း တရုတ်ပိုင်ကြေးနီသတ္ထုတွင်းမှာ ကန့်ကွက်ဆန္ဒပြမှုအတွင်း အမျိုးသမီးတစ်ဦးသေဆုံးမှုက သတ္ထုတွင်းလုပ်ငန်းလုပ်ကိုင်နေသူများဟာ လူမှုတာဝန်ခံမှုအစီအမံကို လုံလောက်စွာ မဆောင်ရွက်ထားကြောင်း ထင်ရှားနေပါတယ်။ ဒီအချက်က မြန်ပြည်တစ်ခွင် တရုတ်ရင်းနှီးမြှုပ်နှံမှုအပေါ် လူထုမကြေနပ်မှုကို မီးမွှေးတွန်းပို့နေခြင်းသာဖြစ်တယ်” ဟု အန္တရာယ်ရေးရာသုံးသပ်မှု အင်္ဂလိပ်-အမေရိကန် အဖွဲ့တစ်ခုဖြစ်သည့် Verisk-Maplecroft က လတ်တလော သတိပေးလိုက်သည်။

    လက်ပံတောင်းသည် တရုတ်ကျောထောက်နောက်ခံစီမံကိန်းများ အထိနာသွားသည့် စံနမူ တစ်ခုသာ ဖြစ်သေး၏။ တရုတ်နိုင်ငံသည် မြန်မာပြည်၏ အဓိကအကျဆုံးလက်တွဲဖော်ဖြစ်ပြီး ဘေဂျင်းသည် ၎င်း၏အိမ်နီးချင်းမှ သဘာဝသယံဇာတများကို ခေါင်းပုံဖြတ်သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်စီမံကိန်းနှောင်ကြိုးဖြင့် အချောင်နှိုက်ထုတ်ရန်သာ စိတ်ဝင်စားသည် ဟူသော စွဲချက်များက စီးပွားရေးဆက်ဆံမှုကို ရှုပ်ထွေးသွားစေသည်။

    အစိုးရအဖွဲ့သည် တစ်ကြိမ်တစ်ခါမျှမရှိဖူးသည့် အဓိကစီမံကိန်းကြီးတစ်ခုအား လူထု လိုအပ်ချက်အားဖြည့်ဆည်းရန် ဖော်ဆောင် မည်ဖြစ်ကြောင်း၊ ဤတစ်ကြိမ်မှာ ဒေါ်လာ ၂၀ ဘီလီယံ လျာထားချက်ဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်သို့ သွယ်တန်းဖောက်လုပ်မည့် ရထားလမ်းဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် မြန်မာ့မီးရထား ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဝေက ဆိုသည်။

    လူထုကန့်ကွက်ခြင်းကို မျက်ကွယ်ပြုလျက် မြန်မာအစိုးရသည် စီမံကိန်းများအပေါ် ပြောင်ပြောင်တင်းတင်း သွေးအေးနေခဲ့သည်။ ကုန်သွယ်ရေးရာများ၊ အလားတူ ရေရှည်စီမံကိန်းများတွင် ဘဏ္ဍာငွေ လျော့ကျသွားမည်စိုး၍ဖြစ်သည်။ နေပြည်တော်အစိုးရသည် မိမိ၏ကြီးထွားလာသောသြဇာ အရှိန်အ၀ါကြောင့် မိမိအတွက် အကျိုးမရှိလျှင် သဘောတူညီချက်များအား ပယ်ချနိုင်သည်ဟု မှတ်ယူနေပုံရကြောင်း  အနောက်တိုင်းနှင့် အာဆီယံနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံသူတို့ အသိုင်းအ၀ိုင်းမှ အချို့ကဆိုသည်။

    “အစိုးရဟာ နိုင်ငံတော်အတွက် သေချာတဲ့ အမျိုးသားရေးအကျိုးအမြတ်မရှိရင် သဘောတူညီချက်တွေ လက်ခံဖို့ လုံးလုံးလျားလျား ဆန္ဒရှိမနေကြပါဘူး။ ဆယ်စုနှစ်များစွာ ဖယ်ကြဉ်ခံရခြင်း၊ စီးပွားရေးပိတ်ဆို့မှုကြောင့် မဖွံ့ဖြိုးခြင်း ကျော်လွန်ပြီးနောက် အသစ်ရရှိလာတဲ့ အနောက်တိုင်းနဲ့ အခြားသောနိုင်ငံခြားအရင်းအနှီးတွေဟာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်မှုလျော့ပါးသွားစေတယ်” ဟု ၀ါရှင်တန်ဒီစီရှိ Stimson Center အဖွဲ့ဝင် Yun Sun က Asia Times Online တွင် ထိုစဉ်က ရေးသားခဲ့သည်။

    စီးပွားရေးပြိုင်ဆိုင်မှုကြမ်းတမ်းလာခြင်းကြောင့် တရုတ်တို့၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု  အလုံးအရင်း လျှော့ချ လိုက်သော်ငြား ဘေဂျင်းသည် မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အရေးပါဆုံး လက်တွဲဖော်နှင့် မြန်မာပြည်တွင်း အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူများ အနက် အပါအ၀င်ဖြစ်နေဆဲပင်။ နိုဝင်ဘာလက တရုတ်အကြီးအကဲ Li Keqiang မှ မြန်မာပြည်သို့ အလည်အပတ်ရောက်စဉ် စွမ်းအင်၊ စိုက်ပျိုးရေး၊ ဆက်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် အခြေခံအဆောက်အဦဆိုင်ရာ ကဏ္ဍများ အတွက် ဒေါ်လာ ၇.၈ ဘီလီယံ တန်ဖိုးရှိ စာချုပ်များကို နှစ်ဖက်စလုံး သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

    အကျိုးဆက်မှာ မြန်မာသမ္မတ ဦးသိန်းစိန်နှင့် သူ၏ အကြံပေးတို့သည် အစိုးရ လိုအပ်ချက်နှင့် ပြည်သူ့လိုအပ်ချက်များကို တန်းညှိ လိုက်ခြင်းတည်း။ ၂၀၁၀ ခုနှစ်တွင် ထွက်ရှိ စွမ်းအင် ၉၀ ရာခိုင်နှုန်းကို တရုတ်ပြည်သို့ ပို့ပေးမည့် ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိ တရုတ်ဦးဆောင် မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းထားခြင်းနှင့် ၂၀၁၄ ခုနှစ် ရထားလမ်း စီမံကိန်းတို့မှာ တရုတ်တို့၏ စိတ်ကွက်မှု ရှိလင့်ကစား မြန်မာအစိုးရသည် အခြေခံ အဆောက်အဦများဆိုင်ရာ အဓိက စီမံကိန်းတို့ကို ရှေ့မဆက်ဖို့ တရွေ့ရွေ့ စဉ်းစားလာသော ဥပမာများဖြစ်ကြသည်။

    သို့ပင်သို့ငြား ပြည်တွင်းဆန့်ကျင်မှုကို မျက်ကွယ်ပြု၍ တွန်းလုပ်သွားရမည့် အဓိက စီမံကိန်းများ၏ဥပမာများလည်း ရှိနေပြန်သည်။ ယခုလအတွင်း စတင် ပို့ဆောင်ပြီဖြစ်သော နောက်ထပ်သော့ချက် စီမံကိန်း ကျောက်ဖြူ-ကူမင်း ရေနံ/ဓာတ်ငွေ့ပိုက်လိုင်းကိစ္စတွင် ရခိုင်ပြည်နယ် ဘဏ္ဍာဝေစုခံစားရေး အတွက် လှုပ်ရှားတက်ကြွ သူတို့၏တောင်းဆိုချက်များ အပေါ် အကြိမ်ကြိမ် ပယ်လှန်၍ ဒေသတွင်း တံငါသည်တို့၏ သက်မွေးမှုများအပေါ် ကျရောက်နိုင်သည့် ဆီယိုစိမ့်မှုအရေးအရာများ ကိုင်တွယ်စီမံပေးရန် ငြင်းဆန်ခဲ့သည်။ ထိုရေနံအများစုကို တရုတ်ပြည်သို့ ပို့ဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ဆယ်ပုံတစ်ပုံသာ အသုံးပြုမည်ဖြစ်သည်။

    လက်ပံတောင်း စီမံကိန်းအား ဆန့်ကျင်ကန့်ကွက်မှု ဆက်လက်ဖြစ်ပွားဆဲဖြစ်သည့်တိုင် မြန်မာ အာဏာပိုင်များက ဆန္ဒထုတ်ဖော်သူ အများအပြားကို တရားမ၀င် ဆန္ဒပြမှုဖြင့် ထိန်းသိမ်းလိုက်သည်။ ၎င်းပြင် ဇန္န၀ါရီလ ၆ ရက်တွင် ပြည်သူ့ဆန္ဒနှင့်ဆန့်ကျင်လျက် ခါးသည်းစဖွယ်ကြေငြာချက် တစ်ရပ် ထုတ်ပြန်ပြီး စီမံကိန်းအား ထပ်မံ အတားအဆီး မပြုရန် သတိပေးထားသည်။

    “ကြေးနီသတ္ထုထုတ်လုပ်ရေး လုပ်ငန်းစဉ်ကို ဖြစ်နိုင်သမျှအမြန်ဆုံးစတင်ပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့ စီမံကိန်းနယ်မြေက ဒေသခံ အများစု မျှော်လင့်နေကြချိန်မှာ ဖျက်ဆီးရေးလမ်းကြောင်းပေါ်က လက်တစ်ဆုပ်စာလူစုဟာ စီမံကိန်းကို အရှုပ်အထွေး ဖြစ်စေ ခဲ့တယ်။ သွေးထိုးသူများက စီမံကိန်းနှောင့်နှေးအောင် အကွက်ချဖန်တီးခဲ့ကြတယ်” ဟူ၍ ဆိုထား၏။

    မည်သို့ပင်ဆိုစေကာမူ ဖြစ်တည်မှု အသစ်များအား အလျင်အမြန် အလိုတော်သွင်းနိုင်အောင် တရုတ်ကုမ္ပဏီများအတွက် အချက်ပြရေးသားဖော်ပြခြင်းလား ဟူသည်ကို အကဲခတ်သူအချို့ ရှိနေပါဦးမည်။

    “ကစားပွဲရဲ့ စည်းမျဉ်းတွေ အပြောင်းအလဲ ဖြစ်သွားပြီ။ တရုတ်တွေဟာ ပုဂ္ဂလိကနဲ့ NGO အဖွဲ့အစည်းတွေ အစား မြန်မာ အာဏာပိုင်များနဲ့ ဆက်ဆံရေးမှာ စီးပွားရေး သမားတွေကို ပိုပြီး အသုံးချသွားဖို့ ရှိနေပါတယ်။ ဒါကြောင့်မို့ ဒေသခံတွေရဲ့ သဘောထားနဲ့ လိုအပ်ချက် အမှန်တွေကို လေ့လာဖို့ အရေးတကြီး လိုအပ်နေပါတယ်” ဟု ပြီးခဲ့သည့် သီတင်းပတ်က The Global Times တွင် ယူနန်တက္ကသိုလ်၊ နိုင်ငံတကာလေ့လာရေး ပါမောက္ခ Bi Shihong မှ ရေးသားခဲ့သည်။

    ဤအပြောင်းအလဲရပ်ဝန်းအတွက် ထူးခြားသည့် ထိန်းညှိချက် ဆောင်ရွက်နိုင်ရန် တရုတ်ပြည်ဖက်မှ ဖန်တီးထားခဲ့ပြီးဖြစ်သည်။ ၂၀၁၃ ခုနှစ်အစပိုင်းတွင် တရုတ်ကုမ္ပဏီကြီးတို့သည် လူမှုဖူလုံရေး CSR ကြိုးပမ်းချက်နှင့် ဒေသခံများအကြား အောက်ခြေအဆင့်အထိ လူထုဆက်ဆံရေးလှုပ်ရှားမှုများကို စတင်ပူးပေါင်းဆောင်ရွက်ရန် ခြေလှမ်းလှမ်းလာသည်။ ၎င်းတို့အား ကျားကန်ပေးထားသည်မှာ တရုတ်အစိုးရဖြစ်၏။ တရုတ်အစိုးရက ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကို အစားထိုး၍ ၎င်း၏အဖွဲ့အစည်းများ အတွက် CSR လမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့သည်။

    သို့ပါသော်လည်း ၂၀၁၄ ခုနှစ်၏ရုပ်လုံးဖော်ချက်အရတော့ ဘေဂျင်း၏သြဇာ လက်တံအား မသတီခြင်းကြီးထွားမှု အပေါ် တန်ပြန်ရာ၌ ဤအားထုတ်မှုတို့နှင့် မလုံလောက် မကာမိသေးသည်ကို ပြသနေပါတော့သည်။

    xxxxxxxxxxxxxx
    Ref : The Diplomat
    မူရင်း – Prashanth Parameswaran ရေးသားသော China’s Influence in Myanmar Facing Growing Scrutiny ဆောင်းပါး
    မြန်မာပြန် – မြင့်မိုရ်မောင်မောင်

  • အလဲဗင်း ရဲ့ အမ်မီဒီယာကို ဒုတိယအကြိမ် အစွန်းရောက်လို့ သုံးထားတာနဲ့ ပတ်သက်ပြီး တုန့်ပြန်ချက်

    အလဲဗင်း ရဲ့ အမ်မီဒီယာကို ဒုတိယအကြိမ် အစွန်းရောက်လို့ သုံးထားတာနဲ့ ပတ်သက်ပြီး တုန့်ပြန်ချက်

    ဇန်နဝါရီ ၁၈ ၊ ၂၀၁၅
    M-Media
    Yellow-Journalism copy
    အလဲဗင်း မီဒီယာဂရုဟာ ယနေ့ ဇန်န၀ါရီလ ၁၈ ၊ ၂၀၁၅ မှာ “မစ္စရန် ဟီးလီနဲ့ မစ္စတာ ဘန်ကီမွန်တို့ သိထားဖို့က ဖြစ်နေတဲ့ပြဿနာဟာ ရခိုင်တိုင်းရင်းသား လူမျိုးများနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာများကြားက ပြဿနာ  မဟုတ်ပါခင်ဗျာ” ဆိုတဲ့ခေါင်းစဉ်နဲ့  ဘင်္ဂါလီရှုတ်ချရေး ၊ ရခိုင်အစွန်းရောက် ၀ါဒ ပရိုမုတ်ရှင်း လုပ်ရင်းနဲ့ ကမ္ဘာ့ ကုလသမဂ္ဂ ဆန့်ကျင်ရေးတို့ကို အာသာပြင်းပြင်းနဲ့  ဇောင်းပေးရေးသား ထားတဲ့ ဆောင်းပါး ဆန်ဆန် စာတမ်း တစ်ခုကို တင်ပြခဲ့ပါတယ်။ ရေးသားသူက နေထွန်းနိုင်ဆိုသူဖြစ်ပါတယ်။  Link

    ဘာကြောင့်ရေးသား ရသလဲဆိုတာကို လေ့လာဆန်းစစ်တဲ့အခါ အောက်ပါ အတိုင်း တွေ့ရပါတယ်။ အဲဒီစာတမ်းရှည်ရဲ့အမှတ်စဉ် ၄ မှာ နေထွန်းနိုင်ဆိုသူရေးသား ထားတာက

    “အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ကာလမှာ မစ္စတာ ဘန်ကီမွန်က သတင်းဌာန ဆယ်ခုနဲ့ သီးသန့် သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။ Eleven Media Group ကို မခေါ်ပါဘူး။ သူ့အတိုင်းပဲ မစ္စရန်ဟီးက ပုဂ္ဂလိက မီဒီယာ သမားတွေနဲ့ တွေ့ပါတယ်။ Eleven Media Group မပါပါဘူး။” လို့ဖြစ်ပါတယ်။

    နိုင်ငံတကာမှာ မျက်နှာပန်း မလှ အရာပေးစာရင်း အသွင်းမခံရခြင်းကပင့် မြန်မာပြည်က နံပါတ် ၁ မီဒီယာကြီး ခံပြင်း အမျက် ထွက်စရာဖြစ်နေတယ်ဆိုတာ ၊ အဲဒါကြောင့် အခုလို အတင်းအဖျင်း စာတမ်းကို ရေးသားရတယ်ဆိုတာ ထင်သာမြင်သာလွန်းလှပါတယ်။

    အဲဒီကုလဆန့်ကျင်ရေး အပုတ်ချရေးစာတမ်းမှာ ရေးသားသူနေထွန်းနိုင် ဆိုသူက “သူတို့ ခြောက်ဦးထဲမှာ ပါတဲ့ ဦးစည်သူအောင်မြင့်က အထူး ပြောစရာ မလိုပါဘူး။ အစ္စလာမ်မစ် အစွန်းရောက်တွေ တည်ထောင်ထားတဲ့ မွတ်ဆလင် ဝါဒဖြန့်ချိရေး Mmedia က သူတို့ ဝက်ဘ် စာမျက်နှာမှာ နေရာပေး ဖော်ပြလောက်ရတဲ့ အထိ ဆောင်းပါးများစွာ ရေးခဲ့ပါတယ်။” လို့ ထည့်သွင်းရေးသားထားပါတယ်။

    ဒါဟာဆိုရင် အလဲဗင်းရဲ့ အမ်မီဒီယာကို ဒုတိယ အကြိမ်မြောက် အစ္စလာမ်မစ် အစွန်းရောက်လို့ အရမ်းကာရော အထောက်အထားမဲ့ ဆိုထားခြင်းဖြစ်ပါတယ်။

    အလဲဗင်းရဲ့ ဇွန်လ ၇ ရက်၊ ၂၀၁၃ ထုတ် သတင်းစာမျက်နှာဖုံး ဆောင်းပါးမှာလည်း အမ်မီဒီယာကို အစွန်းရောက် မီဒီယာလို့ အထောက်အထားမဲ့ သုံးနှုံးဖော်ပြခဲ့တာကြောင့် အမ်မီဒီယာက အဲဒီခုနှစ် ဇွန်လ ၂၉  ရက်နေ့မှာ အခုလို တုန့်ပြန်ခဲ့ဖူးပါတယ်။
    Link => http://www.m-mediagroup.com/news/15383

    ကျနော်များ အမ်မီဒီယာ ဂရုဟာ မိမိတို့ရဲ့ မူအတိုင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ ဘာသာတရားများ အကြား နားလည်မှု ရှိရေးတို့ကို အလေးပေး အရေးထားပြီး ဆောင်းပါးသတင်း တွေကို တင်ဆက့်ခြင်း မျိုးသာရှိပါတယ်။ ဒါကြောင့် အလဲဗင်းဂရု အနေနဲ့ မိမိတို့  အမ်မီဒီယာကို အခြေအမြစ်မဲ့ စွပ်စွဲ အပုတ်ချ အမြတ်ထုတ်တာဟာ မေးခွန်းထုတ် ဖွယ်ရာပါပဲ။

    အမ်မီဒီယာဂရုဟာ မြန်မာပြည်မှာရှိတဲ့ လူများစု ဗုဒ္ဓဘာသာဝင်တွေကို ခုခံ တိုက်ခိုက် အကြမ်းဖက်ဖို့ သွေးထိုးလှုံဆော်နေတဲ့ မီဒီယာ မဟုတ်သလို ၊ ဘာသာကွဲ လူမျိုးတမျိုးကိုတော့ဖြင့် ချောင်ပိတ်ပြီး လူများစုက ၀ိုင်းကြဉ်သွားရလေအောင် ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်နေတဲ့ မီဒီယာ မဟုတ်ဘူးဆိုတာ အမ်မီဒီယာရဲ့တရားဝင် ၀က်ဘ်ဆိုက်ဒ်ကို အကြမ်းဖျဉ်းကြည့်ရှုရုံနဲ့ သိသာပါတယ်။ ဒါကြောင့်လည်း ယခင်ပြန်ကြားရေး ဒုဝန်ကြီး ၊ ယခုပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ် အပါအ၀င် ဂုဏ်သရေရှိလူကြီးတွေက အမ်မီဒီယာရဲ့ အင်တာဖိတ်ဆိုင်ရာ သတင်းဆောင်းပါးတွေကို ပြန်လည် ဝေမျှလေ့ရှိခဲ့ကြပါတယ်။

    ကမ္ဘာကျော် AP သတင်းဌာန ဗျူရို တာဝန်ခံချုပ်ဖြစ်တဲ့ Todd Pitman ဟာ အမ်မီဒီယာ အင်္ဂလိပ်ပိုင်းကို Follow လုပ်ထား သူဖြစ်ပါတယ်။ မြန်မာပြည်က လူသိများလှတဲ့ ကမ္ဘာကျော် ဂျာနယ်လစ်နဲ့ လူ့အခွင့်အရေးသမား Benedict Rogers ကတော့ အမ်မီဒီယာကို အလေးထား စောင့်ကြည့်ဖတ်ရှု  သတင်းယူသူဖြစ်ပါတယ်။

    ကမ္ဘာ့အဆင့်ရှိ ဂျာနယ်လစ်တွေက အဲဒီလိုမျိုး အသိအမှတ်ပြုထားတဲ့ အမ်မီဒီယာကို အလဲဗင်းက ဘယ်လို အကြောင်း အချက်များကြောင့် အစ္စလာမ်မစ် အစွန်းရောက်လို့ သုံးစွဲရတာပါလဲ။ အကယ်၍ အမ်မီဒီယာမှာ အစွန်းရောက် သတင်းဆောင်းပါး တစ်ခုတစ်လေများရှိရင် သက်သေ သာဓက အဖြစ် ထောက်ပြဖို့ရာ အလဲဗင်းဂရုနဲ့ နေထွန်းနိုင်ဆိုသူကို ကျနော်များ အယ်ဒီတာ အဖွဲ့က တောင်းဆို လိုက်ပါတယ်။

    နေထွန်းနိုင်ဆိုသူ ရေးသား တင်ပြထားတဲ့ ကုလ အပုတ်ချရေး၊ ရခိုင် အစွန်းရောက် အမျိုးသားရေး ပရိုမုတ်ရှင်း စာတမ်းရှည်မှာ ဦးစည်သူအောင်မြင့်နဲ့  ဧရာဝတီကဲ့သို့ အခြား ဂုဏ်သရေရှိ ပြိုင်ဘက် ဂျာနယ်များကို မွတ်စလင် အရေး ဇောင်းပေးတင်ပြပါတယ်ဆိုပြီး စွပ်စွဲထားပြန် ပါသေးတယ်။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် မွတ်စလင် မုန်းတီးရေး အခြေခံ စိတ်ဓါတ်အားကြီးမားလှတဲ့ သူတွေဟာ ဧရာဝတီ၊ မဇ္ဈိမနဲ့ ဦးစည်သူအောင်မြင့် စသူတို့ကို အလွန် လွယ်ကူစွာနဲ့ပဲ နှာခေါင်းရှုတ် ဆန့်ကျင် သွားကြမှာ ဖြစ်ပါတယ်။ ဒါဟာ အလဲဗင်းရဲ့ အ၀ါရောင် ဂျာနယ် လစ်ဇင်လုပ်ရပ်၊ ခြေထိုး အမြတ်ထုတ်တဲ့ လုပ်ရပ်ပဲဖြစ်တယ်လို့ သုံးသပ်ရပါတယ်။

    နေထွန်းနိုင်ဆိုသူ ရေးသား တင်ပြထားတဲ့ ကုလ အပုတ်ချရေး စာတမ်းရှည်ဟာ တကယ်တမ်း ခြုံငုံ သုံးသပ်ရရင် နိုင်ငံတကာကို အပုတ်ချ ဆန့်ကျင်ရင်း အစွန်းရောက် ဘာသာရေး ၊ အစွန်းရောက် အမျိုးသားရေး ၀ါဒတွေ သွတ်သွင်းခဲ့တဲ့ နာဇီပါတီရဲ့လုပ်ရပ် နဲ့ ထပ်တူညီနေ တာကြောင့် အလွန် အန္တရာယ်ကြီးမားလှတဲ့ ၀ါဒဖြန့်ချိမှု ဖြစ်ပါတယ်။

    “ ရခိုင် – ရိုဟင်ဂျာ” အရေးမှာ ရခိုင် အစွန်းရောက်ပြဿနာကို မဖြေရှင်းနိုင်တဲ့ မြန်မာ အစိုးရကသာ အဓိက ဝေဖန်ထိုက်ပါတယ်။ ရခိုင်ပြည်နယ် အရေးနဲ့ပတ်သတ်ပြီး ဒါမျိုး ဝေဖန်ရေးဆောင်းပါးတွေကို အမ်မီဒီယာက အစဉ်အဆက် တင်ပြလာခဲ့တာပါ။ ကမ္ဘာကျော် မီဒီယာကြီးတွေဖြစ်ကြတဲ့ နယူးယောက်တိုင်းမ်စ် ၊ ၀ါရှင်တန်တိုင်းမ်စ် ၊ ဝေါလ်စထရိဂျာနယ် နဲ့ အေပီစတဲ့ သတင်းဌာန တွေကလည်း အမ်မီဒီယာရဲ့ လုပ်ဆောင်ပုံ အတိုင်း ရခိုင်အစွန်းရောက်ကို ဝေဖန်ပြီး ပြဿနာကို ဒီအတိုင်း ထားထားတဲ့ မြန်မာအစိုးရကိုသာ ဖိအားပေးနေကြတာဖြစ်ပါတယ်။ ဒါကြောင့် အလဲဗင်းက အဲဒီကမ္ဘာကျော် မီဒီယာကြီးတွေကိုရော အစွန်းရောက် စာရင်းသွင်းထားလေ သလား သံသယ၀င်မိပါတယ်။

    အချုပ်ဆိုရရင်တော့ အလဲဗင်းရဲ့ အမ်မီဒီယာကို စွပ်စွဲချက်ဟာ အထောက်အထားမဲ့ဖြစ်ပါ တယ်။ နေထွန်းနိုင်ဆိုသူရဲ့ စာတမ်းရှည်ဟာ ကုလ အပုတ်ချရေး ၊ ရခိုင်အစွန်းရောက် ပရိုမုတ် လုပ်ရေးတွေကို အဓိက ဇောင်းပေးထားတာကြောင့် မြန်မာပြည်ကြီးလည်း အိုင်အက်စ်အို်င်အက်စ်ဆိုတဲ့ ကြောက်မက်ဖွယ် အစွန်းရောက်အစ္စလာမ်မစ်နိုင်ငံ အဖွဲ့လိုမျိုး ၀ိုင်းကြဉ်ခံရတဲ့ အထီးတည်းနိုင်ငံကြီး ဖြစ်လာမယ့် အရေး ရှိနေတာကြောင့် အများပြည်သူ အတွက် မသင့်တော်တဲ့ အထူးစိုးရိမ်စရာ အန္တရာယ်ရှိ စာတမ်းအဖြစ် ရှုတ်ချ ကန့်ကွက်အပ်ပါတယ်။

    ဆက်စပ် သတင်းဆောင်းပါးများ ဖတ်လိုလျှင်
    ================
    အမ်မီဒီယာ မှ တင်ဆက်ခဲ့သည့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး အင်တာဖိတ်သတင်းနှင့် ဆောင်းပါးများ အပုဒ် ၆၀ နီးပါးရှိသည်။
    http://www.m-mediagroup.com/news/tag/interfaith

    အလဲဗင်းမှ အမ်-မီဒီယာအား အစွန်းရောက်ဟု အခြေအမြစ်မဲ့တိုက်ခိုက်မှုအပေါ် အမ်-မီဒီယာ၏ တုန့်ပြန်ချက်
     http://www.m-mediagroup.com/news/15383

  • သင်တန်းသား ၃၀၀၀ ကျော်မွေးထုတ်ပြီးဖြစ်တဲ့ ကျူလီယာ မွတ်စလင်သာသနာ့ ရံပုံငွေအဖွဲ့ ၏ နဝမအကြိမ်မြောက် ပညာဒါန သင်တန်းဆင်းပွဲ

    သင်တန်းသား ၃၀၀၀ ကျော်မွေးထုတ်ပြီးဖြစ်တဲ့ ကျူလီယာ မွတ်စလင်သာသနာ့ ရံပုံငွေအဖွဲ့ ၏ နဝမအကြိမ်မြောက် ပညာဒါန သင်တန်းဆင်းပွဲ

    ဇန်နဝါရီ ၁၇၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ- မိုးစက်
    ကျူလီယာ မွတ်စလင်သာသနာ့ ရံပုံငွေအဖွဲ့ မှ လူမျိုး ဘာသာ မရွေး သင်ကြားနိုင်ရန် ဖွင့်လှစ်ထားသော ပညာဒါန သင်တန်းကျောင်းတွင် သင်တန်းသူ သင်တန်းသား ၃၀၀၀ နီးပါးကို မွေးထုတ်နိုင်ခဲ့ပြီဖြစ်

    DSC00052

    ရန်ကုန်။      ။ ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်တွင် ကျူလီယာ မွတ်စလင်သာသနာ့ ရံပုံငွေအဖွဲ့ မှ လူမျိုးဘာသာ မရွေးသင်ကြားနိုင်ရန် ဖွင့်လှစ်ထားသော ပညာဒါနသင်တန်းကျောင်းတွင် သင်တန်းသူ သင်တန်းသား ၃၀၀၀ နီးပါးကို မွေးထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း န၀မအကြိမ်မြောက် သင်တန်းဆင်းပွဲတွင် ကျူလီယာ မွတ်စလင်သာသနာ့ ရံပုံငွေအဖွဲ့ မှ စာရင်းစစ်မှူး ဦးလှရွှေကပြောဆိုခဲ့သည်။

    ယင်းမှ ဆက်လက်ပြီး “သင်တန်းကို အတတ်နိုင်ဆုံး ပြည့်စုံအောင် သင်ထောက်ကူ ပစ္စည်းတွေ စုံလင်အောင်လည်း ဖြည့်ဆည်း ပေးထားပါတယ်။ အလှူရှင်များရဲ့ ပံ့ပိုးကူညီမှုနဲ့ ပညာလိုလားတဲ့ လူငယ်တွေ အတွက် အခွင့်အလမ်းတွေ ရရှိအောင် အခုလိုသင်တန်းတွေကို ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်” ဟု သင်တန်းများ ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်ပြီး ဆက်လက်ပြောဆိုခဲ့သည်။

    ယင်းသင်တန်းကျောင်းတွင် ကွန်ပျူတာ သင်တန်း အခြေခံမှစတင်ကာ လုပ်ငန်းခွင် ဝင်နိုင်သည့် အတတ်ပညာများအထိ သင်ကြားပေးခြင်း၊ ထို့အပြင် စက်ချုပ်သင်တန်းအားလည်း အခြေခံမှစကာ ကိုယ်ပိုင်ဒီဇိုင်းမျာ တီထွင်ပြီး လုပ်ငန်း နယ်ပယ်တွင် ကျွမ်းကျင်သူများအဖြစ် ရပ်တည်နိုင်ရန်အတွက်မူ အဆင်မြင့် စက်ချုပ်ပညာများကိုပါ သင်ကြားပို့ချလျှက်ရှိသည်။ ၎င်းသင်တန်းများအပြင် အင်္ဂလိပ်စာ သင်တန်းများကိုလည်း စနစ်တကျ အခြေခံမှစကာ အဆင်မြင့်အတန်းများထိ ပို့ချလျှက်ကြောင်း သိရပါသည်။

    DSC00042

    “ကျွန်တော်အခုဒီသင်တန်းက ဆင်းပြီးတော့ လုပ်ငန်းခွင်ဝင်ဖို့ ကျွန်တော် ပညာတစ်ခုကို တတ်မြောက်နေပါပြီ။ ဒီမှာဆရာတွေကလည်း စိတ်ရှည်လက်ရှည်နဲ့ သင်ကြားပေးတယ်။ အခုလိုကျွန်တော်တို့ကိုပညာတွေ ဆည်းပူးခွင့်ပေးတဲ့ ဒီအဖွဲ့ကိုလည်း ကျေးဇူးတင်မိပါတယ်” ဟု နဝမအကြိမ်မြောက် သင်တန်းဆင်း ကွန်ပျူတာသင်တန်းမှ ကျောင်းသားတစ်ဦးက ပီတိစကားဆိုခဲ့သည်။

    ထိုသင်တန်းတွင် အင်္ဂလိပ်စာ သင်တန်းအား ပို့ချသင်ကြားလျှက်ရှိသော ဆရာဦးသန်းအောင်ကလည်း လူငယ်များအနေနှင့် ယနေ့ခေတ်တွင် ပညာရပ်တစ်ခုကို တတ်မြောက်မှ စိန်ခေါ်မှုရှိသည့် လူ့အဖွဲ့အစည်း အလယ်တွင် ရပ်တည်နိုင်မည်ဖြစ်ပြီး အခုလိုအထောက်အကူပြုတဲ့ သင်တန်းတွေကိုတက်ရောက်ပြီး လက်တွေ့နယ်ပယ်မှာ ကောင်းမွန်စွာ အသုံးချနိုင်ရင် အလွန်ကောင်းမွန်ကြောင်း ပြောပါသည်။

    ကျူလီယာမွတ်စလင်သာသနာ့ရန်ပုံငွေအဖွဲ့မှ ထိုသင်တန်းများအား သုံးလတစ်ကြိမ် ဖွင့်လှစ်လျှက်ရှိပြီး တစ်ကြိမ်တွင် သင်တန်းသူ သင်တန်းသားများ ၃၀၀ နီးပါးတက်ရောက်၍ ပညာများကိုဆည်းပူးလေ့ရှိကြောင်း သိရသည်။

  • အစ္စလာမ် ဘာသာဝင်များ အခြား ဘာသာဝင်များနှင့် ထိမ်းမြားခြင်း မပြုရန် ဧရာဝတီတိုင်းဒေသကြီး အိုလမာ အစ္စလာမ်အဖွဲ့ ဆုံးဖြတ်

    အစ္စလာမ် ဘာသာဝင်များ အခြား ဘာသာဝင်များနှင့် ထိမ်းမြားခြင်း မပြုရန် ဧရာဝတီတိုင်းဒေသကြီး အိုလမာ အစ္စလာမ်အဖွဲ့ ဆုံးဖြတ်

    ဇန်နဝါရီ ၁၆ ၊ ၂၀၁၅
    994439_1578761459002623_7827520176818433305_n
    ဧရာဝတီတိုင်း ဒေသကြီးတွင် အစ္စလာမ် ဘာသာဝင်များအား အခြား ဘာသာဝင်များနှင့် လက်ထပ် ထိမ်းမြားခြင်း မပြုရဟု ဆုံးဖြတ်ထားကြောင်း တိုင်းဒေသကြီး အိုလမာ အစ္စလာမ် အဖွဲ့မှာ ဥိးကိုလတ်က ပြောသည်။

    ” ဘာလို့ အဲဒီလို ဆုံးဖြတ်ရသလဲဆို မြောင်းမြမှာ အစ္စလာမ် ဘာသာဝင် ယောက်ျားလေး တစ်ယောက် မြန်မာမိန်းကလေးတစ်ယောက်နဲ့ ထိမ်းမြားလိုက်တယ်။ လယ်ကွင်းထဲမှာ သာမာန်သေသွားတာကိုပဲ အစ္စလာမ်ဘာသာဝင်က နေ ဗုဒ်ဓဘာသာကောင်မလေးကို ရိုက်သတ်တဲ့ ပုံစံဖြစ်သွားတာကို အကြောင်းခံပြီး ဒီလို ဆုံဖြတ်ထားတာပါ ” ဟု ၄င်းက ဆိုသည်။

    ဇန်နဝါရီ (၁၁) ရက် နေ့က ပြုလုပ်သော ပြည်သူ့ ဗဟိုပြု လုပ်ငန်းစဉ် အပတ်စဉ် ဆွေးနွေးပွဲအပြီးတွင် ဦးကိုလတ်က အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ ။ ဇန်နဝါရီ လ (၄) ရက် မှ (၇) ရက်နေ့ အထိ တွေ့ဆုံဆွေးနွေးခဲ့သည့် ဧရာဝတီတိုင်း တစ်တိုင်းလုံးရှိ ဗလီဆရာများ အိုလမာအစ္စလာမ် အဖွဲ့ချူပ်မှ တာဝန်ရှိသူများ သဘောတူ ဆုံးဖြတ်ချက်ဖြင့် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးကိုလတ်က ဆက်လက်ပြောသည်။

    ” အစ္စလာမ် တရားတော်က မိမိဘာသာဝင်ပဲ လက်ထပ်ရမယ်။ လက်ထပ်တဲ့နေရာမှာ နှစ်ဦးသဘောတူရမယ်။ နှစ်ဦးသဘောတူကြောင်း သက်သေရှိရမယ်။ ဒါဟာ အစ္စလာမ်တရားတော်ရဲ့ အခြေခံသဘောတရားပေါ့၊ သဘောတရားအရ အစ္စလာမ် ဘာသာဝင်တွေဟာ မိမိဘာသာဝင်ပဲ လက်ထပ်ကြတယ်ပေါ့။ ဘာသာရေး ကတော့ ဘာသာဝင်တိုင်း တားမြစ်ထားတဲ့ ဥပဒေတွေ စည်းကမ်းတွေကို လိုက်နာရမှာပေါ့။ ကျန်တဲ့ ကိစ္စတွေကတော့ တစ်ဦးချင်း ဆန္ဒတွေ့ပေါ့” ဟု မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးကောင်စီမှ ဦးကျော်ခင် က ပြောသည်။

    “အစ္စလာမ် ဘာသာဝင်များ အနေဖြင့် အခြားဘာသာဝင်များနှင့် လက်ထပ်ခွင့်မပြုခြင်းသည် အယူအဆမတူများကြောင့် ပြဿနာများ ပိုမိုမဖြစ်ပေါ်စေရန် ရည်ရွယ်သည်ဟု ပြည်ထောင်စုသား မြန်မာမွတ်စလင်များ ဗဟိုညီလာခံ ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ” အယူမတူမှုတွေမှာ ပြဿနာမဖြစ်ဘူး ဆိုရင်တော့ ယူခွင့်ပေးထားပါတယ်။ အယူတစ်ခုကြောင့်ပဲ အိမ်ထောင်ရေးထိခိုက်မှာ စိုးတယ်။ အမှန်တကယ် ကတော့ သူရဲ့မေတ္တာ နေထိုင်တဲ့နေရာနဲ့ အနေနီးစပ်မှုမှာ အိမ်ထောင်ကျ ကျတာပဲ။ အကယ်၍ မြန်မာနိုင်ငံမှာနေရင် နီးစပ်မှုကြောင့် အိမ်ထောင်ကျနိုင်တာပဲ။ အခြားနိုင်ငံကို သွားရင်လဲ ကျမှာပဲ။ အိမ်ထောင်ကျခြင်းဟူသည် လူသားချင်းအပေါ်တွင်ထားသော သံယောဇဉ် မေတ္တာတရားနဲ့ ဆိုင်တယ်။ ဘာသာတရားနဲ့ တော့ မဆိုင်ဘူး။ ” ဟု ပြည်ထောင်ထောင်သား မြန်မာမွတ်စလင်များ ဗဟိုညီလာခံ ကွန်ရက်မှ ကိုလွင်မင်းရှိန်က ပြောသည်။

    အစ္စလာမ်ဘာသာဝင်များ အနေဖြင့် အုပ်ထိန်းသူများက သဘောတူသည်ဆိုပါကလည်း လက်ခံမည်မဟုတ်သလို၊ ရှေးယခင်ကတည်းက ဗလီဆရာများကလည်း အခြားဘာသာဝင်များနှင့် လက်ထပ်ထိမ်းမြားရန် တိုက်တွန်းခဲ့ခြင်း မရှိကြောင်း ၊ အခြားဘာသာဝင်များနှင့် လက်ထပ် ထိမ်မြားမည်ဆိုပါက မိမိတို့ကိုယ်တိုင် သက်ဆိုင်ရာကို အကြောင်းကြားပြီ အရေးယူနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြိး အိုလမာ အစ္စလာမ်အဖွဲ့မှာ ဦးကိုလတ်က ပြောသည်။

    အစ္စလာမ်ဘာသာသည် အများထင်သလို မျိုးဆက်ပြန့်ပွားခြင်းဖြင့် လူမျိုးရေးကို အခြေမခံကြောင်း၊ တမန်တော်အလိုအရ မိမိမွေးဖွားနေထိုင်ရာ နိုင်ငံကို သစ္စာစောင့်သိရမည်ဖြစ်ကြောင်း၊ ဘာသာရေးအရ ယုံကြည်ရာ ကိုးကွယ်ခွင့်ရှိပြီး အကြမ်းဖက်မှုကို ရှုတ်ချကြောင်း မြန်မာမွတ်စလင်များ ဗဟို ညီလာခံကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    ၁၉၊ ၁ ၊၂၀၁၅ ရက်စွဲဖြင့်ထုတ်ဝေသည့် Messenger ဂျာနယ် Vol.5 No.34 စာမျက်နှာ ၇ မှ ဖော်ပြထားသည့် သတင်းအား ကောက်နှုတ်ဖော်ပြသည်။